ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်မှုအဆို မဲအပြတ်အသတ်ဖြင့်ရှုံးနိမ့်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်မှုအဆို မဲအပြတ်အသတ်ဖြင့်ရှုံးနိမ့်
Photo - Phyo Min Thein

ဇွန် ၁၈

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် ကိုကိုးကျွန်းမဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်  ဦးတင်ဝင်းအပါအဝင် ကိုယ်စားလှယ် ၃၂ ဦးက  စွပ်စွဲပြစ်တင်ထားမှုဟာ မှန်ကန်မှုမရှိဘူးလို့ ရန်ကုန်တိုင်းလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဇွန်လ ၁၈ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး (၃/၂၀၂၀)မှာ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းအပါအဝင် ကိုယ်စားလှယ် ၃၂ဦးရဲ့ စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့စစ်ဆေးခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အဲဒီစစ်ဆေးတွေ့ရှိချက်တွေကို ဖတ်ကြားခဲ့ပါတယ်။

အဲဒီလို စစ်ဆေးတွေ့ရှိချက်ကိုဖတ်ကြားခဲ့ပြီးနောက် လွှတ်တော်မှာအဆုံးအဖြတ်ရယူဖို့အတွက်  မဲခွဲဆုံးဖြတ် ခဲ့ရာမှာ  မဲပေးခွင့်ရှိသူပေါင်း ၁၁၇ဦး၊ထောက်ခံမဲ ၂၅ မဲ၊  ကန့်ကွက်မဲ ၇၇ မဲနဲ့ ကန့်ကွက်သူ အရေအတွက်များတဲ့ အတွက် စွပ်စွဲပြစ်တင်မှု အဆိုဟာ  ရှုံးနိမ့်သွားခြင်းဖြစ်ပါတယ်။

အဆိုကိုမဲခွဲဆုံးဖြတ်တဲ့နေရာမှာ အဆိုဟာရှုံးနိမ့်ခဲ့တဲ့အတွက်စွပ်စွဲပြစ်တင်မှုဟာ  မှန်ကန်မှုမရှိဘူးလို့  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းက လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် ပြောကြားခဲ့ပါတယ်။

ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းအပါအဝင် ကိုယ်စားလှယ် ၃၂ဦးရဲ့ စွပ်စွဲပြစ်တင်မှုှုမှာတော့ ကျောင်းကားကိစ္စ၊ ရန်ကုန်မြို့သစ်စီမံကိန်းဆောင်ရွက်မှု၊ COVID-19 ကာလအတွင်း လှိုင်သာယာမြို့မှာ အခြေခံစားသောက်ကုန်ဝေငှမှုမှာ လူစုလူဝေဖြစ်စေမှု၊ ဗိုလ်တထောင် ဘုရားမှာ ရှင်ဥပဂုဋ္ဌမထေရ်မြတ် ဖောင်တော်မျှော်ခြင်းကိစ္စစတဲ့ အကြောင်းအရာတွေကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အဖွဲ့ဝင်တွေအဖြစ် မင်္ဂလာတောင်ညွှန့်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)က ဦးရန်အောင်နဲ့ စမ်းချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)က  ဦးသော်တာအောင်၊ အင်းစိန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)က ဦးဝေဖြိုးဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ် (ရန်ကုန်တိုင်းလွှတ်တော်ရုံး)တို့က စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly