‘A Street Cat Named Bob’ ဇာတ်ကားမှ ကြောင်ကလေး Bob သေဆုံး

‘A Street Cat Named Bob’ ဇာတ်ကားမှ ကြောင်ကလေး Bob သေဆုံး

ဇွန် ၁၇

အရောင်းရဆုံးစာအုပ်နှင့် ရုပ်ရှင်အဖြစ်အသက်သွင်းခဲ့သော ‘A Street Cat Named Bob’ ဖြစ်ရပ်မှန်ဇာတ်လမ်းမှ ကြောင်ကလေး ဘော့ဘ်သည် အသက် ၁၄ နှစ်အရွယ်တွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ဂျိမ်းစ်ဘိုဝင်သည် မူးယစ်ဆေးစွဲနေသည့်အချိန် ၂၀၀၇ ခုနှစ်၌ ကြောင်ကလေး ဘော့ဘ် (Bob) နှင့် တွေ့ဆုံခဲ့ပြီးနောက် ၎င်း၏ဇာတ်ကြောင်းကို စာအုပ်ရေးသားထုတ်ဝေခဲ့သည်။ ဘိုဝင်သည် စွန့်ပစ်ခံထားရသော နီဝါရောင် ကြောင်ကလေးတစ်ကောင်ကိုတွေ့ရှိခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့သည်။

ဘိုဝင်သည် လမ်းဘေးတွင်ဂစ်တာတီးဖျော်ဖြေခြင်းနှင့် လန်ဒန်လမ်းမများတွင် The Big Issue သတင်းစာများရောင်းကာ အသက်မွေးပြီး ဘော့သည် မကြာခဏဆိုသလို ဘိုဝင်နောက် လိုက်ပါလာတတ်ကာ တတွဲတွဲအတူ သွားလာခဲ့သည်။

သူတို့နှစ်ယောက်အကြောင်းရေးထားသည့် ‘A Street Cat Named Bob’ စာအုပ်သည် အရောင်းရဆုံးစာရင်းဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မင်းသား Luke Treadaway က ဘိုဝင်နေရာသရုပ်ဆောင်ကာ ရုပ်ရှင်အဖြစ် အသက် သွင်းခဲ့သည်။ ထိုဇာတ်ကားထဲမှ ကြောင်ကလေး ဘော့ဘ်သည် တနင်္လာနေ့က ဆုံးသွားခဲ့ပြီဖြစ်သည်။

“ဘော့ဘ်က ကျွန်တော့ဘဝကိုကယ်တင်ခဲ့တာပါ။ ရိုးရိုးရှင်းရှင်းလေးပါပဲ။ သူက ကျွန်တော့်အတွက် အပေါင်းအဖော်ဆိုတာထက်ကို ပိုပါတယ်။ ကျွန်တော်ဟာ သူနဲ့အတူနေရင်း ပျောက်ဆုံးနေတဲ့ရည်ရွယ်ချက်နဲ့လမ်းညွှန်ချက် ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့အကြောင်းရေးထားတဲ့ စာအုပ်တွေနဲ့ ရုပ်ရှင်တွေကနေတစ်ဆင့် ကျွန်တော်တို့အတူ ရရှိခဲ့ကြတဲ့အောင်မြင်မှုဟာ အံ့အားသင့်စရာပါ။ သူက လူထောင်ပေါင်းများစွာနဲ့တွေ့ဆုံခဲ့ပြီး သန်းပေါင်းများစွာ ရဲ့ဘဝတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူ့လိုကြောင်မျိုး မရှိခဲ့ဘူးပါဘူး။ ဘယ်တော့မှလည်း ရှိလာမှာမဟုတ်ပါဘူး။ ကျွန်တော့်ဘဝမှာ အလင်းရောင်ပျောက်သွားသလို ခံစားရတယ်။ သူ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး” ဟု ဘိုဝင်က ဝမ်းနည်းစကားဆိုသည်။

ဘော့ဘ်အကြောင်းစာအုပ်ကို ပုံနှိပ်ထုတ်ဝေသော Hodden & Stoughton လုပ်ငန်းက “ ဂျိမ်းစ်ဘိုဝင်နဲ့ ကြောင်ကလေး ဘော့ဘ်တို့ဟာ ကမ္ဘာတစ်လွှားက ပရိသတ်တွေနဲ့ အဆက်မပြတ်တွေ့နေခဲ့တုန်းက ဘော့ဘ်ဟာ စာအုပ် လက်မှတ်ရေးထိုးပွဲတွေမှာ ကျော်ကြားတဲ့ကြောင်တစ်ကောင်အဖြစ်နဲ့ သူ့ကိုချစ်ခင်သူတွေနဲ့တွေ့ဆုံပြီး  မယုံနိုင်စရာကောင်းတဲ့ ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ အားလုံးက သတိရနေမယ့် အင်မတန်ထူးခြားတဲ့ ကြောင်တစ်ကောင် ပါ” ဟု ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

အင်္ဂါနေ့ညနေပိုင်း၌  လူအများက ဘော့ဘ်အားအမှတ်တရအနေဖြင့် ‘RIP BoB’ ဟု တွစ်တာတွင်ရေးသားကာ ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။ ဘော့ဘ်ပရိသတ်များကလည်း လူမှုကွန်ရက်၌ ဝမ်းနည်းစကားများ ရေးသားခဲ့ကြသည်။

ယခုနှစ်နှောင်းပိုင်းတွင်ထွက်ရှိမည့် နောက်ဆက်တွဲရုပ်ရှင် ‘A Gift from Bob’ တွင် ဘော့ဘ်ကို ပြန်လည်မြင်ရဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required