ဟွာဝေးတည်ထောင်သူ သမီးအား ဖမ်းဆီးခြင်းကြောင့် ဂယက်လှိုင်း ထန်လိမ့်မည်ဟု ကနေဒါ ထောက်လှမ်းရေး သတိပေးထား

ဟွာဝေးတည်ထောင်သူ သမီးအား ဖမ်းဆီးခြင်းကြောင့် ဂယက်လှိုင်း ထန်လိမ့်မည်ဟု ကနေဒါ ထောက်လှမ်းရေး သတိပေးထား

ဇွန် ၁၃

ဘီလျှံနာ သူဌေးကြီး ဟွာဝေးတည်ထောင်သူ ရန်ကျန့်၏ သမီးအား ဖမ်းဆီးခြင်းကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဂယက်ရိုက်ခတ်မှု ရှိလာလိမ့်မည်ဖြစ်ပြီး တရုတ်နှင့် ဆက်ဆံရေးကို ဆိုးဝါးစွာ သက်ရောက်လိမ့်မည်ဟု ကနေဒါ ထောက်လှမ်းရေးဌာနက ကြိုတင်သတိပေးထားခဲ့ကြောင်း တရားရုံးမှတ်တမ်းသစ်များအရ သိရသည်။

အမေရိကန်၏ တရားခံလွှဲပြောင်းပေးရေး မေတ္တာရပ်ခံချက်အရ ဗန်ကူးဗားလေဆိပ်တွင် မန်ဝန်ကျို့ကို ၂၀၁၈ ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရာ၌ ကနေဒါလုံခြုံရေးရာထောက်လှမ်းရေးဌာန CSIS ပါဝင်ကြောင်း သောကြာနေ့က ထုတ်ပြန်သည့် အဆိုပါ တရားရုံးမှတ်တမ်းများက ဖော်ပြထားသည်။ ယင်းသို့ ဖမ်းဆီးမှုကြောင့် တရုတ်နှင့် ကနေဒါကြားတွင် ဆက်ဆံရေး တင်းမာခဲ့ရသည်။

မန်ဝန်ကျို့သည် တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေး၏ ဘဏ္ဍာရေးရာ အရာရှိချုပ်ဖြစ်သည်။ ဟွာဝေးကုမ္ပဏီမှာ နောက်မျိုးဆက် 5G ကွန်ရက်နည်းပညာအတွက် အဓိကနေရာတွင် ရှိနေသည့် ကုမ္ပဏီပဲ ဖြစ်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရနှင့် ကာလရှည် အငြင်းပွားမှုများ ရှိနေသည်။

မန်ဝန်ကျို့အား တရားခံလွှဲပြောင်းပေးရေး တရားစွဲဆိုခြင်း အစိတ်အပိုင်းတစ်ရပ်အရ တရားရုံးမှတ်တမ်းများမှ CSIS ၏ အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ၂၀၁၈ ဒီဇင်ဘာ ၁ ရက်က တည်းဖြတ်ထားသော အဆိုပါ CSIS ၏ မှတ်တမ်းတွင် ယင်းနေ့နှောင်းပိုင်း၌ ဗန်ကူးဗားအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မန်ဝန်ကျို့ကို ဖမ်းဆီးရန် အမေရိကန် FBI က အကြံပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“ယခု ဖမ်းဆီးမှုက ကမ္ဘာအနှံ့ ဂယက်ရိုက်သွားနိုင်ခြေရှိကြောင်း၊ နိုင်ငံတကာနှင့် နှစ်နိုင်ငံဆက်ဆံရေးတို့တွင် ကြီးမားစွာသော နောက်ဆက်တွဲများ ဖြစ်ပွားလာလိမ့်မည်ဖြစ်ကြောင်း။” CSIS ၏ အစီရင်ခံစာက ဖော်ပြထားသည်။

ယခု မှတ်တမ်းများအရ အာဏာပိုင်များသည် မန်ဝန်ကျို့အား ရည်ရွယ်ချက်ရှိရှိ ပူးပေါင်းကြံစည်ခဲ့သည်ဆိုသည်ကို သက်သေပြနေကြောင်း ဟွာဝေးရှေ့နေများက ပြောသည်။

မန်ဝန်ကျို့သည် အီရန်တွင် လည်ပတ်နေသော ကုမ္ပဏီတစ်ခုနှင့် ဟွာဝေးသို့ မိတ်ဖက်ပြုထားမှုကို ကမ္ဘာ့အကြီးဆုံး ဘဏ်များမှ တစ်ဘဏ်ဖြစ်သည့် HSBC အား ဖုံးကွယ်လိမ်လည်ကာ ဘဏ်ငွေလွဲငွေယူ လိမ်လည်မှုများ ပြုလုပ်ခဲ့သည်ဟု အမေရိကန်က စွပ်စွဲထားခြင်းဖြစ်သည်။ ယင်းအတွက် အီရန်အပေါ် ချမှတ်ထားသည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းကြောင့် HSBC ဘဏ်ကြီးအနေဖြင့် ဒဏ်ရိုက်ခံရခြင်းနှင့် အပြစ်ပေးခံရခြင်း ဘေးများ ရင်ဆိုင်ခဲ့ရသည်။

မန်ဝန်ကျို့၏ ရှေ့နေများကမူ ကနေဒါသည် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိ၍ ယင်းအမှုကို ပလပ်သင့်ကြောင်း ငြင်းဆန်ထားသည်။ မန်ဝန်ကျို့ကလည်း ၎င်းသည် အပြစ်ကင်းသည်ဟု ဆိုသည်။

အမေရိကန်၏ မန်ဝန်ကျို့အား တရားစွဲဆိုချက်များသည် ကနေဒါတွင် ရာဇဝတ်မှုမမြောက်ကြောင်း တရားခံဖက်က လျှောက်လဲချက်ကို ပြီးခဲ့သည့်လက ကနေဒါတရားသူကြီးတစ်ဦးက ပယ်ချကာ အမှုအား ဆက်လက်စစ်ဆေးရန် အမိန့်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly