စာသင်ချိန်တွင် မျက်နှာအကာနဲ့ နှာခေါင်းစည်း တပ်ဆင်ရမည်

ဇွန် ၁၅ရက်

ဇူလိုင်လ ၂၁ ရက်နေ့တွင် စတက်ရမည့် ၁၀တန်းကျောင်းသူကျောင်းသားများနှင့် ဆရာ၊ဆရာမ များအနေဖြင့် စာသင်ကြားချိန်အတွင်း မျက်နှာအကာ (face shield)နှင့် နှာခေါင်းစည်း (mask)များတပ်ဆင်ကာ သင်ကြားကြမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

"ဒါကတော့ ကျောင်းက ဆရာ၊ဆရာမတွေကပဲ သင့်တင့်လျောက်ပတ်သလို ကလေးတွေစိတ်မွန်းကြပ်နေမလား မွန်းကြပ်မယ်ထင်နေရင် maskကိုဖွင့်ပြီးတော့ face shieldနဲ့ပဲ ခဏတဖြုတ်နေခိုင်းတာလည်းဖြစ်ချင်ဖြစ်မှာပေါ့"ဟု ၎င်းက ပြောသည်။

ကျောင်းပြန်ဖွင့်ချိန်တွင် မိဘ၊ ဆရာနှင့် ကျောင်းသားများ လိုက်နာရမည့် အချက်ကြီးငါးချက်နှင့် အသေးစိတ်အချက်၂၅ ချက်ကို ပညာရေးဝန်ကြီးဌာနက ဇွန်လ ၁၀ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုအချက်များထဲတွင် ဖယ်ရီကားများစီစဉ်ရာမှာလိုက်နာရမည့်အချက်များ၊ ကျောင်းကြိုပို့ရာတွင် မိဘများလိုက်နာရမည့်အချက်များ၊ ကျောင်းထဲတွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများ လိုက်နာရမည့်အချက်များ မုန့်စားဆင်းချိန်နှင့် ထမင်းစားဆင်းချိန်တို့တွင် မစားခင်နှင့် စားပြီးချိန်တို့တွင် လက်ဆေးရန် စသည်တို့ပါဝင်သည်။

ထုတ်ပြန်ချက်ထဲတွင် ကျောင်းကိုရောက်ချိန် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများသည် စာသင်ခန်းအတွင်းသို့ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခြောက်ပေကွာပြီး တန်းစီဝင်ရန်၊ လက်ကို ရေနှင့်ဆပ်ပြာအသုံးပြုပြီး စက္ကန့်၂၀ကြာအောင် မကြာခဏဆေးကြောရန်၊ မိဘများအနေဖြင့် ကျောင်းပို့ချိန်တွင် တစ်ဦးနှင့် တစ်ဦးအကြား ခြောက်ပေကွာခြား၍ နေရန်၊  အချင်းချင်းလက်ဆွဲနှုတ်ဆက်ခြင်း၊ နီးနီးကပ်ကပ်နေခြင်းများ လုံးဝမပြုလုပ်ရန်တို့ ပါရှိသည်။

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာနေခြင်းတို့အား အလေ့အကျင့်ဖြစ်စေရန်အတွက် မိဘများအနေဖြင့် ယခုကတည်းက ကိုယ့်ရဲ့ကလေးများအား လေ့ကျင့်ပေးထားသင့်သည်ဟု အခြေခံပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

အခြေခံပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက "ပညာသင်ပေးဖို့ကျောင်းကိုလွှတ်ရတယ်ဆိုလို့ရှိရင် မိဘတွေအနေနဲ့တော့ ကိုယ့်အိမ်မှာရှိနေကတည်းကိုက ကြိုတင်ပြီးတော့ ကိုယ့်သား သမီးတွေကို maskတွေ စနစ်တကျတပ်ဆင်ဖို့၊ ဘယ်လိုအချိန်မှာဘယ်လို တပ်ရမယ်ဆိုတာ၊ နောက် face shieldကို ဘယ်လိုတပ်ရမယ်ဆိုတာလေးတွေ အခုကတည်းက ကြိုတင်ပညာပေးထားမယ် လေ့ကျင့်ပေးထားမယ် ဆိုရင် ကောင်းတာပေါ့။ ဒါက မိဘတွေမပါလို့မဖြစ်ဘူး။ မိဘတွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးတယ် "ဟု ဆိုသည်။

 ကျောင်းများတွင် ကျောင်းသား ၊ ကျောင်းသူ ၊ ဆရာ၊ ဆရာမ၊ စာသင်ခန်း၊ စာသင်ခုံ အရေအတွက်ပေါ်မူတည်ကာ ပုံစံ လေးမျိုးနှင့် ဖွင့်လှစ်မည်ဖြစ်သည်။

ဇူလိုင်လ ၁၃ရက်မှ ၁၇ရက်နေ့အထိအား အခြေခံပညာ အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ကာ ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။

မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ၁၀တန်းကျောင်းသူတစ်ဦး၏ မိခင်ဖြစ်သူက "ရောဂါကူးမှာကိုတော့ကြောက်ပေမယ့်ကလေးက၁၀တန်းဖြစ်နေတော့ အရေးကြီးတဲ့အတန်းဖြစ်လို့ ကျောင်းတက်ဖို့ခွင့်ပြုသွားမှာပါ" ဟုဆိုသည်။

အထက်တန်းကျောင်းများအား ဖွင့်လှစ်ပြီး COVID-19ရောဂါနှင့်ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ကာ အန္တရာယ်ကင်းရှင်းပါက နောက်နှစ်ပတ်အကြာတွင် အလယ်တန်းအဆင့်၊ နောက်ထပ်တစ်ပတ်အကြာတွင် မူလတန်းအဆင့်ကို ဖွင့်ရန် လျာထားစီစဉ်နေသည်ဟု သိရသည်။

ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များအပြင် ကျောင်းသားကျောင်းသူနှင့် ဆရာ၊ဆရာမများအတွက် ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်း၊ မျက်နှာအကာများအား အခမဲ့ပေးသွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အခြေခံပညာကျောင်းများအား နှစ်စဉ် ဇွန်လ ၁ရက်နေ့တွင် ဖွင့်လှစ်နေကျဖြစ်သော်လည်း ယခုနှစ်တွင်  COVID-19ကြောင့် တစ်လနောက်ကျပြီးမှ ဖွင့်လှစ်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required