စစ်မက်တွေအကြား ကျန်းမာရေးကပ်ဆိုးများ

စစ်မက်တွေအကြား ကျန်းမာရေးကပ်ဆိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thiha Phyo Myint

ကမ္ဘာပေါ်မှာ စစ်ပွဲပေါင်းမြောက်မြားစွာ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ့အသက် အိုးအိမ် စည်းစိမ်တွေ ထိခိုက်ရပေါင်းလည်း များခဲ့ပါပြီ။ ယနေ့ထိတိုင်လည်း စစ်ပွဲ ကြီးကြီးမားမားမှ အစပြုကာ သေးငယ်တဲ့စစ်ပွဲတွေအပါအဝင် စစ်မက်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားလျက် ရှိပါတယ်။ စစ်မက်ပဋိပက္ခတစ်ခုရဲ့ နောက်ကွယ်ကို ကန့်လန့်ကာ လှပ်ကြည့်မယ်ဆိုရင် အောက်ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။

()      ရုပ်ပိုင်းဆိုင်ရာ

စစ်မက်တစ်ခုရဲ့အလယ်မှာ ရောက်ရှိနေမယ့် လူတစ်ယောက်ရဲ့ အရေးပေါ်အခြေအနေကို မြင်ယောင်ကြည့်ပါ။ ထိခိုက်ဒဏ်ရာတွေကို ဦးစွာပထမ ခံစား ရနိုင်ပါတယ်။ လက်နက်အသွယ်သွယ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဦးခေါင်းနဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများ ထိခိုက်ခံစားရနိုင်ပါတယ်။

  • ဦးခေါင်းကိုထိမှန်ပါက အသက် အန္တရာယ်ကြီးစွာ ခံစားရခြင်း၊
  • မျက်လုံးကို ထိမှန်ပါက အမြင်အာရုံထာဝရ ကွယ်ပျောက် သွားရနိုင်ခြင်းစတဲ့ အခြေအနေတွေ ခံစားရနိုင်ပါတယ်။
  • ခြေလက်အင်္ဂါတွေကို ထိခိုက် မိပါကလည်း တစ်သက်လုံး လူလုံးမလှ နိုင်တော့ဘဲ ဒုက္ခိတဘဝနဲ့ နေထိုင်သွားရနိုင်ပါတယ်။

မိုင်းအန္တရာယ်ဟာလည်း စစ်မက်ပဋိပက္ခတစ်ခုအတွင်းမှာ လူသားတေွကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်း များစွာထဲက တစ်ခုဖြစ်ပါတယ်။ စစ်ပွဲတစ်ခု အတွင်းမှာသော်လည်းကောင်း၊ စစ်ပြီးသွားလို့ ဒုက္ခသည်တွေ ဖြစ်လာရင်သော်လည်းကောင်း စားဝတ်နေရေး အကျပ်အတည်း တွေကို ဆက်လက်ခံစားရမှာပါ။

ပထမဦးစွာ ကြုံတွေ့နိုင်တာကတော့ စားဝတ်နေရေး မပြေလည်မှုကြောင့် အာဟာရပြတ်လပ်ခြင်း၊ လုံလောက်စွာ မရရှိနိုင်တော့ခြင်းတွေ ခံစားရမှာပါ။

နောက်တစ်ခုကတော့ အပူပိုင်းဒေသနိုင်ငံတွေမှာဆိုရင် ဒုက္ခသည်စခန်းတွေ ရှိတဲ့နေရာမှာ ပတ်ဝန်းကျင် အပူချိန် များလှပါတယ်။ ဒါကြောင့် အပူကြောင့်ဖြစ်တဲ့ အပူငုပ်ခြင်း၊ အပူရှပ်ခြင်းစတဲ့ ကျန်းမာရေး အရေးပေါ်အခြေအနေတွေ ခံစားလာရနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို သွားကြည့်ရအောင်။

(၂) စိတ်ပိုင်းဆိုင်ရာ      စစ်မက်တစ်ခုရဲ့ အပြီးသတ်မှာ လူသားတွေဟာ

  • စိတ်ဂနာမငြိမ်ခြင်း၊
  • စိတ်ကျရောဂါ ခံစားရခြင်း၊
  • စိတ်တိုလွယ်ခြင်း၊
  • အိပ်မပျော်နိုင်ခြင်း၊
  • တုန်ရီကြောက်လန့်နေခြင်း၊
  • မူးဝေခြင်း၊
  • ယခင်ကြုံတွေ့ခဲ့ရတဲ့ သွေးပျက်ဖွယ်ရာ အဖြစ်အပျက်များကို တစိမ့်စိမ့်ပြန်လည် မြင်ယောင်လာခြင်းနဲ့
  • မိသားစုဝင်တစ်ဦးဦး ဆုံးရှံးလိုက်ရပါက လွမ်းဆွတ်တမ်းတနေခြင်း၊
  • အခြေအနေဆိုးပါက စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊
  • စိတ်ပေါ့သွပ်ခြင်း နဲ့
  • နောက်ဆုံးမှာတော့ မိမိ ကိုယ်ကိုသက်သေတဲ့အထိ ဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်မှာလည်း ဝေဒနာခံစားရမှု အသေးစားလေးတွေ ဖြစ်လာတတ်ပါတယ်။ ဟိုနေရာနာသလို ၊ ဒီနေရာနာသလိုနဲ့ တိကျမှုမရှိတဲ့ ‘Psychosomatic symptoms’ တွေပါ။ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ ခါးနာခြင်း၊ အန်လိုစိတ်ဖြစ်ပေါ်ခြင်း၊ ကြွက်သားနာခြင်း၊ ဝမ်းဗိုက်နာခြင်းတွေကို မထင်မရှား ခံစားလာရတတ်ကြပါတယ်။

(၃)  လူမှုရေးပိုင်းဆိုင်ရာ။          

  • တစ်ဦးတည်းသာ သီးသန့်နေထိုင်ခြင်း၊
  • အခြားသူများနှင့် အဆက်အဆံ မရှိတော့ခြင်း၊
  • ပြဿနာ တစုံတရာ ပေါ်ပေါက်လာပါက ရှောင်ပြေးခြင်းစတဲ့ လူမှုပတ်ဝန်းကျင်နဲ့ ဖယ်ခွာချင်တဲ့ အပြုအမူတွေ ရှိလာနိုင်ပါတယ်။

ပညာရေးဖက်ကို ကြည့်လိုက်ရင်လည်း ပညာရေးဟာ ဆုံးခန်းမတိုင်နိုင်တော့ပါဘူး။ စစ်ပွဲတွေအကြား ပညာပြည့်ဝဖို့ မလွယ်နိုင်တော့သလို စစ်ပွဲတွေအဆုံးမှာလည်း စစ်ဘေးရှောင်တစ်ယောက်အနေနဲ့ ပညာရှာဖို့ ဝေးလှပါတယ်။

နောက်တစ်ခုကတော့ ကျန်းမာရေးအသိပညာတွေနဲ့ အတော်လေး ဝေးကွာသွားခြင်းပါပဲ။ မှားယွင်းတဲ့ အယူအဆတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေး ပြဿနာတွေ ထပ်ကာဆင့်လျက် ခံစားရရှာပါတော့တယ်။

ပြည်သူလူထုကို မှန်ကန်တဲ့ ကျန်းမာရေးအသိပညာပေးဖို့ ဆိုရင်တော့ ကျွန်မတို့လို ကျန်းမာရေးဝန်ထမ်းတွေမှာ တာဝန် အပြည့်အဝ ရှိပါတယ်။

(၄) လိင်ပိုင်းဆိုင်ရာ။     

စစ်မက်တစ်ခုဖြစ်ပွားမှုအပြီးမှာ အမျိုးသားတွေအနေနဲ့ ဘာတွေ ဖြစ်လာနိုင်သလဲ။

မူးယစ်ဆေးဝါးသုံးစွဲခြင်းတွေ၊ အရက်အလွန်အကျွံ သောက်သုံးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ စိတ်ထိခိုက် ကြေကွဲခဲ့ရခြင်းကြောင့် ဖြစ်နိုင်သလို၊ စစ်မက် ဖြစ်ပွားနေတဲ့နေရာတွေမှာ တရားဥပဒေစိုးမိုးမှု မရှိတော့တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။

မပြေလည်နိုင်တဲ့ စီးပွားရေးအခြေအနေကြောင့် ခိုးမှု၊ ဝှက်မှုတွေလည်း ဖြစ်လာနိုင် ပါသေးတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် HIV/AIDS လို ကူးစက်ရောဂါများ ဖြစ်ပေါ် လာနိုင်ပါတယ်။

အရက်ကြောင့် အသည်းဆဲလ်များ ပျက်စီးခြင်းနဲ့ အသည်းကင်ဆာတွေကို ထပ်ဆင့်ခံစားရမှာပါ။

အမျိုးသမီးတွေဟာ ထိလွယ်ရှလွယ်သူတွေမို့ ဒီလိုအခြေအနေမှာ ပိုမိုထိခိုက်ခံစားရနိုင်ချေ ရှိပါတယ်။

လိင်အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်ဖို့ အခွင့်အလမ်း များစေပါတယ်။ အရွယ်မတိုင်ခင် လိင်အကြမ်းဖက်ခံရနိုင်တာမို့ လမစေ့ဘဲ ကလေးမွေးဖွားခြင်း ကဲ့သို့သော သက်ငယ်ကိုယ်ဝန်ရဲ့ နောက်ဆက်တွဲတွေ ခံစားရမှာပါ။ အိမ်တွင်း အကြမ်းဖက်မှုတွေလည်း ရှိလာနိုင်တာမို့ အမျိုးသမီးလေးတွေဟာ ထိခိုက်ဒဏ်ရာရခြင်း အန္တရာယ်တွေ ရှိလာကြပါသေးတယ်။

စစ်ပွဲတွေရဲ့ ကျန်းမာရေးကဏ္ဍအပေါ် သက်ရောက်မှုတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ဝေးသွားရခြင်းဟာ အကြီးမားဆုံးပြဿနာပါပဲ။ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ နေသူတွေဟာ အလွယ်တကူ သွားရောက်ဆေးကုသမှုခံယူလို့ မရနိုင်တော့ပါဘူး။ အသက်မမှီဘဲ သေဆုံးရတဲ့ လူနာတွေလည်း ထောင်သောင်းမက ရှိနေပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လည်း ထိုနည်းလည်းကောင်းပါပဲ၊ မီးမဖွားနိုင်ဘဲ အရေးပေါ် ခွဲမွေးဖို့လိုအပ်နေပေမဲ့ ဆေးကုသမှု သွားရောက်ခံယူဖို့ ခက်ခဲတာကြောင့် မိခင်ရောကလေးပါ အသက်ဆုံးရှုံးခဲ့ကြရတဲ့ အနေအထားတွေ အများကြီးပါ။

နောက်ဆုံးတစ်ခုကတော့ ဒုက္ခသည်စခန်းတွေဟာ လူနေထူထပ်ပြီး သန့်ရှင်းမှု မရှိတတ်ကြပါဘူး။

လူနေထူထပ်မှုရဲ့ နောက်ကွယ်မှာ တီဘီရောဂါ၊ ကိုရိုနာ ဗိုင်းရပ်စ်အစရှိတဲ့ ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြီးတွေက စောင့်ဆိုင်းလျက်ရှိကြပါတယ်။

ဒါ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အတွက် ဝမ်းပျက် ဝမ်းလျှောရောဂါကဲ့သို့သော ရေကြောင့်ဖြစ်ပွားရတဲ့ ရောဂါတွေ ပေါ်ပေါက်လာတတ်ပါတယ်။

ရေသိုလှောင်မှု နည်းစနစ် မမှန်ခြင်းနဲ့ ရေဆိုးရေညစ်တွေ ရှိနေခြင်းတို့ကြောင့် ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါလိုမျိုး ရောဂါတွေ ဖြစ်ပွားနိုင်ပါသေးတယ်။ ကပ်ရောဂါအသွင်အထိ ဖြစ်နိုင်ပါတယ်။

လက်သန့်ရှင်းမှုမရှိတာကြောင့် သံကောင်၊ တုတ်ကောင်ရောဂါတွေ ဖြစ်ပွားနိုင်ပါသေးတယ်။

ဗီတာမင်ချို့တဲ့မှုရောဂါတွေကတော့ အနှံ့အပြားပါပဲ။

ကာကွယ်ဆေးတွေနဲ့လည်း အလှမ်းဝေးနေဦးမှာပါ။

 စစ်မက်ပဋိပက္ခကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ မလိုလားကြပါဘူး။ သို့ပေမယ့်လည်း စစ်ပွဲတွေ ရှိနေသရွေ့တော့ လူသားတွေဟာ ရောဂါဆိုးကြီးတွေရဲ့ သားကောင်ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေရဲ့ကြားက ဓားစာခံပြည်သူလူထုတွေရဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းကုသပေးဖို့နဲ့ ကျန်းမာရေး ဗဟုသုတပေးဖို့ကတော့ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ တာဝန်ဖြစ်ကြောင်း အသိပေးရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly