ပန်ဒါလေးတွေ စားစားနေတဲ့ ဝါးရွက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ပန်ဒါလေးတွေ စားစားနေတဲ့ ဝါးရွက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon

ဝါးရွက်လေးတွေကို ပြာရည်ထုပ်။ ကောက်ညှင်းထုပ်လေးတွေ ထုပ်ဖို့ပဲ သုံးလို့ရတယ်လို့ ထင်နေတာလား။ ဝါးရွက်က ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးသေးတယ်။ ဘယ်လိုများ အထောက်အကူပြုလို့လဲ သိချင်ရင်တော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။

ဝါးရွက်ဆိုတာ အာဟာရပါရဲ့လား………..

ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါကြောင့် ပန်ဒါလေးတွေ ဝါးပင်ဝါးရွက်တွေကို စားပြီး အသက်ရှင်နေတာပေါ့။ ဝါးပင်က နုစဉ်မှာ မျှစ်အဖြစ် စားသုံးလို့ရသလို ရင့်လာတဲ့အခါ အိမ်ထောင်ပရိဘောဂတွေအဖြစ် အသုံးပြုလို့ ရပါတယ်။ ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်၊ အမျှင်ဓာတ် အပြင် silica လည် ပါဝင်ပါတယ်။ silica က အရိုးတွေကို သန်မာစေတာ၊ လက်သည်းခြေသည်းတွေကို ကျန်းမာစေတာ၊ ဆံသားတွေကို ကျန်းမာစေတာ စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးပါတယ်။

ဝါးရွက်ကပေးတဲ့ ကျန်းမာရေး

စိမ်းစိမ်းစိုစို ဝါးရွက်လေးက

အရေပြားကို ကျန်းမာစေတယ်

ဝါးရွက်က အသားအရေကို တော်တော်လေး အထောက်အကူပြုပေးတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးပါ။ အသားအရေကို ကြည်လင်စေပြီး ဝက်ခြံ ကင်းစေပါတယ်။ ဝါးရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

အလှကုန်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ဝါးရွက်လေးကို အာားကိုးလို့ရပါတယ်။ အသားအရေအတွက် ဝါးရွက်ကို အသုံးပြုချင်တယ်ဆိုရင် ရေစင်အောင် ဆေးထားတဲ့ ဝါးရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ကို ပျားရည် နည်းနည်းနဲ့ရောပြီး အရေပြားပေါ်မှာ လိမ်းပေးရုံပါ။

သွေးတိုး ကျစေနိုင်တယ်

ဝါးရွက်က နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သလို သွေးတိုးလည်း ကျစေပါတယ်။ ဝါးရွက်မှာ နှလုံးကျန်းမာစေဖို့ အထောက်အကူပြုနိုင်တဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဝါးရွက်မှာပါတဲ့ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး သွေးကြောတွေထဲမှာ အဆီတွေ ပိတ်ဆို့နေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေက သွေးတွင်း ကိုလက်စထရောကို ကျစေလို့ သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။

နှလုံးသွေးကြောကျဉ်းတာနဲ့ သွေးကြောပိတ်ဆို့တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဆံသား နဲ့ ခြေသည်းလက်သည်းတွေ ကျန်းမာစေတယ်

ဝါးရွက်မှာ ဆံသားနဲ့ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တဲ့ silica ပါဝင်မှု မြင့်တာကြောင့် ဆံပင်ကျွတ်တာ၊ ခြေသည်းလက်သည်း ထိခိုက်လွယ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်တစ်ချက်က ဝါးရွက်မှာ silica အပြင် ဆံသားကို အကောင်းဆုံး အားဖြည့်ပေးတဲ့ ဗီတာမင် E  ပါဝင်နေတာပါ။

ဓာတ်တိုးပစ္စည်းတွေ ဖယ်ရှားပေးတယ်

နေ့စဉ် ပတ်ဝန်းကျင်မှာ ဓာတ်တိုးပစ္စည်းတွေ အများကြီးရှိနေနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေက များလာတဲ့အခါ ကင်ဆာ အပါအဝင် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။ အစားအစာတွေကနေတဆင့်လည်း ဓာတ်တိုးပစ္စည်းတွေက ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားနိုင်ပါတယ်။

ဝါးရွက်မှာက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကင်ဆာ အပါအဝင် ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်နိုင်တဲ့ နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

ဝါးရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာပါ။ ဝါးရွက်မှာ silica ပါဝင်နေမှုက ကိုယ်တွင်း ကအဆိပ်အတောက်တွေကို ဆီးတွေ၊ ဝမ်းတွေကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ကိုယ်တွင်းမှာ အဆိပ်အတောက် များတာက ရေရှည်မှာ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ​​ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားချင်တယ်ဆိုရင် ဝါးရွက်ကို ပြုတ်သောက်လို့ ရပါတယ်။

အနာကျက်စေတယ်

ဝါးရွက်မှာ အရောင်ကျစေနိုင်တဲ့ အာနိသင်၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ပါဝင်နေပါတယ်။ ဝါးရွက်မှာ silica ပါဝင်နေတာက အနာကျက်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ silica က အနာကျက်စေဖို့အတွက် လိုအပ်တဲ့ ကော်လာဂျင် ထွက်ရှိလာအောင် လှုံ့ဆော်ပေးပါတယ်။

အနာကျက်စေဖို့ သေချာသန့်စင်ထားတဲ့ ဝါးရွက်ကို ကြိတ်ခြေပြီး အနာပေါ်မှာ လိမ်းပေးလို့ရသလို ဝါးရွက်ပြုတ်ရည်နဲ့ အနာကို ဆေးကြောပေးတာမျိုး လုပ်လို့လည်း ရပါတယ်။

ဆီးလမ်းကြောင်းပြဿနာ ကင်းစေနိုင်တယ်

ဝါးရွက်မှာပါတဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေက ဆီးလမ်းကြောင်းပိုးဝင်တာ အပါအဝင် ဆီးသွားရခက်တာ။ ဆီးကျဉ်တာလိုမျိုး ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို သက်သာစေနိုင်တယ်

ဝါးရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာမှာ အထောက်အကူပြုပေးပါတယ်။ ပန်ကရိယကို အင်ဆူလင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။

အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

ဝါးရွက်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ ဝါးရွက်ကို ပြုတ်ပြီး ပြုတ်ရည်ထဲကို ပျားရည် နည်းနည်းထည့်လို့ သောက်ပေးတာက ပန်းနာရင်ကျပ် အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ဝါးရွက်မှာ silica ပါဝင်နေတာက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးပါတယ်။ ဝါးရွက်မှာပါတဲ့ silica၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်က ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အစာကြေစေတယ်

ဝါးရွက်မှာ အမျှင်ဓာတ်ကြွယ်ဝတာက အစာခြေစနစ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ဝမ်းမှန်စေပြီး ဝမ်းပျော့ပျော့ သွားစေပါတယ်။ အစာအိမ်ပြဿနာ ကင်းစေဖို့လည် အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဒါတွေအပြင် ဝါးရွက်က လေဒီတွေမှာ ခံစားရတဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေပြီး အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်း မြင့်စေဖို့ အကူအညီပေးပါတယ်။ လေဒီဗိုက်တွေကို မွေးဖွားရလွယ်ကူစေဖို့ နဲ့ ဘေဘီလေးတွေမှာ မွေးရာပါချို့ယွင်းချက်ပါမလာစေဖို့ ထောက်ကူပေးပါတယ်။ အယ်လ်ဇိုင်းမားမဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း ဝါးရွက်ကို အသုံးပြုလို့ ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly