နှစ် ၁၀၀ မြန်မာ့ရုပ်ရှင်အား နိုင်ငံရေးထောင့်မှ ဝင်စားကြည့်ခြင်း

By လင်္ကျာဝင်း
18 June 2020
နှစ် ၁၀၀ မြန်မာ့ရုပ်ရှင်အား နိုင်ငံရေးထောင့်မှ ဝင်စားကြည့်ခြင်း

ဇွန် ၁၈

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ဆိုရင် မြန်မာ့ရုပ်ရှင်ဟာ နှစ်တစ်ရာပြည့်ပါပြီ၊ စိတ်မကောင်းရတာက မြန်မာ့ရုပ်ရှင် ရာပြည့်ဟာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ နဲ့လာပြီး တိုက်ဆိုင်နေတာပါ။ ခုလိုလာပြီး တိုက်ဆိုင်နေတဲ့အတွက်မြန်မာ့ရုပ်ရှင် ရာပြည့်ဟာ အရောင်မှိန်ဖျော့ခဲ့ရပါတယ်။

ဒါပေမယ့် ရာပြည့်နှစ်ဝန်းကျင်မှာ ထွက်ရှိခဲ့ကြတဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အကြို ရာပြည့်ဂုဏ်ပြုစာအုပ်တွေကတော့ အားရစရာ ကောင်းပါတယ်။ အဲဒီအထဲက စာအုပ်အချို့ကို ဖတ်ဖြစ်ခဲ့ပါတယ်။စာအုပ်အသီးသီးဟာ သူ့ရှုထောင့်တွေကနေ မြန်မာ့ ရုပ်ရှင်ကို သုံးသပ်ပြကြပါတယ်။ ကျေနပ်နှစ်ခြိုက်စရာလည်း ကောင်းပါတယ်။

စာအုပ်တွေဖတ်ပြီးတဲ့အခါမှာတော့ စိတ်ကူးတစ်ခုပေါ်ပါတယ်။ မြန်မာ့ရုပ်ရှင်ရာပြည့်မှာ မြန်မာ့ရုပ်ရှင်ကိုနိုင်ငံရေး ရှုထောင့်ကနေ ချဉ်းကပ်ကြည့်ချင်တဲ့ စိတ်ကူးပါ။ ကိုယ်လက်လှမ်းမီသလောက်၊ကိုယ်ဉာဏ်စွမ်းရှိသလောက်ပေါ့။ အကျဉ်း သဘောမျှလောက်ပါ။ မြန်မာ့ရုပ်ရှင်နဲ့ နိုင်ငံရေးဟာ ခွဲလို့မရတဲ့အပြင်မြန်မာ့ရုပ်ရှင်အစဟာလည်း နိုင်ငံရေးနဲ့ပဲ ပတ်သက်နေ တယ်မဟုတ်ပါလား။

၁၉၁၉ ခုနှစ် မေလ ၁၈ ရက်နေ့မှာ YMBA အသင်းကြီးက အထူးအစည်းအဝေးတစ်ရပ် ကျင်းပပြီးအစည်းဝေးမှာ ကရက်ဒေါက် စီမံကိန်းကို တိုက်ဖျက်ပြီး ဗမာတွေလိုလားတဲ့ အုပ်ချုပ်ရေးတောင်းဆိုဖို့ အင်္ဂလန်ကိုလွှတ်ဖို့အတွက် ကိုယ်စားလှယ်တွေရွေးချယ်ခဲ့ပါတယ်။ အရွေးခံရတဲ့ ကိုယ်စားလှယ်တွေကတော့ YMBA ကဦးဘဘေ (သူရိယ)၊ ဦးပု (၁၈၈၁ - ၁၉၇၅) (ဝတ်လုံတော်ရ - ရွှေကျင်) ၊ ဦးထွန်းရှိန် (၁၈၉၀ - ၁၉၂၀)(ကျောင်းအုပ်ဆရာကြီး- မန္တလေး) တို့ဖြစ်ပါတယ်။

၁၉၁၉ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့မှာတော့ အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂလန်ကို သင်္ဘောနဲ့ ထွက်ခွါသွားခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးဖွဲ့ခဲ့တဲ့ “သပြေနုချိန် တင်ရန်ပန်းတွေကလည်းများဘိသနဲ့၊ ဖေပုရှိန် အင်္ဂလန်နန်းမြေသွား ဆိုတာ အဲဒီဆရာကြီးတွေပါပဲ။ ၁၉၂၀ ပြည့်နှစ်ဖေဖော်ဝါရီလ ၆ရက်နေ့မှာတော့ ဖေ၊ ပု၊ ရှိန်တို့ ဗမာပြည်ကို ပြန်လည်ရောက်ရှိ ခဲ့ပါတယ်။

ရောက်ရှိပြီး သိပ်မကြာခင် ဇွန်လထဲမှာပဲ ဆရာကြီးဦးထွန်းရှိန်ဟာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။လွတ်လပ်ရေးခရီး လမ်းခုလတ်မှာပဲ ကြွေခဲ့ရတာပေါ့။ ၁၉၂၀ ပြည့်နှစ် ဇွန်လ ၄ ရက်နေ့မှာ ဦးထွန်းရှိန် ဈာပနအခမ်းအနား ကျင်းပပါတယ်။ အဲဒီ အခန်းအနားကို လန်ဒန်အတ် ဦးအုန်းမောင်၊  ဦးမောင်မောင်နဲ့ ဦးညီပုတို့ကခက်ခက်ခဲခဲ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ကြပါတယ်။

အဲဒီနှစ် စက်တင်ဘာလမှာတော့ ရန်ကုန်မြို့ စီနီမာ ဒီပဲရစ်ရုံမှာ အမေရိကန်ရုပ်ရှင် (ဇာတ်လမ်းရှည်)ကားတစ်ကားနဲ့ ပူးတွဲပြီး ရုံတင်ပြသခဲ့ပါတယ်။ ပြည်သူလူထုကလည်း တစ်ခဲနက် အားပေးကြည့်ရှုခဲ့ကြပါတယ်။

ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင်တစ်ယောက်ရဲ့ ဈာပနဇာတ်လမ်းမို့လား။ ဒါကြောင့်မို့ မြန်မာ့ရုပ်ရှင်လောကရဲ့ အစဟာ နယ်ချဲ့ဆန့်ကျင်‌ရေး နိုင်ငံရေး လက္ခဏာ အပြည့်ပါတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ပထမဆုံး မြန်မာ ဇာတ်လမ်းရုပ်ရှင်ဖြစ်တဲ့ မေတ္တာနဲ့ သူရာ ဇာတ်ကားကိုတော့ ၁၉၂၀ ပြည့်နှစ်အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ ရွိုင်ရွယ် စီနီမာရုံမှာ ရုံတင်ပြသခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ရည်ရွယ်ချက်က သေရည်သေရက်နဲ့ လောင်းကစား မကောင်းမှုကို ဖော်ညွှန်းတာမို့ ပထမဆုံး မြန်မာ ဇာတ်လမ်းရုပ်ရှင်ဟာလည်း ပြည်သူလူထုကို ပညာပေးတယ်လို့ ဆိုရမယ်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ပြည်မြို့မှာ ကျင်းပတဲ့ GCBA ကွန်ဖရင့်ကြီးကလည်း မေတ္တာနဲ့ သူရာ ဇာတ်ကား ဒါရိုက်တာ လန်ဒန်အတ် ဦးအုန်းမောင်ကို ဂုဏ်ပြုရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီကာလတွေတုန်းက GCBAဆိုတာ ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ တပ်ဦးလို့ပြောရင် ရနိုင်မယ်ထင်ပါတယ်။

၁၉၂၀ မြန်မာ့ရုပ်ရှင်စတင်ပြီးတဲ့နောက် ရုပ်ရှင်ထုတ်လုပ်ရေး (ရုပ်ရှင်ကုမ္ပဏီ)လုပ်ငန်းကို မြန်မာတွေအများအပြားလုပ်ကိုင်ခဲ့ ကြပါတယ်။ ရုပ်ရှင်သုံး စက်မှုပစ္စည်းတွေကိုတော့ အင်္ဂလန်ကနေတစ်ဆင့် အိန္ဒိယကနေဝယ်ယူရပါသတဲ့။ ရုပ်ရှင်ရုံတွေကလည်း မြန်မာပိုင်မရှိဘူး၊ ကုလားပိုင်၊ တရုတ်ပိုင်တွေချည်းပဲ။ ဆိုလိုချင်တာကပေါ်ဦးစ မြန်မာ့ရုပ်ရှင်ကို နိုင်ငံခြားသားတွေ လွှမ်းမိုးချုပ်ကိုင်ထားတယ်ဆိုတာပါပဲ။ မြန်မာ့ရုပ်ရှင်ဟာအဲဒီလိုတွေကြားထဲက ပွင့်ဖူးလာခဲ့ရတာပါ။

နယ်ချဲ့ဆန့်ကျင်ရေး၊ လူထုကိုပညာပေးရေးနဲ့ စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ နောက်ပိုင်းမှာလည်း နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေး အရိပ်အငွေ့တွေ ယှက်သန်းနေခဲ့တာပါ။ဘယ်လောက်ပဲ ဒီမိုကရေစီအပြည့်ရှိတဲ့အစိုးရလို့ဆိုဆို သူ့ကိုတိုက်ရိုက်ထိပါး တိုက်ခိုက်လာမယ့် အနုပညာလက်ရာတွေကိုတော့ဘယ်လိုမှခွင့်ပြုစရာ အကြောင်းရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ နိုင်ငံရေးသိပ္ပံပညာရှင်အချို့က ပြည့်ဝသောအနုပညာလွတ်လပ်ခွင့်ဆိုတာမရှိလို့ ဆိုကြတာဖြစ်မှာပါ။( ဖန်တီးမှုအပိုင်းမှာ လွတ်လပ်ပြီး အများကို တင်ပြတဲ့အပိုင်းမှာ မလွတ်လပ်တာကို အဓိကဆိုလိုတာပါ။

ကိုယ်ရေးချင်တာရေး၊ ကိုယ်ရိုက်ချင်တာရိုက်ပြီး ကိုယ့်ဟာကိုယ်သိမ်းထားလို့တော့ ရနိုင်ပါတယ်။)မြန်မာ့ရုပ်ရှင် ဆင်ဆာစနစ်ကတော့ အကျီစားသန်တယ်လို့ ဆိုရမယ်။ မြန်မာ့ရုပ်ရှင် မပေါ်ခင် ၁၉၁၈နှစ်ကတည်းက ဆင်ဆာစနစ်က ရှိနှင့်နေတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဗမာပြည်ဟာ အိန္ဒိယလက်အောက်ခံ ပြည်နယ်တစ်ခုဖြစ်လေတော့ အိန္ဒိယ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေတွေကို လိုက်နာခဲ့ရတဲ့ သဘောဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင် ဆင်ဆာရဲ့ အစကို အကယ်ဒမီဆွေဇင်ထိုက် Park Bo Yong (Flim Grific, Korea) ကမ္ဘာတစ်ခွင်ရုပ်ရှင်ဆင်ဆာ အသွင်အပြင်မှသည် မြန်မာ့ရုပ်ရှင်လောကသို့ ဆိုတဲ့ဆောင်းပါး (၁၆-၁၁-၁၉)နေ့ထုတ်ကြေးမုံသတင်းစာမှာ ခုလိုဖော်ပြထားပါတယ်။

“မြန်မာ့ရုပ်ရှင်လောကသည် ၁၉၂၀ ပြည့်နှစ်မှ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သော်လည်း Cinematograph Actဟုခေါ်သော ရုပ်ရှင်ဥပဒေသည် ၁၉၁၈ ခုနှစ်ကတည်းက ပြဋ္ဌာန်း ခဲ့ကြောင်းစိစစ်တွေ့ရှိရသည်။”ဆင်ဆာဆိုတာ ယေဘုယျအားဖြင့် အပိုင်းနှစ်ပိုင်းတော့ ရှိတာပေါ့။ တစ်ပိုင်းက တကယ့်ကို အများပြည်သူ ကြည့်ရှုဖို့ မသင့်တော်တဲ့ သွေးသံရဲရဲ ရက်စက်တဲ့ ပြကွက်တွေ၊ လိင်လှုံ့ဆော်မှုအသားပေး ပြကွက်တွေနဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း လှုံ့ဆော်တဲ့ ပြကွက်မျိုးတွေကို ဆင်ဆာလုပ်တာပါ။ နောက်တစ်ပိုင်းက မင်းအစိုးရများရဲ့ အာဏာထိုင်ခုံကို ဆွဲကိုင်လှုပ်ရမ်းတဲ့ ပြကွက်တွေကို ဖြတ်တောက်ပစ်တာပါ။ မူတွေတော့ ရှိတာပေါလေ။

ဒီမိုကရေစီများများရှိတဲ့ အစိုးရက မူဝါဒအပိုင်းကို အဖြစ်နိုင်ဆုံး ကိုင်တွယ်ဖြတ်တောက်ပြီး ဒီမိုကရေစီမရှိတဲ့အစိုးရကတော့ ထင်ရာစိုင်းဆင်ဆာလုပ်ကြတာပါပဲ။ပထမဆုံး မြန်မာနိုင်ငံရုပ်ရှင် ဆင်ဆာအဖွဲ့ အကြောင်းကိုတော့ အလင်းဆက် (IR) ရေးသားပြုစုတဲ့ကိုလိုနီခေတ် မြန်မာ့ရုပ်ရှင်သူရဲကောင်း ပဲရော့ဦးဆန်နီ (၁၈၉၈- ၁၉၅၆) စာအုပ် (ဖေဖော်ဝါရီ ၂၀၁၉ - ပကြိမ်ဂျာနယ်လစ်စာပေ) မှာခုလိုတင်ပြထားပါတယ်။

“၁၉၂၂ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် ဇာတ်ကားများ တွင်ကျယ်များပြားစွာ ရိုက်ကူးထုတ်လုပ်လာသောကြောင့် မြန်မာဇာတ်ကားများကို စစ်ဆေးခွင့် ပြုရန်အတွက် ရန်ကုန်ပုလိပ်မင်းကြီးအား ဥက္ကဋ္ဌ အဖြစ်ထားရှိသောအခြားအဖွဲ့ဝင် ၁၀ ဦးပါဝင်သော မြန်မာ့ရုပ်ရှင်စစ်ဆေးရေး ဆင်ဆာအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ သို့သော် အဆိုပါ မြန်မာ့ရုပ်ရှင်စစ်ဆေးရေး ဆင်ဆာအဖွဲ့တွင် မြန်မာအမျိုးသား တစ်ဦးတလေ မပါရှိဘဲ စစ်ဘက်နယ်ဘက်မှ မျက်နှာဖြူ အရာရှိများသာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဘားမားဖလင်မှ ရိုက်ကူးပြသသော ကျေးတောသူမာန ဇာတ်ကားဆင်ဆာလက်မှတ်မှာ အဆိုပါမြန်မာနိုင်ငံသား (၁၀) ဦးဆင်ဆာအဖွဲ့မှ ပထမဆုံးထုတ်ပေးသော ဆင်ဆာ လက်မှတ်ပင်ဖြစ်သည်။ ’’

၁၉၇၂ ခုနှစ်မှာ ပေါ်ဦးစ မြန်မာ့ရုပ်ရှင်ဟာ ယိုးစွပ်ခံရပါသေးတယ်။ အဲဒီအချိန် အိန္ဒိယနဲ့ ဗမာပြည်မှာရာဇဝတ်မှုတွေ အလွန်ထူပြောလာတာဟာ ရုပ်ရှင်ကြောင့်လို့ အာဏာပိုင်တွေက ယူဆတဲ့ အတွက်ရုပ်ရှင်စစ်ဆေးရေး ကော်မရှင်ဆိုတာကို ဖွဲ့စည်းခဲ့ကြပါတယ်။ ကာတွန်းဆရာကြီး ဦးဗကလေး(ခေါ်) ရွှေစာပေက ရုပ်ရှင်ကြောင့်မဟုတ်ကြောင်း အဲ့ဒီကော်မရှင်ကို တင်ပြခဲ့သလို မြန်မာစာနယ်ဇင်းများကလည်း ဝေဖန်ကန့်ကွက် ရေးသားကြတယ်လို့ ပဲရော့ဦးဆန်နီစာအုပ်မှာပဲ ဖတ်ရှုရပါတယ်။ တကယ်က ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ် အကြိုကာလဖြစ်တဲ့ အားလျော်စွာ ဆင်းရဲကျပ်တည်းမှု ကြီးမားလွန်းတာကြောင့် ရာဇဝတ်မှုတွေ ထူပြောလာတာ ဖြစ်နိုင်ခြေပိုများပါတယ်။

ဆင်ဆာအဖွဲ့ဆီမရောက်မီ ရိုက်ကူးရေးကာလမှာ တားမြစ်ကန့်သတ်မှုတွေကြုံရတဲ့ မြန်မာ့ရုပ်ရှင်ကားကတော့၁၉၂၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဒဂုဏ်ပ ဆိုတဲ့ ဇာတ်ကားပါ။ ဒါရိုက်တာ ဆရာဦးဘတင်ဖြစ်ပါတယ်။ဇာတ်ကားကြော်ငြာကို အူဒီခေတ်သတင်းစာတွေမှာ အခုလိုဖော်ပြခဲ့တာကို ပဲရော့ဦးဆန်နီ စာအုပ်မှကောက်နုတ်တင်ပြလိုက်ပါတယ်။

အောက်သူအောက်သားများအား သက်ဦးဆံပိုင်မြန်မာဘုရင်မင်းမြတ်များက ရွှေနန်းတော်ကြီးကို ရှုမြင်ကြရစေခြင်းငှာ မြန်မာညွန့်ပေါင်းရုပ်ရှင်ကုမ္ပဏီက လူပေါင်း ၂၀ ကျော်နှင့် မန္တလေးရတနာပုံရွှေမြို့တော်ကြီးသို့ တက်သွားကြလေပြီး ဤရွှေနန်းတော်ကြီးအစစ်ကို သုဓမ္မစာရီမှ ထုတ်နုတ်သော ဒဂုဏ်ပ ဇာတ်ကားတွင် မြင်ကြရပါတော့မည်။

 ဗမာတစ်မျိုးသားလုံးရဲ့ အမှတ်လက္ခဏာ ရတနာပုံနေပြည်တော်ကြီးကို ရုပ်ရှင်ရိုက်ပြရာမှာ ဗမာတွေဇာတိသွေး၊ ဇာတိမာန်ပြန်လည်တက်ကြွလာဖို့ကိုလည်း ဆရာဦးဘတင်ရည်ရွယ်တယ်။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဆိုတာကိုလည်း မီးမောင်းထိုးပြချင်ပုံရတယ်။ ဒါကို အင်္ဂလိပ်နယ်ချဲ့က လက်မခံနိုင်ဘူး။

ရုပ်ရှင်ရိုက်နေတုန်းမှာပဲ အင်္ဂလိပ်ပုလိပ်အရာရှိတစ်ဦး ရောက်လာပြီး ကားရိုက်ကူးတာကို တားမြစ်ခဲ့တယ်။ နောက်ထပ် ၁၀ ရက်လောက်အကြာမှာ အရေးပိုင်နဲ့တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့ပုံကို ပဲရော့ဦးဆန်နီစာအုပ်မှာပဲ ခုလိုရေးသားထားပါတယ်။

ကိုဘတင်နှင့် ပုလိပ်အရေးပိုင်တို့ အင်္ဂလိပ်ဘာသာ စကားဖြင့်အပြန်အလှန်ဆွေးနွေးကြပြီးနောက် ကိုဘတင်က သုဓမ္မစာရီ ဖြတ်ထုံးမှ ရုပ်ရှင်ကား၏ ဇာတ်လမ်းအကျဉ်းချုပ်ကို ရေးသား၍ ဗြိတိသျှပုလိပ် အရေးပိုင်ထံတင်ပြရသည်။ အရေးပိုင်က ဇာတ်လမ်းအကျဉ်းချုပ်ကို ဖတ်ကြားပြီးနောက် ကိုဘတင်အား ဒဂုဏ်ပ ရုပ်ရှင်ကားကို ပြသ သဖြင့် နိုင်ငံရေးဆူပူ သောင်းကျန်းမှုဖြစ်ပေါ်လာပါက တာဝန်ယူပါသည်ဟု ခံဝန်ချက်လက်မှတ်ရေးထိုးစေပြီး ရုပ်ရှင်ကားကို ဆက်လက်ရိုက်ကူးခွင့် ပြုခဲ့သည်။

တစ်ခေတ်တခါက စစ်အာဏာရှင်များ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အကြားချင် မမြင်ချင်ကြသလို နယ်ချဲ့အင်္ဂလိပ် များကလည်း မြန်မာ့နန်းတော်ကို မမြင်လို၊ မတွေ့လိုကြတဲ့သဘော ဖြစ်မယ်ထင်ပါတယ်။ ဒါတောင် အင်္ဂလိပ်နယ်ချဲ့ကို တိုက်ရိုက်ဆန့်ကျင်တာ ဘာမျှပါသေးတာ မဟုတ်ပါ။

(ဆက်လက်ဖော်ပြပါမည်) 

( စာရေးသူ လင်္ကျာဝင်းသည် နေ့စဉ်သတင်းစာများ ၊ ဂျာနယ်များ ၊ မဂ္ဂဇင်းများတွင် ကဗျာများ ၊နိုင်ငံရေးဆိုင်ရာဆောင်းပါးများစွာအား ရေးသားလျက်ရှိသူဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly