ရန်ကုန် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ နော်အုံးလှ ဝင်ပြိုင်မည်

ရန်ကုန် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ နော်အုံးလှ ဝင်ပြိုင်မည်
ပုံ- ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ပြိုင်မည့် နော်အုံးလှ (ပုံ- ကရိုင်နူးရာ)

ဇွန် ၁၇

ဒီမိုကရေစီအရေးနှင့်တောင်သူလယ်သမားများအရေး တက်ကြွလှုပ်ရှားသည့် ကရင်တိုင်းရင်းသူ နော်အုံးလှ သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီးအဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း ကာယကံရှင်က ပြောသည်။

နော်အုံးလှသည် ၂၀၁၉ ခုနှစ်က တည်ထောင်ခဲ့သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP)မှ ပါတီကိုယ်စားပြု ဝင်ရောက် အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။

နော်အုံးလှက“ အန်တီတို့ပါတီက အန်တီက ကရင်တစ်ယောက်လည်း ဖြစ်တယ်၊ အခုလက်ရှိမှာလည်း ကရင်တွေရဲ့ လိုအပ်ချက်တွေရှိနေတယ်။ ဒါကို အန်တီတို့ပါတီကနေ ရွေးချယ်ပြီးတော့မှ အန်တီကို တာဝန်ပေးတယ်၊ ကရင် တိုင်းရင်းသားတွေ အရေးလုပ်ရမှာ အများကြီးကျန်နေသေးတယ်၊ အန်တီတို့ လုပ်ရမယ့် အလုပ်ကတော့ ဥပဒေ ကြမ်း မဆွဲရသေးတော့ ဥပဒေနဲ့မဆောင်ရွက်သေးရတဲ့ဟာတွေ အများကြီးကျန်သေးတယ်။ဒါတွေကို ဆောင်ရွက်သွားဖို့ရှိတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အရွေးခံရပါက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် အခွင့်အရေးများကို ဦးတည် ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

နော်အုံးလှက“ အဓိက အန်တီတို့ တိုင်းရင်းသား အခွင့်အရေးတွေက အများကြီး ပြောစရာရှိတယ်၊ ဥပမာ အခု ကရင်စာသင် တယ်၊ တိုင်းရင်းသား စာပေသင်တဲ့ ဆရာ/ဆရာမတွေက သုံးသောင်းပဲရတယ်။ ကျန်တဲ့ဟာတွေ အများကြီး ကျန်သေးတယ်ပေါ့နော်။ အဲတော့ ဆရာမတွေ အတူတူတောင် တိုင်းရင်းသားတွေ စာပေသင်တဲ့ ဆရာမက သုံးသောင်းဆိုတော့ မတရားဘူးလို့ မြင်တယ်”ဟု ပြောသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် နော်အုံးလှသည် ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တက်ကြွလှုပ်ရှားသူ ဖြစ်သကဲ့သို့ တောင်သူလယ် သမား အရေးနှင့် အလုပ်သမား အခွင့်အရေးများကိုလည်း ဆောင်ရွက်နေသူ ဖြစ်သည်။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က “ကာလရှည် ဒီမိုကရေစီအရေးကို တကယ် စွန့်လွတ် အနစ်နာခံ လှုပ်ရှားခဲ့သလို တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့လည်း အမြဲ တိုင်းရင်းသားတွေ ဘက်က ရပ်တည်ခဲ့တယ်။ ခြေဥအရ အကန့်အသတ် ရှိပေမယ့် ရန်ကုန်က ကရင်တွေအတွက် ရေးရာဝန်ကြီး အနေနဲ့ ကြည့်ရင် သူက အသင့်တော်ဆုံးလို့မြင်တယ်။ ရဲရဲတင်းတင်းနဲ့ အလုပ်လုပ်တတ်သူလည်း ဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် နော်အုံးလှ အဓိက ယှဉ်ပြိုင်ရမည့် ကိုယ်စားလှယ်လောင်းမှာ မည်သူဖြစ်ကြောင်းကို တခြားသော ပါတီများကကြေညာခြင်းမရှိ သည့် အတွက် တိတိကျကျ မသိရသေးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှာ အဓိက ပြိုင်ဘက် ဖြစ် လာနိုင်ကြောင်း သုံးသပ်လျက်ရှိကြသည်။

UNDP သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအတွက် နော်အုန်းလှအား UNDP ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် တာဝန်ပေးအပ်လိုက်သည်ဟု ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

UNDP ကိုယ်စားပြု ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် (ဦး)ခွန်ထွန်းဦး၊ ဦးနိုင်းနိုင်း၊ ခွန်မားရ်ကိုဘန်၊ ဦးမောင်မြင့်၊ ဒေါက်တာမင်းစိုးလင်း၊ ဦးသန်းဝင်း၊ ဦးဒေးဗစ်လှမြင့်၊ နော်အုံးလှ၊ ဒေါက်တာမိုးမိုးသီ တို့ပါဝင်သော လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရွေးချယ်ရေးကော်မတီ(ဗဟို)ကို ဖွဲ့ စည်းကာ ရွေးချယ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ရာတွင် တန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ယုံကြည်လက်ခံသူ၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် ကိုယ်ကျိုး စွန့် အနစ်နာခံ ဆောင်ရွက်ခဲ့ကြသူများ၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြင်ပရောက် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တောင်သူ လယ်သမား များ-အလုပ်သမားများ၊ တပ်သိပညာရှင်များ- လူငယ်များ- အမျိုးသမီးများ၊ အရပ်ဖက် အဖွဲ့အစည်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နေသူများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ စသည့် အခြေခံမူ (၉) ချက်ဖြင့် ရွေးချယ်လျက် ရှိကြောင်း ထုတ်ပြန်ထားသည်။

UNDP ပါတီသည် ၁၉၉၀ လွှတ်တော်အမတ်ဟောင်းများနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုအရေး လက်ခံသူများ ပါဝင်ဖွဲ့စည်းထားသော ပါတီတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက ပါတီမှတ်ပုံတင်ကျခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required