COVID-19 Volunteer အတွေ့အကြုံများ

ဇွန် ၁၂ 

ဖြစ်ရပ်(၁)

သန်လျင် COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီက အကူအညီတောင်းလို့ Together Thanlyin က အမာခံလုပ်အားပေး ၁၆ ယောက်နဲ့ သန်လျင်သီဟဒီပမှာရှိတဲ့ အမျိုးသားများထားရှိရာ Community Base Facility Quarantine Center ထပ်ချဲ့ဖို့အတွက် လိုအပ်နေတဲ့ ကုတင်တွေကို အမျိုးသမီးစောင့်ကြည့်လူနာတွေထားတဲ့ သူနာပြုသင်တန်းကျောင်းကနေ သယ်ယူပြီး အမျိုးသားဆောင်ကို သွားပို့ပေးရပါတယ်။သန်လျင်နာကူက ကားအကူအညီပေးပါတယ်။ကုတင်သယ်ယူတဲ့ အဖွဲ့သားတွေသက်သာအောင် အမျိုးသမီးစောင့်ကြည့်လူနာဆောင်ရဲ့အရှေ့ထိ ကားဖင်ထိုးပြီး သယ်ယူရပါတယ်။
 
ပထမအခေါက်သယ်ယူဖို့ ကားထိုးပြီး ကားပေါ်ကခုန်အဆင်းမှာပဲ အမျိုးသမီးစောင့်ကြည့်လူနာတွေထားတဲ့ အဆောင်ရဲ့ ပိတ်ထားတဲ့တံခါးဘေးမှာ ကော်ရစ်တာကိုကာထားတဲ့ သံဇကာကွက်တွေကိုကိုင်ပြီး ကျွန်တော်တို့ကိုပြုံးပြနေတဲ့ ၁၀ နှစ်အရွယ် ကလေး တစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ကျွန်တော်ပြန်ပြုံးပြလိုက်ရင်း အကဲခတ်ကြည့်လိုက်တော့ ကလေးရဲ့ဘေးမှာ သူ့အမေလို့ထင်ရတဲ့ Mask တပ်ထားတဲ့ အမျိုးသမီးတစ်ဦးလည်း မတ်တပ်ရပ်နေပြီး မှုန်မှိုင်းနေတဲ့မျက်လုံးတွေနဲ့ ကျွန်တော်တို့ကုတင်တွေ သယ်နေတာကို ကြည့်နေပါတယ်။ ကလေးရဲ့ဖြူစင်တဲ့အကြည့်က အရောင်စူးရှပြီး ပြုံးယောင်သန်းနေပေမယ့် သံဇကာကွက်တွေရဲ့အနောက်မှာရောက်နေတဲ့မြင်ကွင်းက ရင်ကိုလာထိပါတယ်။ ကိုယ်တိုင်လည်း နံရံလေးဖက်ကြားမှာ နေခဲ့ရသူမို့ နေ့စဉ်တွေ့မြင်နေကျ မြင်ကွင်းတွေအပြင်ကို တစ်ခုခုများထူးဆန်းတာတွေ့ခဲ့ရင် လိုက်ကြည့်မိတာ သဘာဝပါ။ ကလေးဘာသာဘာဝ လွတ်လပ်စွာဆော့ကစားချင်ရှာပေမယ့် ကပ်ရောဂါဆိုးကြီးရဲ့ ရိုက်ခတ်မှုကြောင့် ၁၄ ရက်တာ အဆောင်ထဲမှာ အသွားအလာကန့်သတ်ခံရတဲ့ ကလေးတစ်ဦးရဲ့မျက်ဝန်းကို ရင်မဆိုင်ချင်တော့တာနဲ့ ကိုယ်ချင်းစာခံစားမိတဲ့မြင်ကွင်းကနေ ကျွန်တော်လှည့်ထွက်လာခဲ့လိုက်ပါတယ်။ ဒါပေမယ့် အဲဒီနေ့ကစလို့ ပြည်သူတွေကို COVID-19 ကပ်ရောဂါကာကွယ်ရေးအတွက် လုပ်အားပေးနေတဲ့အချိန်တိုင်းမှာ ဒီမြင်ကွင်းကို အဖန်ဖန်ပြန်မြင်ယောင်နေမိပါတယ်။ လုပ်အားပေးရင်း မောပမ်းလို့နားနေချိန်မှာ ဒီကလေးကြည့်နေတဲ့မြင်ကွင်းကို ပြန်မြင်ယောင်လိုက်မိတာနဲ့ နောက်အလုပ်တစ်ခုအတွက် အားအင်သစ်ဖို့ အဆင်သင့်ဖြစ်နေပါတော့တယ်။ ခွန်အားတွေပေးတဲ့အတွက် ကျေးဇူးပါကလေးရေ။ လူကျန်းမာစိတ်ချမ်းသာစွာနဲ့ အိမ်ကမိသားစုဆီ အမြန်ဆုံးပြန်ရောက်ပြီး ပျော်ရွှင်ပါစေ။
 
ဖြစ်ရပ်(၂)

ကျွန်တော်တို့အဖွဲ့ကို ပရဟိတတစ်ဖွဲ့က သူတို့အခြေပြုရာရပ်ကွက်က ရပ်ကွက်ပြည်သူတွေတောင်းဆိုလို့ ပိုးသတ်ဆေးဖျန်းပေးပါလို့ လာဖိတ်ပါတယ်။ကျွန်တော်တို့ ဗော်လံတီယာ Volunteer တွေကလည်း အလုပ်လုပ်ချင်နေကြသူတွေဆိုတော့ မငြင်းဆန်ဘဲ ချက်ချင်းလိုက်သွားလိုက်ပါတယ်။ ညဘက်ကြီးရပ်ကွက်ထဲမှာ တစ်အိမ်တက်တစ်အိမ်ဆင်း ပိုးသတ်ဆေးလိုက်ဖျန်းကြပါတယ်။

     ကျွန်တော်တို့အဖွဲ့ပိုးသတ်ဆေးဖျန်းတဲ့ပုံစံကတော့ မြို့နယ်ကို ကျန်းမာရေးအထောက်အကူပြုအဖွဲ့က ဆရာဝန်တွေ၊ နားလည်တတ်ကျွမ်းသူတွေရဲ့ အသိပညာပေးသင်ကြားချက်အရ မြေပြင်ပေါ်တိုက်ရိုက်ဖျန်းတာမျိုး၊ လမ်းတွေပေါ်လိုက်ဖြန်းတာမျိုး လုံးဝမလုပ်ဘဲ အိမ်တွေရဲ့ လူလက်ကိုင်များတဲ့နေရာတွေကိုသာ ရွေးချယ်ဖျန်းပက်တာကြောင့် အချိန်နည်းနည်းတော့ ပိုကြာပါတယ်။ဒီလိုနဲ့အဲဒီရပ်ကွက်ထဲ လိုက်ဖျန်းနေကြရင်း ရပ်ကွက်တစ်ဝက်လောက်အပြီး ည ၁၁:၃၀ လောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူက အိပ်မှုန်စုံမွှားနဲ့ လိုက်လာပြီး ကျွန်တော်တို့ ဗော်လံတီယာ အဖွဲ့သားတွေကို ကြိမ်းမောင်းပါတော့တယ်။
     
သူကြိမ်းမောင်းတာကတော့ သူ့ကိုအသိမပေးဘဲ ရပ်ကွက်ထဲဆေးဖျန်းလို့ ဆေးဖျန်းတာရပ်ပြီး ချက်ချင်းပြန်ကြဖို့ နှင်ထုတ်တာပါ။ကပ်ရောဂါကြောင့် လူတွေစိတ်ဆင်းရဲနေကြချိန်မို့လို့ ကျွန်တော်တို့အဖွဲ့သားတွေ ဒေါသထိန်းပြီး အေးအေးဆေးဆေးစကားပြောပေမယ့် ဥက္ကဋ္ဌဆိုသူကတော့ ပြောချင်ရာပြောပြီး နှင်ထုတ်တဲ့အပြင် စိန်ခေါ်စကားတွေပါ ပါလာပါတော့တယ်။ သူဒေါသတကြီးပြောနေတဲ့အချိန်မှာ ရပ်ကွက်ပြည်သူတစ်ဦးက တိုးတိုးတိတ်တိတ်သတင်းလာပေးလို့ ဒီဥက္ကဋ္ဌဘာကြောင့်ဒီလောက်ဒေါသထွက်နေရသလဲဆိုတာ သဘောပေါက်သွားရပါတယ်။

ကျွန်တော်တို့ကို ဆေးဖျန်းဖို့လာခေါ်တဲ့ ပရဟိတအဖွဲ့က အနီအသင်းနဲ့ အစေးကပ်ပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌကတော့ အစိမ်းအသင်းကပါ။ ပြဿနာပိုကြီးသွားစေတာက ပရဟိတအဖွဲ့က ဥက္ကဋ္ဌနဲ့ ခဏခဏငြိနေကျမို့ ပိုးသတ်ဆေးဖြန်းမယ့်ကိစ္စကို ဥက္ကဋ္ဌကိုတိုက်ရိုက်သွားမပြောဘဲ အတွင်းရေးမှူးကတစ်ဆင့် ပြောခိုင်းပါတယ်။ ဒါကိုအတွင်းရေးမှူးကလည်း မေ့ဖြစ်အောင်မေ့ပြီး ဥက္ကဋ္ဌကိုအသိမပေးမိလိုက်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဆေးဖျန်းနေတဲ့အချိန်မှာ ဥက္ကဋ္ဌဘက်တော်သားတွေက အိမ်မှာအိပ်နေပြီဖြစ်တဲ့ သူတို့ရဲ့ဥက္ကဋ္ဌကြီးကို သွားနှိုးပြီးပြောပါတယ်။ အဲဒီမှာဥက္ကဋ္ဌကြီးက ညကြီးသန်းခေါင် ပွဲလာကြမ်းတာပါ။

ဒါနဲ့ပဲ နောက်ဆုံးမှာတော့ ပြဿနာပိုမကြီးထွားအောင် ကျွန်တော်တို့ပဲ ပြန်ခဲ့လိုက်ပါတယ်။ မပြန်ခင်တော့ ငုံ့မခံတတ်တဲ့စိတ်ကြောင့် တစ်ခွန်းတော့ပြောခဲ့လိုက်ပါတယ်။

"ကျွန်တော်တို့ ပိုးသတ်ဆေးလာဖျန်းတာ အနီတွေအိမ်ပဲဖျန်းမယ်၊ အစိမ်းအိမ်မဖျန်းပေးဘူး၊ ဒီဘာသာဝင်ပဲဖျန်းမယ်၊ ဟိုဘာသာဝင်တွေတော့မဖျန်းနိုင်ဘူး၊ ဒီလူမျိုးတွေပဲဖျန်းမယ်၊ ဟိုလူမျိုးတွေကိုချန်ခဲ့မယ်၊ ချမ်းသာတဲ့အိမ်ပဲဖျန်းမယ်၊ ဆင်းရဲတဲ့အိမ်မဖျန်းဘူးဆိုပြီး လာခဲ့တာမဟုတ်ဘူး။ ဒီရပ်ကွက်ထဲမှာရှိတဲ့ပြည်သူတွေအားလုံး ကပ်ရောဂါဘေးကကင်းဝေးအောင် အယုတ်၊ အလတ်၊ အမြတ်မရွေး ကူညီပေးဖို့လာတာဖြစ်တယ်။ ရောဂါပိုးကလဲ အစိမ်းမို့မကူးဘူး၊ အနီမို့ကူးမယ်ဆိုတာမျိုးလည်းမရှိဘူး။ အကုန်လုံးကိုကူးမှာ၊ ကူးရင်ကိုယ့်တစ်ယောက်တည်းနဲ့ အဆုံးသတ်မှာမဟုတ်ဘူး၊ အကုန်လုံးဒုက္ခရောက်မှာ၊ နောက်ပြီးတော့ ရောဂါပိုးက ကူးစက်ဖို့အတွက် ဥက္ကဋ္ဌဆီကလည်း ခွင့်ပြုချက်တောင်းနေမှာ မဟုတ်ဘူး။ ရပ်ကွက်လူကြီးလုပ်နေပြီး ဒီလောက်မှနားမလည်ရင် ကိုယ့်ရပ်ကွက်ပြည်သူနဲ့သာ ကိုယ်ရှင်းပေတော့" လို့ပြောခဲ့လိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူစာရင်းကို ထုတ်ပြန်တိုင်း အသိခေါက်ခက် အဝင်နက်တဲ့ လူ့အန္ဓတချို့ရဲ့အပြုအမူကို ပြန်သတိရမိပြီး တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ဘာပဲဖြစ်ဖြစ်ပါ။ကျွန်တော်တို့ပြည်သူတွေအတွက် ကျွန်တော်တို့အသက်ရှိနေသရွေ့တော့ နိုင်ရာတာဝန်ကို ထမ်းဆောင်နေပါဦးမယ်။

 ဖြစ်ရပ်(၃)

Mask တပ်ကြပါ၊ လက်ကိုမကြာခဏဆေးပါဆိုတဲ့ အသံလွှင့်ချက်ကို အဆက်မပြတ်လွှင့်နေတဲ့ လိုက်ထရပ် Light Truck ကားကအသံနဲ့အတူ လက်ကိုင်အော်လံနဲ့ပါ အော်နေတဲ့အသံကြောင့် ထားမလုံဈေးပေါက်ဝမှာ ခါတိုင်းကြားနေကျ ဈေးသည်တွေရဲ့ဈေးရောင်းသံ၊ ဆိုင်ကယ်ကယ်ရီသမားတွေရဲ့အသံတွေက ပျောက်ဆုံးနေတယ်။များပြားရှုပ်ထွေးပြီး ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ လူအုပ်ကြီးရဲ့ကြားမှာ ကျွန်တော်တို့လည်း ကိုယ်ပူချိန်တိုင်းတဲ့သူကတိုင်း၊ လက်သန့်ဆေးဖျန်းပေးတဲ့သူကဖျန်းပေး၊ လူတွေလက်သန့်ဆေးမဖျန်းရသေးဘဲ ဈေးထဲဝင်သွားမှာစိုးလို့ တားတဲ့သူကတား၊ အော်လံနဲ့အော်တဲ့သူကအော်နဲ့ ကိုယ်စီအလုပ်ရှုပ်နေကြပါတယ်။
   
 ထားမလုံဈေးရဲ့ မနက်ခင်းအချိန်ဟာ ဘယ်လောက်ရှုပ်ယှက်ခတ်အောင် စည်ကားတယ်ဆိုတာ ရောက်ဖူးသူတိုင်း သိကြမှာပါ။ဒီလူအုပ်ကြီးကို ဈေးထဲမဝင်ခင် Mask တပ်ဖို့နဲ့ လက်ဆေးကြဖို့၊ ပြီးတော့ Mask မပါလာတဲ့သူတွေကို မြို့နယ်ကော်မတီကရောင်းပေးတဲ့ Mask တွေတစ်ခုနှစ်ရာနဲ့ ဝယ်ဖို့ စီစဉ်လုပ်ဆောင်နေကြရလို့ ကျွန်တော်တို့တစ်ဖွဲ့လုံး ပါးစပ်မအား၊လက်မအားဖြစ်နေကြပါတယ်။ဒီအချိန်မှာပဲ Mask မတပ်ဘဲ ဈေးခြင်းတောင်းကြီးလက်ကဆွဲလို့ ဈေးထဲဝင်လာတဲ့ အဝတ်အစားခပ်နွမ်းနွမ်းနဲ့ အဘွားအိုတစ်ယောက်က ကျွန်တော်တို့နားမရောက်ခင်မှာ မတ်တပ်ရပ်ပြီး ဈေးခြင်းတောင်းထဲနှိုက်လိုက် သူ့ချွေးခံအိတ်ထဲနှိုက်လိုက်နဲ့ တစ်စုံတစ်ခုကို ရှာဖွေနေတာကို တွေ့ရပါတယ်။ Mask တပ်မထားတာမို့ ကျွန်တော်ကလှမ်းပြောလိုက်ရပါတယ်။

"အဘွား Mask မတပ်ဘဲ ဈေးထဲဝင်လို့မရပါဘူး" လို့ဆိုတော့ "ပါပါတယ်လူလေး ဒီမှာပါ"ဆိုပြီး သူ့ချွေးခံအိတ်ထဲက ကျွတ်ကျွတ်အိတ်နဲ့ထုပ်ထားတဲ့ တစ်ခါသုံး Surgical mask ကိုထုတ်တပ်ဖို့လုပ်ပါတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ တစ်ခါသုံး Mask က ဘယ်နှစ်ခါသုံးထားမှန်းမသိလောက်အောင် ဂျီးအထပ်ထပ်နဲ့ ညစ်ထေးနေပါတယ်။ ပုံစံကြည့်ရတာ Mask စစ်တဲ့အဖွဲ့နဲ့တွေ့တိုင်း Mask ခမျာ ထုတ်တပ်လိုက်၊ ပြန်သိမ်းခံရလိုက်နဲ့ ဖြစ်နေပုံရပါတယ်။ ဒါနဲ့ပဲကျွန်တော်က ဒါဟာတစ်ခါသုံးနှာခေါင်းစည်းမို့ ထုတ်တပ်လိုက်ပြန်သိမ်းလိုက် လုပ်လို့မရကြောင်း၊ အပြင်ကပြန်လာတာနဲ့ အိမ်ထဲမယူဘဲ အမှိုက်ပုံးထဲကို သေသေချာချာစနစ်တကျ စွန့်ပစ်ရကြောင်း၊ နို့မို့ဆို အပြင်ကရောဂါပိုးတွေကို အိမ်ထဲယူလာသလိုဖြစ်နေမှာဖြစ်ကြောင်း၊ ဒီလိုတစ်ခါသုံး Mask ကိုခဏခဏပြန်သုံးတာက Mask မတပ်ဘဲနေတာထက် ပိုအန္တရာယ်များကြောင်းတွေကို အကျဉ်းချုံးရှင်းပြပြီး ကျွန်တော်တို့အဖွဲ့သားတွေအတွက် အပိုယူလာတဲ့ Mask ကိုပေးလိုက်ပါတယ်။

အဘွားကတော့ ဝတ်စုံပြည့် အဖွဲ့တွေအများကြီးနဲ့မို့ ကြောက်လို့ပဲလား၊ တကယ်ပဲနားထောင်နေသလား မသိပေမယ့် ခေါင်းတငြိမ့်ငြိမ့်နဲ့တော့ ရှိနေပါတယ်။  နှာခါင်းစည်းတပ်၊ မတပ် စစ်ဆေးနေကြတဲ့ အဖွဲ့စုံကလူတွေကမသိအောင် ကိုယ်နဲ့ကွယ်ပြီး ကျွန်တော်ထုတ်ပေးလိုက်တဲ့ Mask လေးတပ်ပြီး တလှုပ်လှုပ်နဲ့ ဈေးထဲဝင်သွားတဲ့ အဘွားကိုကြည့်ရင်း သက်ပြင်းသာအသာချမိပါတော့တယ်။ နေ့စဉ်စားဖို့ ဈေးသွားဈေးပြန်လုပ်နေရတဲ့ ဒီအဘွားအတွက် နောက်နေ့တွေမှာရော တပ်စရာ Mask ရှိပါ့မလား။ကျွန်တော် ပေးလိုက်တဲ့ အဝတ် Mask လေးကို တကယ်ရောလျှော်သုံးပါ့မလား။ ရောဂါပိုးမကူးဆက်နိုင်တဲ့ နည်းလမ်းတွေအတိုင်း သိမ်းဆည်းလျှော်ဖွပ် အသုံးပြုပါ့မလား။ ဒီအဘွားလိုပဲ ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးက နေ့စဉ်သွားလာလှုပ်ရှား ရုန်းကန်နေကြရတဲ့ပြည်သူတွေရဲ့ နေထိုင်မှုပုံစံက ထပ်တူပဲလား။ လား.. ပေါင်းများစွာနဲ့ မေးခွန်းတွေအတွက်တော့ ကျွန်တော့်မှာ အဖြေမရှိခဲ့ပါဘူး။  

(စာရေးသူ မင်းသွေးသစ်သည် အိုးဝေစာကြည့်တိုက်နှင့်ပညာဒါန (သန်လျင်မြို့) တည်ထောင်သူ ဖြစ်ပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly