မြွေကိုက် ခံရပြီဆိုရင် ဘာတွေလုပ်သင့်လဲ။

မြွေကိုက် ခံရပြီဆိုရင် ဘာတွေလုပ်သင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Htet Htet Zaw Win

မြွေတွေဟာ ကုန်းပေါ်၊ တောင်ပေါ်၊ ရေထဲ၊ မြက်တွေကြား အပြင် သစ်ပင်တွေအပေါ်ထိပါ နေရာစုံမှာ နေတတ်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေတွေ ရှိသလို အဆိပ်မရှိတဲ့မြွေ အမျိုးအစားတွေလည်းရှိပါတယ်။ မြွေကိုက် ခံရတဲ့ ပြသနာဟာ အဖြစ်များပြီး မြန်မာနိုင်ငံရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ လည်း မြွေကိုက်ခံရတဲ့ လူနာတွေကို အမြဲမပြတ်တွေ့ရှိနေရပါတယ်။ အဆိပ်ရှိတဲ့ မြွေကိုက်ခံရမယ်ဆိုရင် အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် အဆိပ်မရှိတဲ့ မြွေအကိုက်ခံရရင်တောင်မှပဲ တချို့သူတွေမှာ ဓာတ်မတည့်တဲ့ပြသနာတွေ ဆိုးဆိုးရွားရွားဖြစ်စေနိုင်တာကြောင့် မြွေကိုက်ခံရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို သွားပြီး အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။

မြွေကိုက် ခံရပြီဆိုရင် ဘာတွေ လုပ်သင့်သလဲ။

ဆေးရုံ၊ ဆေးခန်းကို မြွေကိုက်ဒဏ်ရာနဲ့ ရောက်လာကြတဲ့ လူနာအချို့ဟာ မှားယွင်းတဲ့ ရှေးရိုးစွဲနည်း အချို့ကို လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ အဲ့ဒီလို မမှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ပိုပြီး အန္တရာယ်ရှိနိုင် တဲ့အတွက် ဒီဆောင်းပါးလေးမှာ တစ်စုံတစ်ယောက်မြွေကိုက်ခံရတာ တွေ့ပြီဆိုရင် မှန်ကန်တဲ့ အခြေခံ ပြုစုနည်းတွေအနေနဲ့ ဘာတွေ လုပ်သင့်တယ်ဆိုတာလေးကို ပြောပြပေးသွားပါမယ်။

၁။ မြွေကိုက်ခံရတဲ့နေရာကနေ အန္တရာယ်ကင်းတဲ့နေရာကို ရွှေ့ပါ။

တကယ်လို့ ကိုယ့်မျက်စိရှေ့မှာပဲ မြွေကိုက်ခံရတာ တွေ့လိုက်ပြီဆိုရင် ကိုက်ခံရတဲ့ သူကို အန္တရာယ်ကင်းတဲ့ နေရာကို အရင်ရွှေ့ထားသင့်ပါတယ်။ မြွေကို တွေ့လိုက်ရတယ်ဆိုရင်တော့ မြွေကို သတ်တာ၊ အန္တရာယ်ပြုတာ မျိုးကို အချိန်ကုန်ခံပြီး လုပ်မယ့်အစား ဓာတ်ပုံရိုက်ထားတာဖြစ်ဖြစ်၊ ပုံစံကို သေသေချာချာ မှတ်ထားတာမျိုး ဖြစ်ဖြစ်လုပ်သင့်ပါတယ်။

၂။ အကိုက်ခံရတဲ့ နေရာမှာ တင်းကျပ်နေတဲ့ ပစ္စည်းတွေရှိရင် ဖယ်ရှားပေးပါ။

အကိုက်ခံရတဲ့နေရာမှာ လက်ကောက်၊ လက်စွပ်၊ နဲ့ ကြိုးတွေ၊ လက်ဝတ်ရတနာ စတဲ့ တင်းကျပ်စေနိုင်တဲ့ ပစ္စည်းတွေ ဝတ်ဆင်ထားမယ်ဆိုရင် ဖယ်ရှားပစ်ဖို့လိုပါတယ်။ အကိုက်ခံရတဲ့နေရာဟာ ရောင်ရမ်းလာနိုင်တာကြောင့် အဲလို တင်းကျပ်နေတဲ့ ပစ္စည်းတွေရှိမယ်ဆိုရင် အန္တရာယ်များပါတယ်။

၃။ အကိုက်ခံရတဲ့သူကို အားပေးပါ။

ရုတ်တရက် မြွေကိုက်ခံလိုက်ရတဲ့အခါမှာ အကိုက်ခံရတဲ့သူဟာ ကြောက်လန့်တကြားဖြစ်သွားနိုင်ပါတယ်။ အဲဒီအတွက် စိတ်မပူဖို့ စိတ်ကိုငြိမ်ငြိမ်ထားဖို့ အားပေးပါ။

၄။ အကိုက်ခံရတဲ့သူကို လှုပ်ရှားမှု မပြုဖို့ ကူညီပေးပါ။

လှုပ်ရှားလိုက်တဲ့အခါမှာ အဆိပ်ရှိမယ်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးကို အမြန် ပျံ့နှံ့သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အကိုက်ခံရတဲ့ သူကို လှုပ်လှုပ်ရှားရှား မဖြစ်စေဖို့ ဂရုစိုက်ပေးရမှာပါ။ နောက်ပြီး အကိုက်ခံရတဲ့ နေရာက ခြေထောက်၊ လက် စတဲ့နေရာတွေမှာ ဆိုရင် မာတဲ့ သစ်သားပြားဖြစ်ဖြစ် တစ်ခုခုကို ဘေးနှစ်ဖက်က ထိန်းထားပြီး မလှုပ်အောင် ကူညီပေးနိုင်ပါတယ်။ တင်းကျပ်အောင် ပတ်တီးတွေနဲ့ စည်းတာမျိုးကိုတော့ လုံးဝမလုပ်သင့်ပါဘူး။ အကိုက်ခံရတဲ့ သူကို နီးစပ်ရာ ဆေးရုံကို ပို့မယ်ဆိုရင်လည်း သူ့ကို လမ်းမလျှောက်စေဘဲ တွန်းလှည်းတစ်ခုခုနဲ့ သယ်တာမျိုးစတဲ့ လှုပ်ရှားမှု မဖြစ်အောင် ဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။

၅။ အကိုက်ခံရတဲ့သူကို အမြန်ဆုံး နီးစပ်ရာဆေးရုံကို ပို့ဆောင်ဖို့ပါ။

မြွေကိုက်ခံရပြီဆိုရင် အရေးပေါ်ကုသမှုလိုအပ်တာကြောင့် အမြန်ဆုံးဆေးရုံသွားဖို့က အရေးကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ဆေးရုံကိုသွားပြီး လူနာရာဇဝင်နဲ့ မြွေပုံစံကို သေသေချာချာ ရှင်းပြပေးသင့်ပါတယ်။

မလုပ်သင့်သော အရာများ။

၁။ ဆေးရွက်တွေ၊ ဟိုဟိုဒီဒီ ကြားဖူးနားဝရှိတဲ့ အရွက်တွေကို သိပ်ထည့်တာ၊ အုံတာ။

၂။ အဆိပ်တွေကို ပါးစပ်နဲ့ စုပ်ထုတ်တာ။

၃။ အကိုက်ခံရတဲ့နေရာကို တင်းကျပ်အောင် စည်းတာ။

၄။ အကိုက်ခံရတဲ့နေရာကို မြှောက်ထားတာ။

၅။ အကိုက်ခံရတဲ့ နေရာကို ညှစ်တာ။

၆။ ဆရာဝန် မညွှန်ကြားဘဲ မိမိဘာသာ သက်သာအောင် ဆေးတွေ တိုက်တာ။

၇။ မီးနဲ့တို့တာ၊ ဓားနဲ့ ခွဲတာ။

စတဲ အချက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်ပြီး တစ်စုံတစ်ယောက် မြွေကိုက်ခံရတာမျိုး ကြုံတွေ့ရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ နည်းလမ်းတွေသုံးပြီး ကယ်တင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly