နှစ်ဖက်စစ်သားများ၏ ရန်ပွဲအတွင်း ဖမ်းမိခဲ့သည့် အိန္ဒိယစစ်သား ၁၀ ဦးကို တရုတ် ပြန်လွှတ်

နှစ်ဖက်စစ်သားများ၏ ရန်ပွဲအတွင်း ဖမ်းမိခဲ့သည့် အိန္ဒိယစစ်သား ၁၀ ဦးကို တရုတ် ပြန်လွှတ်

ဇွန် ၁၉

အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့သည့် ဟိမဝန္တာနယ်စပ်က တရုတ်စစ်သားများနှင့် ခိုက်ရန်ဖြစ်ပွားမှုအတွင်း ဖမ်းဆီးခဲ့သည့် အိန္ဒိယစစ်သား ဆယ်ဦးကို တရုတ်နိုင်ငံက ပြန်လွှတ်ပေးလိုက်ကြောင်း မီဒီယာသတင်းများက သောကြာနေ့တွင် ဖော်ပြသည်။

ပြီးခဲ့သည့် တနင်္လာနေ့က သံရိုက်ထားသည့် တုတ်ချောင်းများ၊ ကျောက်တုံးကျောက်ခဲများဖြင့် စစ်သားအတော်အများများ ပါဝင်သော အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုနောက်ပိုင်း တင်းမာမှုများ လျှော့ချနိုင်ရေးအတွက် နှစ်နိုင်ငံကြား ဆွေးနွေးပြောဆိုကြပြီးနောက် ယခုကဲ့သို့ ပြန်လွှတ်ခြင်းဖြစ်သည်။

ကြာသပတေးနေ့ နှောင်းပိုင်း၌ အိန္ဒိယစစ်သား ဆယ်ဦးကို ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း Press Trust of India သတင်းဌာနနှင့် အခြားမီဒီယာများက ဖော်ပြသည်။

အိန္ဒိယအစိုးရက မည်သည့် ထင်မြင်ချက်မှ မပေးသော်လည်း စစ်တပ်က ထုတ်ပြန်ရာတွင် “လာဒက်ရှ်အရပ် ဂယ်ဝန်တောင်ကြား ဧရိယာတွင် အဆိုပါ ရန်ပွဲဖြစ်ပွားအပြီး ပျောက်ဆုံး အိန္ဒိယစစ်သား မရှိသည်က ရှင်းလင်းသေချာကြောင်း။” ဖော်ပြခဲ့သည်။

အိန္ဒိယစစ်တပ်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်ကြား ဗိုလ်မှူးချုပ်အဆင့် ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ပြန်လွှတ်ပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ သတင်းစာက ဆိုသည်။

၁၉၆၂ ခုနှစ်က စစ်ပွဲတစ်ကြိမ်ဖြစ်ဖူးသော အသည်းအသန် သူပိုင်ငါပိုင် ပြုနေသည့် ဟိမဝန္တာနယ်စပ်အရပ်တစ်လျှောက် နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးဝါးဖြစ်သည့် ယင်း ရန်ပွဲနှင့် ပတ်သက်ကာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် အပြန်အလှန် အပြစ်ဆိုလျက် ရှိသည်။

တရုတ်ကုန်စည်များကို သပိတ်မှောက်ရန် တောင်းဆိုမှုများအကြား ရန်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သား ၂၀ နာရေးချရာသို့ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည်။ တရုတ်အလံနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဓာတ်ပုံများကိုလည်း အနည်းဆုံး မြို့နှစ်မြို့တွင် မီးရှို့ဆန္ဒပြကြသည်။

ပြင်းပြင်းထန်ထန် ဒဏ်ရာရ၍ ကုသမှုပေးနေရဆဲ စစ်သား ၁၈ ဦး ရှိသည်ဟု အိန္ဒိယစစ်တပ်က ပြောသည်။

ထို ရန်ပွဲတွင် သေဆုံးထိခိုက်မှုများ ရှိကြောင်း တရုတ်ဖက်က ဝန်ခံသော်လည်း ဦးရေအရေအတွက်ကို ထုတ်ဖော်ပြောခြင်း မရှိပေ။

တင်းမာမှုများ လျှော့ချနိုင်ရေးအတွက် နှစ်ဖက်စလုံးက နိုင်ငံရေးနှင့် စစ်ရေး ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း အများသိ ထုတ်ပြန်ရာ၌ တစ်ဖက်နှင့် တစ်ဖက် သတိပေးချက်များ ထုတ်ပြန်နေခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly