နာမည်ကျော် အိန္ဒိယမင်းသား Sushant Singh ကိုယ့်ကိုယ်ကိုယ် သတ်သေ

နာမည်ကျော် အိန္ဒိယမင်းသား Sushant Singh ကိုယ့်ကိုယ်ကိုယ် သတ်သေ

ဇွန် ၁၅

နာမည်ကျော် အိန္ဒိယ ဘောလိဝုဒ်မင်းသား Sushant Singh Rajput သည် ဇွန်လ ၁၄ ရက်က မွမ်ဘိုင်းမြို့ရှိ ၎င်း၏ နေအိမ်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။ ၎င်းကို Bandra ရပ်ကွက်ရှိ နေအိမ်တွင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချလျက်သား သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ၎င်းသည် အသက် ၃၄ နှစ်ရှိပြီဖြစ်သည်။

၎င်း အဆုံးစီရင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် မွမ်ဘိုင်း ရဲတပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့ ၎င်း၏ နေအိမ်သို့ ရောက်ရှိခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့ ခံစားနေခဲ့ရသည်ဟု သိရသည်။

Sushant သည် ပြီးခဲ့သည့် ခြောက်လအကြာကမှ Bandra ရှိ နေအိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၎င်းသည် အဆိုပါ နေအိမ်တိုက်ခန်းအတွက် တစ်လလျင် ရူပီး ၄ သိန်းခွဲ ကျော် ပေးကာ နေထိုင်ခဲ့သည်။

၎င်း သေဆုံးပြီးနောက် ၎င်း၏ အဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပြီး ၎င်း၏ ဘဝနှင့် အလုပ်အတွက် ၎င်းအား သတိတယ ရှိကြရန် ပရိသတ်များကို တိုက်တွန်းခဲ့သည်။ ထို့ပြင် ယခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့်အခိုက်အတန့်တွင် ၎င်း၏ သီးသန့်တည်ရှိမှုကို လေးစားကြရန် အားလုံးကို ပန်ကြားခဲ့သည်။

Sushant သည် အသက်မွေးမှုအလုပ်ကို တယ်လီဗေးရှင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် Ekta Kapoor ၏ show ဖြစ်သည့် ‘Pavitra Rishta’ တွင် သရုပ်ဆောင်ပြီးနောက် ၎င်းကို လူသိများလာခဲ့သည်။  Show ပြီးနောက် ၎င်းသည် ၂၀၁၃ ခုနှစ်၌ ဘောလိဝုဒ်တွင် ‘Kai Po Che’ ဇာတ်ကားဖြင့် စတင်သရုပ်ဆောင်ခဲ့သည်။ ယင်းနောက် ‘PK’ ၊ ‘MS Dhoni: The Untold Story’ ၊ ‘Kedarnath’ ၊ ‘Sonchiriya’ နှင့် ‘Chhichhore’ တို့ကဲ့သို့ လူသိများသည့် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ကပင် Sushant သည် ၎င်း၏ မန်နေဂျာဟောင်း Disha Salian သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့သေးသည်။ Disha သည် မွမ်ဘိုင်းမြို့ အဆောက်အအုံ ၁၄ ထပ်ကနေ ခုန်ချပြီး သေကြောင်းကြံခဲ့ခြင်းဖြစ်သည်။

Sushant ကို ၁၉၈၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က Bihar ပြည်နယ် Patna မြို့တွင် မွေးဖွားခဲ့သည်။ ယင်းနောက် ၂၀၀၀ ပြည့်နှစ်တွင် ၎င်းတို့မိသားစုသည် နယူးဒေလီသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ၎င်း၏ မိခင် ကွယ်လွန်ခဲ့သည်။

Sushant သည် အင်ဂျင်နီယာဘာသာရပ်ကို လေ့လာသင်ယူခဲ့ပြီး တချိန်တည်းမှာပင် Shiamak Davar ၏ အကသင်တန်းအကယ်ဒမီသို့ တက်ခဲ့သည်။ ယင်းနောက် Barry John ၏ ဒရာမာကျောင်းတွင် တက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ၎င်းသည် သြစတြေးလျရှိ ဓနသဟာယ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တင်ဆက်ဖျော်ဖြေခဲ့သည်။ Sushant သည် နောက်ဆုံးတွင် ကောလိပ်ကျောင်းမှ ထွက်ကာ သရုပ်ဆောင်သည့် အလုပ်ကို ဆက်လုပ်ခဲ့သူဖြစ်သည်။

Sushant သည် ‘Pavitra Rishta’ တွင် အတူတွဲဖက်သရုပ်ဆောင်ခဲ့သည့် မင်းသမီး Ankita Lokhande နှင့် ခြောက်နှစ်ကြာ တွဲခဲ့ပြီး ယင်းနောက် ၂၀၁၆ ခုနှစ် တွင် လမ်းခွဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly