မြစ်ရေစည်းချက် . . . ဧရာဝတီ - ၁၀

မြစ်ရေစည်းချက် . . . ဧရာဝတီ - ၁၀

သန့်ဇော်(သန်လျင်)

ဧရာဝတီမြစ်အစကနေ အဆုံးထိ တစ်လျှောက်လုံး လိုက်ကြည့်လိုက်ရင် နေရာအများစုက သာယာလှပ နေတာကို တွေ့ရပါမယ်။ အဲဒီထဲကမှ မြန်မာပြည်ရဲ့ မြောက်ဖက်ပိုင်းနေရာတွေက ပိုလို့လှနေတာကို မငြင်းနိုင်ကြပါဘူး။ မေခမြစ်နဲ့ မလိခမြစ်တို့ဆုံတဲ့နေရာရဲ့ မြစ်ဆုံဒေသဆိုရင် အသာယာဆုံးနေရာလို့ ပြောလို့ရပါတယ်။ ဟိုးယခင် ရှေးပဝေသဏီကတော့ မြစ်ဆုံဒေသဟာ ခုထက်ပိုပြီး သာသာယာယာ ရှိတယ်ဆိုတာ ခုလောလောဆယ် ရောက်ဖူးတာနဲ့ကို သက်သေပြနေပါတော့တယ်။

နွေရာသီဆိုရင် မြစ်ဆုံရှိ မလိခမြစ်ဝရဲ့ ရေလယ်မှာ ကျောက်ဆောင်တွေကို လှမ်းမြင်နေရပြီး ရေစီးက တော့ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ တည်တည်ငြိမ်ငြိမ်ပဲ စီးနေတာကို တွေ့ရပါတယ်။ ကမ်းနားကနေ ရေထဲကို ဆင်းသွားရင် ရေအနက် ဒူးခေါင်းလောက်အထိတော့ ကြည်လင်နေပြီး ဆက်ဆင်းသွားရင် တော့ ရေက ဝါသွားတာ တွေ့ရပါတယ်။ ဆက်ဆင်းရင်တော့ အန္တရယ်ရှိနိုင်ပါတယ်။

မြစ်ဆုံဒေသကို ခြုံကြည့်လိုက်မယ်ဆိုရင် မြစ်ဆုံစေတီဖက်ကမ်း၊ မြစ်နှစ်ခွအလယ်ကုန်းပြင်မြင့်ကမ်း၊ နောက် အန်မိုင်ခမြစ်တစ်ဖက်ကမ်းရှိ စိမ်းစိုနေကြတဲ့ တောအုပ်တွေပါပဲ။  မြစ်နှစ်စင်းရဲ့ အလယ်မှာတော့ သစ်ပင်တွေနဲ့ခပ်ချွန်ချွန်လေး ဖြစ်နေပြီး တစ်ဖြည်းဖြည်း အပေါ်ဖက်ကို ကျယ်သထက်ကျယ်သွားကာ စိတ်ဝင်စားဖွယ် မြစ်နှစ်စင်းကြားက ကုန်းမြေကြီးဟာ မြောက်ဖက် ခါကာဘိုရာဇီထိအောင် တောင်တွေ အထပ်ထပ်၊ တောတွေအထပ်ထပ်နဲ့ ပြန့်ကားသွားပါတော့တယ်။

တစ်ခါ မြစ်ဆုံစေတီနဲ့ မြစ်ဆုံအလှအပကို ခံစားစီးမျောဖို့ နေရာလေးတွေနဲ့ ဈေးဆိုင်တန်းတွေကလည်း မြစ်ဆုံကို အကောင်းရော အဆိုးရော အကျိုးပြုနေတာကိုလည်း တွေ့ရပါတယ်။ အကောင်းကတော့ ကျွန်တော်တို့ မြစ်ဆုံကို လာလည်တဲ့အခါ ခေတ်စကားနဲ့ပြောရရင်ဖြင့် လက်ကျန်သာယာ လှပတာလေး တွေကို လေ့လာခံစားတာရယ်၊ မှတ်တမ်းဓာတ်ပုံရိုက်ကြတာရယ်တွေပါပဲ။ ကျန်တဲ့အပိုင်းကတော့ ဒေသခံတွေ ဈေးရောင်းရတော့ သူတို့ အကျိုးအမြတ် ရရှိတာရယ်ပေါ့။ ဆိုးတာတွေကတော့ လာလည် ကြတဲ့ ဧည့်သည်အများစုက စားကြွင်းစားကျန်နဲ့ အမှိုက်တွေ မြစ်ကမ်းနဘေးနဲ့ မြစ်ထဲပစ်ချတာတွေ၊ ဈေးဆိုင်တွေက စွန့်ပစ်ပစ္စည်းတစ်ချို့တစ်ဝက်ကမြစ်ထဲ၊ တစ်ချို့တစ်ဝက်က ကမ်းနားမှာပုံလို့။

မြစ်ဆုံနေရာကကြည့်ရင် မြစ်နှစ်စင်း ပေါင်းဆုံပြီး စီးဆင်းသွားတဲ့ ဧရာဝတီမြစ်လို့ အမည်တွင်တဲ့နေရာ ကို လှမ်းကြည့်လိုက်တဲ့အခါ အပြစ်ကင်းတဲ့ ရင်ခွင်ပိုက် ကလေးလေးတစ်ယောက် တီတီတာတာနဲ့ ခြေလေးလှုပ် ခေါင်းလေးလှုပ် အသံလေးတစ်ဆာဆာနဲ့ စီးဆင်းနေသလိုပါပဲ။ မေခမြစ်နဲ့ မလိခမြစ် နှစ်သွယ်က အကျိုးရှိရှိ ဘာမှအသုံးမပြုဘဲ စီးဆင်းလာတဲ့ မြစ်ရေတွေဟာ အဖိုးတန်လေစွ။

အဲဒီမြစ်ဆုံကနေ အောက်ဖက်ကို မြစ်ရေစီးကြောင်းအတိုင်း စက်တပ်လှေကလေးနဲ့သွားလို့ ဘေးတစ် ဖက် တစ်ချက်က တောင်တန်းတွေ တောင်ကုန်းတွေကို ငေးကြည့်ရင်း တဖြည်းဖြည်းနဲ့ မြစ်ရဲ့ ဘယ်ဖက် အခြမ်းက ဝိုင်းမော်မြို့နယ်၊ ညာဖက်အခြမ်းကတော့ မြစ်ကြီးနားမြို့နယ်တွေက ရွာလေးတွေနဲ့ လူနေ ရပ်ကွက်ကလေးတွေကို ဟိုကွက်ကွက် ဒီကွက်ကွက် တစ်ချက်တစ်ချက် တွေ့ရပါတယ်။

မြစ်ရေစီးဆင်းနေမှုက အဲဒီနေရာမှာတော့ မိုးတွင်းဆိုရင် မြစ်ရေဟာ မြစ်ပြင်တစ်လျှောက် ပြည့်နေပြီး မိုးများတဲ့အခါ မြစ်ရေလျှံတာတွေလည်းရှိတတ်တယ်လို့ သိရပါတယ်။ မိုးအခါရေစီးနှုန်းမြန်ပြီး မြစ်ရေ ဟာ အလုံးအရင်းနဲ့ စီးဆင်းပါတယ်။ နွေအခါမှာတော့ တစ်ချို့နေရာတွေမှာ ရေအရမ်းနည်းတတ်ပြီး ရေကူးတတ်မယ်ဆို ဟိုဖက် ဒီဖက်ကို အေးအေးဆေးဆေး လက်ပစ်ကူးလို့တောင်ရပါတယ်။ ကျောက်ဆောင်တွေလည်းရှိပါတယ်။ ဒါကြောင့် သင်္ဘောတွေမသွားနိုင်တာ ဖြစ်ပါတယ်။ ကျောင်းစာ ထဲမှာ သင်ရသလိုပါပဲ မြန်မာပြည် အောက်ဖက်ကနေ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့အထိသာ သွားလို့ လာလို့ အဆင်ပြေပါတယ်။

မြစ်ကြီးနားဖက်ကို စုန်ဆင်းရင်း မြစ်ရဲ့ဘယ်ဖက်ခြမ်း ဝိုင်းမော်မြို့နယ်အစွန် ရွာလေးတစ်ရွာနား ရောက်တဲ့အခါ မြစ်ရေပြင်ဟာမိုးတွင်းမှာ ကျယ်ဝန်းပြီး နွေအခါမှာ ကျောက်ဆောင်တွေ သဲသောင်တွေနဲ့ ရေပြင်ဟာ ကျဉ်းသွားပါတော့တယ်။

ကျွန်တော်တို့ စက်တပ်လှေကလေးကတော့ နွေအခါမှာသွားလို့ အဆင်ပြေသွားတာပါ။ မိုးတွင်းဆို ဟိုးအထက်ပိုင်းတွေကနေ မြစ်ရေစီးဟာ မြစ်ပြင်အပြည့် ရေစီးမြန်တာတွေကြောင့် စက်တပ်လှေ ကလေးနဲ့ဆို အန္တရယ်ရှိနိုင်ပါတယ်။ တချို့နေရာတွေမှာ ကျောက်ဆောင်တွေရှိတာကြောင့် ရေစီးက လည်းကြမ်း၊ လှိုင်းကလည်းရှိဆိုတော့ မြစ်ကြောင်းအတိုင်း ခရီးသွားလို့ အဆင်မပြေနိုင်ပါဘူး။ ကျွန်တော်ကတော့ မိုးတွင်းအခါရောက်တုန်းက ရေစီးကြောင်းကြီးကိုငေးမောရင်း၊ စိတ်ကူးတွေ ရွက်လွှင့်ရင်း၊ သက်ပြင်းတွေ အကြိမ်ကြိမ်ချရင်းနဲ့ပေါ့။

မြစ်ကြောင်းခရီးဟာ မြစ်ကြီးနားမြို့နယ်ထဲမှာပဲ ရှိနေပါသေးတယ်။ ရှေ့ဆက်သွားမယ်ဆိုရင် လမ်းခု လတ်မှာ တောင်ကျ ချောင်းလက်တက်ကလေးတွေက ရေတွေထပ်မံစုဆောင်းပြီး ဧရာဝတီမြစ်ရေဟာ များသထက် များလာမှာဖြစ်ပါတယ်။

ဧရာဝတီမြစ်ရဲ့ ရေအရင်းမြစ်တွေကို အစကနေ အဆုံးအထိ တိုင်းပြည်အတွက် ဘာမှအသုံးမပြုဘဲ ဒီအတိုင်း ပင်လယ်ထဲ စီးဝင်သွားတာကို ကျွန်တော်ကတော့ သဘောမကျပါဘူး။ ဧရာဝတီမြစ် တစ်လျှောက် မြစ်ရေကို အသုံးပြုပြီး နိုင်ငံတော်အကျိုးအတွက် တစ်ခုခုတော့ လုပ်သင့်ပါကြောင်း။  ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly