ရွေးကောက်ပွဲနှင့် ကချင်စစ်ပြေးဒုက္ခသည်များ

ရွေးကောက်ပွဲနှင့် ကချင်စစ်ပြေးဒုက္ခသည်များ

မြစ်ကြီးနား (Myanmar Now) − သမိုင်းဝင်မည့် ၂ဝ၁၅ ရွေးကောက်ပွဲသည် နိုင်ငံကို ကြီးမားသောအပြောင်းအလဲများဖြစ်ပေါ်နိုင်သည်ဟု လူအများကယူဆနေသော်ငြား ကော့မိုင်အတွက်မူ သတင်းထူးဖြစ်နေသည်။

လိုင်ဇာမြို့မှ အန္တရာယ်များလှသော ၄ ရက်ခရီးအပြီး ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားရှိ မိုင်းနားစခန်းသို့ ကျန်းမာရေးမကောင်းသော သူ၏ ခင်ပွန်းသည်၊ သားငယ်တို့နှင့်အတူ  ယခုမှ သူရောက်လာခြင်းဖြစ်သည်။

အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့ ၂ဝ၁၁တွင် တိုက်ပွဲဖြစ်ပွားချိန်မှစ၍  ကော့မိုင်တို့ မိသားစုသည် လိုင်ဇာအနီးတဝိုက်ရှိ KIA ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်းများတွင်  ခိုလှုံခဲ့သည်။ ဤစခန်းများတွင် ပြည်တွင်းနေရပ်စွန့်ခွာသွားရသော ဒုက္ခသည်ပေါင်း ခြောက်သောင်းမျှ နေထိုင်ကာ  ကုလသမဂ္ဂ၊ အစိုးရ၏ဝန်ဆောင်မှုများ၊  နိုဝင်ဘာ ၈ ရွေးကောက်ပွဲတို့နှင့် အဆက်ပြတ်နေသည်။

“KIA စခန်းတွေမှာ ဘာမဲပေးတာမှ မရှိဘူး။ ဒီကိုမရောက်ခင်အချိန်အထိ ရွေးကောက်ပွဲအကြောင်းကို မသိပါဘူး” ဟု စက်တင်ဘာလက မိုင်းနားစခန်းတွင် တွေ့စဉ် သူက ပြောပြသည်။

  မြစ်ကြီးနားမြို့အနီးရှိတောင်ကုန်းတစ်ခုပေါ်မှ ဤစခန်းအတွင်း ကုလသမဂ္ဂက ဆောက်ပေးထားသော ဝါးတန်းလျားအိမ်များတွင် မိသားစု ၄ဝဝ ကျော် နေထိုင်လျက်ရှိသည်။

၄၅နှစ်ရှိပြီဖြစ်သော ကော့မိုင်သည် အစ်မတစ်ယောက်ထံ ရောက်နေသော သူ၏ ကလေး ၃ ယောက်နှင့်ပြန်လည်ဆုံစည်းရန်  နယ်စပ်ကို တရားမဝင် ကျော်ဖြတ်ပြီး တရုတ်နိုင်ငံအတွင်းမှတစ်ဆင့် တောတောင်ထူထပ်သော ကချင်ပြည်နယ်မြောက်ပိုင်းသို့ ပြန်၍ဝင်လာခြင်းဖြစ်သည်။

“(ကလေးတွေကို) မတွေ့တာ ၃ နှစ်တောင်ရှိပြီ။ မနေ့ကမှ ပြန်တွေ့တာ။ အတော်ကို စိတ်မကောင်းဘူး” ဟု ပင်ပန်း နွမ်းလျနေဟန်ရှိသော ကော့မိုင်က ပြောသည်။

ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုတွင် စခန်းသို့ ရောက်ရှိလာသော်လည်း ကော့မိုင် မဲပေးနိုင်ခွင့်မရှိပါ။   နေရပ်စွန့်ခွာသွားရသူ ဒုက္ခသည်တို့သည် အစိုးရထိန်းချုပ်သောစခန်းများတွင် ရောက်ရှိနေသော်လည်း ရွှေ့ပြောင်းလုပ်သားများနည်းတူ မဲဆန္ဒနယ်တစ်ခုတွင်နေထိုင်သည်မှာ ရက် ၁၈ဝ ရှိကြောင်း ပြသရန် လိုအပ်ပါသည်။

ဤစခန်းများအတွင်းရှိ ၄,ဝဝဝ နီးပါးသော ဒုက္ခသည်များသည် နှစ်ရှည်လများ ခိုလှုံလာကြသူများဖြစ်သောကြောင့် စခန်းတွင်းရှိ မိသားစုစာရင်းကိုအသုံးပြုကာ  တရားဝင် မည်သူမည်ဝါဖြစ်ကြောင်းပြ၍ မဲစာရင်းတွင်ပါဝင်ရန် လျှောက်ထားနိုင်သည်ဟု အကူအညီပေးရေးလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

သို့သော် ရွေးကောက်ပွဲတွင် သူတို့  ပါဝင်မည်၊ မပါဝင်မည် ဆိုသည်ကတော့ မသေချာ၊ မရေရာပါ။ အဘယ်ကြောင့်ဆိုသော်   ဒုက္ခသည်တို့  ရွေးကောက်ပွဲနှင့်ပတ်သက်သော အသိနှင့် စိတ်ဝင်စားမှုမှာ မတူညီကြသောကြောင့်ပင်။

“စခန်းထဲမှာ ၇ဝ ရာခိုင်နှုန်းကတော့ မဲပေးမယ်လို့ မှန်းပါတယ် ဒါပေမယ့် စခန်းတစ်ခုနဲ့တစ်ခု မတူဘူး” ဟု စခန်း ၅၄ ခုကို ကြီးကြပ်သော ကရုဏာ ကက်သလစ် ကူညီမှုအဖွဲ့မှ ဘုန်းတော်ကြီးနော်လတ်က ပြောသည်။

“စခန်းတွေကို ကြီးကြပ်နေတဲ့ တချို့အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို စိတ်မဝင်စား၊ ဒါမှမဟုတ် အယုံအကြည်မရှိဘူး။ အဲဒီတော့ သူတို့တွေက  ဒုက္ခသည်တွေကို မဲပေးဖို့ နှိုးဆော်တာမျိုး မလုပ်ကြဘူး။ ကြီးကြပ်တဲ့ အဖွဲ့အစည်းက ရွေးကောက်ပွဲကို  စိတ်ဝင်စားတယ်ဆိုရင် ဒုက္ခသည်တွေကလည်း စိတ်ဝင်စားတယ်” ဟု ထပ်ပြောပြသည်။

“သူတို့ အိမ်ပဲပြန်ချင်နေတာပါ”

မြစ်ကြီးနားခရိုင်တွင် အစိုးရထိန်းချုပ်သောစခန်းပေါင်း ၄ဝ ရှိပြီး  မဲပေးရန် စာရင်းပေးထားသူ ဒုက္ခသည် ၅,ဝဝဝ ဝန်းကျင် ရှိသည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြတ်ခိုင်က ဆိုသည်။ ပြည်နယ် ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ခွန်းကိုမူ ဆက်သွယ်၍မရခဲ့ပါ။

စခန်းရှိ လူ ၈ဝဝ ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်တွင် စာရင်းပေးထားသည်ဟု မိုင်နားစခန်း၏ မန်နေဂျာ ခွန်ဒန်က ဆိုသည်။  သို့သော် မိုင်းနားတွင်ရှိသော မိသားစုများ၊ အနီးအနားတွင်ရှိသော ကချင်နှစ်ခြင်းအဖွဲ့ ထောက်ပံ့သော စခန်း ၃ ခုတို့က ရွေးကောက်ပွဲတွင် မဲပေးရန်စိတ်ဝင်စားမှု လျော့နည်းနေသည် ဟုလည်း ထပ်ပြောသည်။

“သူတို့တွေကတော့ ပွင့်ပွင့်လင်းလင်းပဲ၊  ၂ဝ၁ဝ တုန်းကလည်း ရွေးကောက်ပွဲပြီးသွားတော့ စစ်ပွဲစလာတာ မို့လို့ စိတ်မဝင်စားဘူးလို့ ပြောတယ်” ဟု လွန်ခဲ့သော ၅နှစ်က စစ်အာဏာရှင်များနှင့် ယခုအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ အနိုင်ရအောင်လုပ်ခဲ့သည်ဟု အများက ယုံကြည်နေသော ရွေးကောက်ပွဲကို ညွှန်း၍ သူက ရှင်းပြသည်။

“သူတို့တွေက အစိုးရကို မယုံဘူး။ သူတို့ အိမ်ပဲ ပြန်ချင်နေကြတာပါ”

သူတို့အိမ်ပြန်ရန်မှာ အလှမ်းဝေးနေပါသေးသည်။ KIA နှင့်အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးများက အစိုးရ၏ တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးစာချုပ်တွင် ပါဝင် လက်မှတ်ထိုးရန် ငြင်းဆန်ပြီးနောက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ဒုက္ခသည်အရေအတွက်လည်း ပိုမို များပြားလာသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ချုပ်ဆိုသော ထိုစာချုပ်တွင် ကရင်အမျိုးသားအစည်းအရုံးနှင့် အခြားအဖွဲ့ ၇ ဖွဲ့သာ ပါဝင် လက်မှတ်ရေးထိုးကြသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက် နီးလာချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ် ၇ ခု၊  ကျေးရွာအုပ်စု ၄၅ဝ ကျော် တွင် ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ထုတ်ပြန်လိုက်သည်။  ဤဆုံးဖြတ်ချက်ကို အချို့သော တိုင်းရင်းသားပါတီများက သူတို့ အသာစီးရနိုင်မည့် ထိုမဲဆန္ဒနယ်များ၏ လုံခြုံရေးအခြေအနေမှာ လက်ခံလောက်သည် ဟုဆိုပြီး မကျေမနပ်ဖြစ်ကြသည်။

ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများထဲတွင် ကချင်များဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ကဲ့သို့သော ပါတီများသည်သာ ဒုက္ခသည်များအရေးကို  စိတ်ဝင်စားမှုရှိသည် ဟု မိုင်နားစခန်း မန်နေဂျာက ဆိုသည်။

ကချင်နှစ်ခြင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ သင်းအုပ်ဆရာ လာမယောက သူတို့ကြီးကြပ်သောစခန်း ၇၄ ခု တွင် မဲဆွယ်ပွဲများကို ပိတ်ပင်ထားသည်ဟု ပြောသည်။

“ကျွန်တော်တို့က ရွေးကောက်ပွဲတွေကို စိတ်မဝင်စားပါဘူး။ အစိုးရကို အယုံအကြည်မရှိဘူး၊ အပြောင်းအလဲကိုလည်း မယုံဘူး” ဟု သူက ပြောသည်။

မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ နည်းပါးနေ

ယခင် KIA ဒုတိယခေါင်းဆောင်၊ ၂ဝ၁ဝ တွင် KSDP ပါတီကို ထူထောင်သူ  ဦးမနန်တူးဂျာကမူ ကချင်တိုင်းရင်းသားများ၏ ထောက်ခံမှုကိုရမည်ဟု ယုံကြည်စိတ်ချနေသည်။

“လူအများစုက ရွေးကောက်ပွဲမှာစိတ်ဝင်စားတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက် မဲပေးမလဲတော့မသိဘူး။ ဘာလို့လဲဆိုတော့ လုံခြုံရေးအတွက် သူတို့စိတ်ပူရင် ပူနေလိမ့်မယ်” ဟု ဆိုသည်။

တိုက်ပွဲများကြောင့် သူ့ပါတီကိုထောက်ခံသော နယ်မြေမှ တိုင်းရင်းသားများကြား မဲပေးမည့်လူဦးရေ လျော့သွားနိုင်ကြောင်း သူက ဆက်ပြောသည်။

KSDP သည် ပြည်နယ်လွှတ်တော်တွင် ၅၅ နေရာ၊ အခြားလွှတ်တော်များတွင် နေရာအများအပြား ဝင်ရောက်ယှဉ်ပြိုင်ပြီး  မဲဆွယ်စည်းရုံးရာတွင် ကိုယ်စားလှယ်များက ကချင်တိုင်းရင်းသား ၁ ဒသမ ၅သန်းခန့် အတွက် ကိုယ်ပိုင်ပြဋ္ဌန်းခွင့် ပိုမိုရရှိရေး ကြိုးပမ်း လုပ်ဆောင်မည်ဟု ကတိပြုခဲ့ကြသည်။

 ကျောက်စိမ်း၊ သစ် စသည့် သဘာဝရင်းမြစ်တို့မှ ရရှိသော အကျိုးအမြတ်ကို ဒေသခံ တိုင်းရင်းသားတို့ ပိုမိုခံစားခွင့်ရစေရန် ဆောင်ရွက်ပေးမည်ဟုလည်း ကတိပြုကြသည်။

စစ်အစိုးရက ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုအစိုးရအနေဖြင့် တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရများနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်အာဏာရှိသည်၊  ဒေသအသီးသီးတွင် ဝန်ကြီးချုပ်ခန့်အပ်မှုတွင်လည်း ဗဟိုအစိုးရက လုပ်ပိုင်ခွင့်ရှိသည်။

မြစ်ကြီးနားသတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်က KSDP သည် ပြည်နယ်အတွင်း လူကြိုက်အများဆုံးပါတီဖြစ်သော်လည်း စက်တင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်သို့ လေးရက်ကြာ စည်းရုံးရေးဆင်းခဲ့သောကြောင့် ဒေသခံတို့၏မဲတချို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့  ရောက်သွားနိုင်ကြောင်း ပြောကြားသည်။

သို့သော်လည်း ကရုဏာအဖွဲ့မှ ကက်သလစ်ဘုန်းတော်ကြီးနော်လတ်က ရွေးကောက်ပွဲအရေးပါပုံကို စစ်ရှောင်ပြည်သူများအပါအဝင်  ကချင်တိုင်းရင်းသားများအကြား သိရှိမှုနည်းသေးသည်ဟု ဆိုသည်။

“မဲဆန္ဒရှင်တွေအတွက် ပညာပေးအစီအစဉ်တွေ နည်းနေပါသေးတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် ရေပုံးထဲက ရေတစ်စက်လောက်ပဲ ရှိပါမယ်” ဟု ဘုန်းတော်ကြီးနော်လတ်က ပြောသည်။

“ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေက စစ်တပ်ရဲ့  အတိတ်က ရက်စက်မှုတွေကို မမေ့နိုင်သေးဘဲ ထိတ်လန့်နေတုန်းပါပဲ။  ပြည်သူတွေရဲ့ အခွင့်အာဏာနဲ့ နိုင်ငံရေးကို မခွဲခြားနိုင်သေးပါဘူး။ ပြည်သူတွေရဲ့ အခွင့်အာဏာက ဘာပြဿနာမှ မဖြစ်စေနိုင်ပေမယ့် နိုင်ငံရေးမှာတော့ ပြဿနာတွေ ရှိနိုင်ပါတယ်” ဟု ဘုန်းတော်ကြီးနော်လတ်က ပြောလိုက်သည်။   ။

Mizzima Weekly