အာကာသထဲက အင်တာနက်၊ အင်္ဂါဂြိုဟ်ပေါ်မှာ အင်တာနက် ရလား

အာကာသထဲက အင်တာနက်၊ အင်္ဂါဂြိုဟ်ပေါ်မှာ အင်တာနက် ရလား

ဇွန် ၁၁

လက်ရှိအချိန်ကာလအထိ အခြေခံအားဖြင့်  ကမ္ဘာပေါ်ရှိ နေရာဒေသအားလုံးသို့ အင်တာနက် ရောက်ရှိနေပြီ ဖြစ်သည်။ လေယာဉ်တစ်စင်းပေါ်တွင် လိုက်ပါစီးနင်းစဉ် အွန်လိုင်း သုံးခြင်းသည် မထူးဆန်းတော့သော အကြောင်း အရာတစ်ခု ဖြစ်နေပြီး ဖြစ်သလို ယုတ်စွအဆုံး နိုင်ငံတကာ အာကာသစခန်း (ISS) သည်လည်း Web နှင့် အဆက်အသွယ် (Connection) ရှိနေပြီဖြစ်သည်။ အာကာသ စူးစမ်းရှာဖွေရေး အေဂျင်စီများသည် ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းအတွင်းရှိ အခြားဂြိုဟ်များနှင့်လည်း အင်တာနက် ချိတ်ဆက်နိုင်ရေး လုပ်ဆောင်ရန် အသင့်ရှိနေကြပြီဖြစ်သည်။ အာကာသ အင်တာနက် (ဝက်ဘ်-Web) သည် အလုပ်သက်သက်မဟုတ်ဘဲ ယင်းသည် မိခင် ကမ္ဘာမြေမှ ဝေးကွာသည့်နေရာတွင် ရောက်နေသူများကို ၎င်းတို့၏ နေအိမ်များနှင့် အဆက်အသွယ် မပြတ်တောက်စေရန် ကူညီပေးနိုင်သည်။ ဤပို့စ်သည် လက်ရှိအချိန်တွင် ယင်းက မည်သို့မည်ပုံ လုပ်ဆောင်နေသည်နှင့် မည်သို့မည်ပုံ တိုးတက်ဖြစ်ပေါ်ရန် ရှိနေသည်တို့ကို တင်ပြခြင်းဖြစ်သည်။

ISS ပေါ်က WWW

နိုင်ငံတကာ အာကာသစခန်းရှိ အာကာသယာဉ်မှူးများသည် ၂၀၁၀ ခုနှစ်ကစလို့ Web ကို ပထမဆုံး access (အသုံးပြုနိုင်) လုပ်နိုင်ခဲ့သည်။ Access service (ဝက်ဘ် အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှု) ကို နာဆာ (NASA) က ပံ့ပိုးပေးခဲ့သည်။ အာကာသယာဉ်မှူးများသည် ဟူစတန်ရှိ ကွန်ပြူတာတစ်လုံးနှင့် ချိတ်ဆက်ရန် ဂြိုဟ်တု လင့်ခ် (link) တစ်ခုကို အသုံးပြုခဲ့သည်။ ၎င်းတို့သည် အဝေးထိန်းကွန်ပြူတာ remote desktop mode နည်းလမ်းပုံစံဖြင့် ယင်းနေရာကနေ အွန်လိုင်း အသုံးပြုခွင့်ရခဲ့သည်။ အဆိုပါ နည်းလမ်းအတိုင်းက ပိုမို လုံခြုံမှု ရှိသည်။ အကယ်၍ ISS အမှုထမ်းတစ်ဦးက အန္တရာယ်ရှိသော လင့်ခ် တစ်ခု သို့မဟုတ် ဖိုင်တစ်ခုကို ဖွင့်မိခဲ့သည် ဆိုလျင်တောင်မှ မြေပြင်ရှိ ကွန်ပြူတာကသာလျင် ထိခိုက်မှု ရှိမည်ဖြစ်သည်။

နာဆာ အာကာသယာဉ်မှူး တီဂျေ ခရမ်မာ T.J Creamer က အာကာသထဲကနေ ပထမဆုံးသော အကူအညီမပါသည့် တွစ်တာစာကြောင်းကို တင်ခဲ့ပြီး ISS ပေါ်သို့ အင်တာနက် Web ရောက်ရှိမှုကို ဂုဏ်ပြုခဲ့သည်။

ဂြိုဟ်တု အဟန့်အတားများ

အမှန်တကယ်တမ်းတွင် ISS ပေါ်တွင် ၎င်းတို့ ရရှိထားသည့် အင်တာနက်သည် သင့် နေအိမ်တွင် ရနေသည့် အင်တာနက်လိုင်း၏ မြန်နှုန်းနီးပါးလောက် မြန်ဆန်မည် မဟုတ်သလို သင့် နေအိမ်တွင် မကြုံတွေ့နိုင်သည့် နှောင့်နှေးမှုမျိုးကိုလည်း ISS တွင် ကြုံရနိုင်သည်။ ကေဘယ်လ်ကြိုးများ အသုံးမပြုနိုင်သည့် နေရာများတွင် ရရှိနိုင်သည့် Wired နည်းပညာများထက် ဂြိုဟ်တု ဆက်သွယ်ရေးလိုင်းများက အားသာချက်များ ရှိနေသလို တစ်ဘက်တွင်လည်း စိန်ခေါ်မှုများလည်း ရှိနေသည်။

တုံ့ပြန်မှု နှေးကွေးပြီး မြန်နှုန်း နိမ်ကျခြင်း

ISS သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀ ခန့်) တွင် ပတ်နေသည် ဆိုသော်လည်း ဒေတာများသည် ကမ္ဘာမြေသို့ ရောက်ရှိရန် အတော်အတန် ပိုမိုရှည်လျားသော အကွာအဝေးတစ်ခုကို လွှမ်းခြုံသည်။ ပထမဆုံးအနေဖြင့် ISS သည် မြေပြင်အထက် ၃၅,၇၈၆ ကီလိုမီတာ (မိုင် ၂၂,၀၀၀) အမြင့်တွင် ပျံသန်းနေသော ထပ်ဆင့်လွှင့်ဂြိုဟ်တုတစ်ခုဆီသို့ signal လှိုင်းကို အပေါ်ဘက်ဦးတည် ပို့လွှတ်သည်။ အဆိုပါနေရာကနေသာလျင် ယင်းက မြေပြင် အာကာသဆက်သွယ်ရေးစခန်းတစ်ခုဆီသို့ အောက်စိုက် ဆင်းသွားနိုင်မည်ဖြစ်သည်။

ယင်းအတွက်ကြောင့် ISS ပေါ်မှ ဒေတာများနှင့် ယင်းထံ ပြန်ပို့လိုက်သည့် response signal လှိုင်းတို့၏ လွှမ်းခြုံဖြန့်ကျက်ထားသည့် စုစုပေါင်း အကွာအဝေးသည် ကီလိုမီတာ ၁၅၀,၀၀၀ သာသာ သို့မဟုတ် မိုင် ၁၀၀,၀၀၀ နီးပါး ဖြစ်သည်။ ယင်းက အချိန်ကြာစေသည်။ နာဆာ အမှုထမ်းတစ်ဦး၏ အဆိုအရ ISS နှင့် ဒေတာ အတုံ့အလှယ် ပြုမှုတွင် transmission latency (ထုတ်လွှတ်မှု ကြာချိန်) တစ်စက္ကန့်ဝက်ခန့် ရှိပြီး ယင်းက ပျမ်းမျှ ကေဘယ် ကော်နက်ရှင်၏ latency ထက် အဆပေါင်း ၂၀ ခန့် ဖြစ်သည်။

ထို့ပြင် အာကာသယာဉ်မှူးများအနေဖြင့် Web အသုံးပြုရုံသက်သက်ထက် ပိုမို၍ ၎င်းတို့အတွက် ရရှိနိုင်မည့် ဂြိုဟ်တုလင့်ခ်တစ်ခုကို လိုအပ်သည်။ ၎င်းတို့သည် ယင်းကို သိပ္ပံဆိုင်ရာ ဒေတာများနှင့် ဗီဒီယိုအကြောင်းအရာ များစွာ ( မြေပြင်ပေါ်ရှိ ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များက ISS ပေါ်ရှိ လှုပ်ရှားမှုကို သိရှိစေရန်နှင့် ယင်းထံမှ အမြင်များရရှိစေရန် users များအတွက် အင်တာနက်တွင် ထုတ်လွှင့်ပြသသည်) ကို မစ်ရှင် ထိန်းချုပ်ရေးစင်တာကို ပို့လွှတ်ရာတွင် သုံးသည်။ တူညီသော ဂြိုဟ်တုလင့်ခ်ကြောင့် ISS တွင် ရှိနေသူများအတွက် ကမ္ဘာမြေနှင့် အသံဖိုင်နှင့် ဗီဒီယို conferencing အစည်းအဝေး လုပ်၍ ရစေနိုင်သည်။

ရလဒ်အနေဖြင့် bandwidth ၏ သေးငယ်သော အပိုင်းတစ်ခုကိုသာလျင် tweets လုပ်ရန်နှင့် browsing လုပ်ရန်အတွက် အသုံးပြုနိုင်သည်။ ထို့ပြင် ဂြိုဟ်တု၏  downlink က 300 mbps အထိ ရှိသော်လည်း uplink က 25 mbps ဖြင့်သာ အကန့်အသတ်နှင့် ရှိနေသည်။ မြန်နှုန်းအရ ကြည့်မည်ဆိုလျင် ISS တွင် ရရှိနေသော connection ကို ရှေးခေတ် ကွန်ပြူတာ modem များ၏ မြန်နှုန်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ခြုံ၍ ကြည့်မည်ဆိုပါက အာကာသစခန်းသည် ဂြိုဟ်တု coverage ဇုန်ကို တစ်ခုနှင့်တစ်ခု ခြား၍ ရှိနေစေသည်။ ISS က ကမ္ဘာကို ပတ်ရန် ကြာသည့် အချိန် ၁ နာရီ ခွဲတိုင်းတွင် ယင်းအနေဖြင့် အချိန် ၁၅ မိနစ်ခန့်အထိ လုံးလုံးလျားလျား coverage မရှိနိုင်ပေ။

အကန့်အသတ်ဖြင့်သာ ရှိနေသော လောင်စာ

ဂြိုဟ်တုများသည် ကမ္ဘာနှင့် အလျဉ်မပြတ်သည့် အဆက်အသွယ်ကို ထိန်းထားပြီး အချိန်တိုင်းတွင် တူညီသော အမှတ်တစ်ခုအတွက် ဆက်ရှိနေစေရန် ကျွနု်ပ်တို့ ဂြိုဟ်သည် ယင်းဘာသာ လည်ပတ်သည့် မြန်နှုန်းကဲ့သို့ တိကျသည့် မြန်နှုန်းဖြင့် လှည့်နေသည်။ သို့သော် ဂြိုဟ်ပတ်လမ်းသည် အခါအားလျော်စွာ အလိုက်သင့် ကိုက်ညှိရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဂြိုဟ်တုများသည် ယင်းအဆက်အသွယ်ကနေ လွတ်ထွက်သွားပြီး ကင်းကွာသွားနိုင်သည်။ စနစ်တကျ လှုပ်ရှားဆောင်ရွက်မှုများကို တွန်းကန်အား ဖြစ်စေသော ပစ္စည်း အသုံးပြုခြင်းအားဖြင့် ပြီးမြောက်အောင်မြင်စေနိုင်သည်။ သို့သော် ဂြိုဟ်တုများသည် ကား သို့မဟုတ် လေယာဉ်ပျံ များ မဟုတ်သလို ယင်းတို့သည် လောင်စာ ဖြည့်ရန် ကမ္ဘာသို့ ပြန်လည် ပျံသန်းနိုင်ခြင်းလည်း မရှိပေ။

ယင်း ပြဿနာကို ဖြေရှင်းရန် ကမ္ဘာတဝန်း ကုမ္ပဏီများသည် အာကာသထဲ ဂြိုဟ်တုများကို တိုက်ရိုက် လောင်စာ ပြန်ဖြည့်နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက် ရှိသည်။ တွန်းကန်အား ဖြစ်ပေါ်စေသော ပစ္စည်းကို ဂြိုဟ်ပတ်လမ်းထဲ ပို့လွှတ်ရန် ရည်ရွယ်သည့် စနစ်များကို ကနေဒါ MDA ကော်ပိုရေးရှင်းနှင့် ဗြိတိန်-အစ္စရေး Effective Space Solutions ကုမ္ပဏီတို့က ISS ရှိ အမေရိကန်အပိုင်းတွင် စမ်းသပ်လျက် ရှိသည်။ ထို့ပြင် ဥရောပ အာကာသအေဂျင်စီ (ESA) ကလည်း လောင်စာအတွက် ကမ္ဘာ့လေထု၏ အပေါ်ဘက် အလွှာများမှ လေမော်လီကျူးများကို အသုံးပြုနိုင်သည့် အင်ဂျင်တစ်လုံးကို ထုတ်လုပ်ထားသည်။

လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု

တွန်းကန်အား ဖြစ်ပေါ်စေသော ပစ္စည်း ပြဿနာကို လျှပ်စစ် အသုံးပြုပြီး တစ်စိတ်တစ်ဒေသအားဖြင့် ဖြေရှင်းနိုင်သည်။ ယင်းက လောင်စာ သုံးစွဲမှုကို လျော့ကျစေနိုင်ပြီး ဆိုလာပြား (solar panel) များကနေတဆင့် အသစ်လဲနိုင်သည်။ ကမ္ဘာနှင့် အခြား အာကာသယာဉ်များအကြား ချိတ်ဆက် ဆက်သွယ်မှုလုပ်ဆောင်ရန်အတွက် လျှပ်စစ်ကို လိုအပ်သည်။ သို့သော် အချိန်တချို့၌ ကျွန်ုပ်တို့ ဂြိုဟ်က ဂြိုဟ်တုများကို နေကနေ ကွယ်ပေးသည့်အတွက် ယင်းတို့သည် ဘထ္ထရီများဖြင့် အလုပ်လုပ်ရပြီး လုပ်နိုင်စွမ်း (capacity) ကလည်း အကန့်အသတ်ဖြင့်သာ ရှိနေသည်။

စွမ်းအား (power) ကုန်ဆုံးသွားသည့် ဂြိုဟ်တုများကို ပြန်လည်အားသွင်းမည့် ဂြိုဟ်ပတ် စက်ရုပ် ဒါဇင်နှင့်ချီ ပါဝင်သော ဖြေရှင်းချက်နည်းလမ်းတစ်ခုကို ရုရှားသိပ္ပံပညာရှင်များ အဆိုပြုထားသည်။ စက်ရုပ်များသည် ကမ္ဘာမှ ရေဒီယိုလှိုင်း ထုတ်လွှတ်မှု (radio transmission) များနှင့် ဆိုလာထုတ်လွှတ်မှု (solar emission) တို့ကနေ လျှပ်စစ်ကို ဆွဲယူမည်ဖြစ်သည်။
ယင်းနည်းပညာသည် အာကာသယာဉ် သက်တမ်းကို တစ်ဆ ခွဲ ပိုရှည်စေနိုင်ပြီး တချိန်တည်းမှာပင် ပိုလျှံသည့် ဘထ္ထရီများနှင့် solar panels များကို စွန့်ပစ်ခြင်းအားဖြင့် ယင်းတို့ကို ပိုမို ပေါ့ပါးစေမည်ဖြစ်သည်။

အပူလွန်ကဲခြင်း

အမြဲတစေ လုပ်နိုင်စွမ်းအပြည့်ဖြင့် လုပ်နေရသည့် အာကာသ repeater များ သို့မဟုတ် ထပ်ဆင့်လွှင့် ဂြိုဟ်တုများသည် အပူလွန်ကဲခြင်း ပြဿနာနှင့် ကြုံရတတ်သည်။ အာကာသ ဂြိုဟ်ပတ်လမ်းတွင် လေမရှိသည့်အတွက် ကမ္ဘာမြေပြင်ပေါ်တွင် ကွန်ပြူတာများ အေးစေရန် ပန်ကာ အသုံးပြုခြင်းမျိုးက ယင်းနေရာတွင် အသုံးဝင်မည်မဟုတ်ပေ။ ထို့ပြင် ဂြိုဟ်မျက်နှာပြင်ပေါ်မှာထက်စာပါက အာကာသထဲတွင် အတော်အတန် ပိုမို အေးမြသည့်ဆိုလျင်တောင်မှ အပူပျောက်ကွယ်စေခြင်းက အမှန်တကယ်ပင် အာကာသထဲတွင် စိန်ခေါ်မှုများ ရှိနေသည့် ပြဿနာတစ်ခု ဖြစ်သည်။

အပူလွန်ကဲခြင်းကို ထိန်းသိမ်းနိုင်ရန်အတွက် အာကာသယာဉ်သည် အပူကို ရောင်ခြည်ဖြာထွက်ထုတ်လွှင့်မှုအဖြစ် ပြောင်းလဲပေးသည့် ကိရိယာများဖြစ်သော ကြီးမားသော radiators များကို သုံးသည်။ ဂြိုဟ်တုက ပိုမို စွမ်းအား ကောင်းလေ အအေးစနစ်အတွက် လိုအပ်သည့် radiator အရွယ်အစား ပိုကြီးလေ ဖြစ်သည်။ ယင်းအတွက်ကြောင့် မျိုးဆက်သစ် 25 kW ဆက်သွယ်ရေး ဂြိုဟ်တုများအတွက် အေးမြမှုကို ထောက်ပံ့ပေးရန် သုတေသီများသည် အရွယ်အစားပိုကြီးသော  4 × 1 m radiator တစ်ခုကို ဖန်တီးထားခဲ့သည်။

ကော်စမစ် ရောင်ခြည်များ

အခြား ပြဿနာတစ်ခုက ကော်စမစ် ရောင်ခြည်များဖြစ်သည်။ ယင်းက အီလက်ထရောနစ် ပစ္စည်းတိုင်းကို ပျက်ပြားအောင် လုပ်ဆောင်နိုင်သည်။ မြေပြင်ပေါ်တွင်မူ အကာအကွယ်သည် သံလိုက်စက်ကွင်းနှင့် ဂြိုဟ်၏ လေထုမှ လာသည်။ သို့သော် ဂြိုဟ်ပတ်လမ်းတွင် အလားတူ အကာအကွယ်မျိုး မရှိပေ။ ယင်းအတွက်ကြောင့် အာကာသယာဉ်တွင် အသုံးပြုသည့် အီလက်ထရောနစ် တပ်ဆင်ပစ္စည်းများကို radiation ခံနိုင်ရန် ရည်ရွယ်တည် ဆောက်ထားသည်။ သို့သော် radiation သည် ဂြိုဟ်တုများအတွက် အဓိကပြဿနာတစ်ခုအဖြစ် ဆက်ရှိနေသည်။

အာကာသယာဉ်မှူး Pavel Vinogradov ၏ အဆိုအရ ISS modules များကို ကောင်းစွာကာကွယ်ပေးထားသည် ဆိုတောင်မှ ISS ပေါ်တွင် လက်ပ်တော့များ အလွန်လျင်လျင်မြန်မြန်ပင် အလုပ်မလုပ်တော့ဘဲ ဖြစ်သွားသည်ဟု သိရသည်။ အလားတူ ကင်မရာများလည်း ထိခိုက်မှု ကြုံတွေ့ရသည်။ ဓာတ်ပုံများသည် မြန်မြန်ဆန်ဆန်ပင် dead pixel များနှင့်အတူ ပြန့်ကျဲသွားတတ်သည်။ ထို့ပြင် radiation သည် ဂြိုဟ်တုများကနေ ထုတ်လွှင့်သည့် signal များကို အလွန်အကျွံ နှောင့်ယှက်ပြီး onboard devices စက်ပစ္စည်းများ၏ memory မှတ်ဉာဏ် အစိတ်အပိုင်းတစ်ခုစီတိုင်းကို ပျက်စီးစေနိုင်သည်။

Radiation နှင့် cryptography

Radiation (အပူရောင်ခြည် ဖြာထွက်ခြင်း) သည် ကမ္ဘာမြေနှင့် အာကာသယာဉ်အများအပြားအကြား သတင်းအချက်အလက်များကို encryption (ဝှက်စာစနစ်) မပါဘဲ ဖလှယ်သည့် အကြောင်းရင်းများအနက်က တစ်ခုဖြစ်သည်။ အကယ်၍ radiation က encryption key အတွက် အသုံးပြုသည့် သိုလှောင်မှု ဧရိယာကို ထိခိုက်စေမည်ဆိုပါက ဆက်သွယ်မှုသည်လည်း ပျက်ပြားသွားမည်ဖြစ်သည်။

အနည်းနှင့် အများ အကာအကွယ်လုပ်ထားပြီး ISS အမှုထမ်းများ အွန်လိုင်းအသုံးပြုနိုင်နေသည့် ထပ်ဆင့်လွှင့် ဂြိုဟ်တုများအတွက် ပြဿနာသည် ကြီးလေးမှုတော့ သိပ် မရှိပေ။ သို့သော် ယင်းသည် ကမ္ဘာ၏ ဂြိုဟ်ပတ်လမ်းပေါ်မှာ အခြား အာကာသယာဉ်အများစုနှင့် သက်ဆိုင်သည့် ကိစ္စမဟုတ်ပေ။

Encryption မရှိခြင်းက ထိခိုက်မှုများဖြစ်ပေါ်နိုင်သည့် ကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြေပြင်ရှိ ကွန်ပြူတာများကဲ့သို့ပင် ဂြိုဟ်တုများသည်လည်း တိုက်ခိုက်ခံရရန် အလားအလာရှိ ပစ်မှတ်များဖြစ်သည်။ ယင်းအခြေအနေကို ကုစားရန် ရည်ရွယ်သည့် စမ်းသပ်မှုတစ်ခုကို မကြာသေးမီက ဥရောပအာကာသအေဂျင်စီက လုပ်ဆောင်ခဲ့သည်။ သင့်တင့်သည့် နှုန်းထားတစ်ရပ်ဖြင့် ဂြိုဟ်တုများနှင့် ခိုင်မာအားကောင်းသည့် encrypted လုပ်ထားသော ဆက်သွယ်မှုကို ထိန်းသိမ်းထားနိုင်မည့် နည်းလမ်းနှစ်ခုကို သုတေသီများ စမ်းသပ်နေသည်။

၁.ဆင့်ပွား fallback (အရေးပေါ်ကိစ္စအတွက် အရန်ထားသည့်) အခြေခံ key တစ်ခုကို hardware ထဲတွင် ထည့်သွင်းတပ်ဆင်ထားသည်။ အကယ်၍ အဓိက key သည် ထိခိုက်မှုများ ဖြစ်ပေါ်လာပါက စနစ်က အထက်ပါ အရန်ထားသည့် key အပေါ် အခြေခံပြီး အသစ်တစ်ခုကို လည်ပတ်စေမည်ဖြစ်သည်။ သို့သော် ယင်းကဲ့သို့ key များကို အကန့်အသတ်ဖြင့်သာ ဖန်တီးနိုင်သည်။

၂. ထပ်တူဖြစ်သည့် မိုက်ခရိုပရိုဆက်ဆာ cores အရေအတွက် ဖြစ်သည်။ အကယ်၍ core တစ်ခု အလုပ်မလုပ်တော့ပါက အချိန်မရွေး အခြားတစ်ခုက အစားဝင်နိုင်မည်ဖြစ်ပြီး တချိန်တည်းမှာပင် အပြစ်အနာအဆာဖြစ်သည့် core က ယင်း၏ ဖွဲ့စည်းပုံအစီအစဉ်စနစ်ကို ပြန်အသက်သွင်းပြီး ယင်းနောက် ယင်းဘာသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ယင်း နည်းလမ်းများကို စမ်းသပ်မည့် ကိရိယာ device ကို ၂၀၁၉ ခုနှစ် ဧပြီလတွင် ISS သို့ ပို့ခဲ့သည်။ ယင်းသည် အနည်းဆုံး တစ်နှစ်ကြာခန့် အလျဉ်မပြတ်ဘဲ လည်ပတ်နိုင်မည်ဟု မျှော်လင့်ရသည်။ ယင်းသည် စံသတ်မှတ်ချက် Raspberry Pi Zero minicomputer တစ်လုံးပေါ်တွင် အခြေတည်ထားသည့်အတွက် ယင်းက အတော်အတန်ပင် စရိတ်စကနည်းပါးသည့် ဖြေရှင်းချက်တစ်ခုဖြစ်သည်။

ဂြိုဟ်တုများနှင့်အကြား ဆက်သွယ်မှုသည် ရှေ့လာမည့်နှစ်များအတွင်း ဘေးကင်းလုံခြုံလာလိမ့်မည်ဟု မမျှော်မှန်းနိုင်သေးပေ။ သို့သော် အာကာသထဲ ပို့လွှတ်ထားပြီးဖြစ်သည့် စနစ်များကို အဆင့်မြှင့်တင်ရန်လည်း လွယ်ကူသည့် နည်းလမ်းမျိုးလည်း မရှိပေ။

အင်္ဂါဂြိုဟ်နှင့် ဆိုင်သည့် အင်တာနက်

သုတေသီအချို့က ဂြိုဟ်တု ကာကွယ်ရေးနှင့် bandwidth  (သတင်းအချက်အလက် သယ်ဆောင်နိုင်စွမ်း) တို့ကို တိုးတက်စေရေးအတွက် အလုပ်များနေလျက်ရှိချိန် အခြားသုတေသီများကလည်း ဂြိုဟ်အချင်းချင်းအကြားက အင်တာနက်တစ်ခု ဖန်တီးရေးကို စဉ်းစားသုံးသပ်နေကြသည်။ အတိုင်းအတာအရ လုံးလုံးလျားလျား မတူညီသော်လည်း အချက်အများအပြားအရ ယင်းနှင့်ပတ်သက်၍ ဖြေရှင်းရမည့် ပြဿနာများသည် ISS အမှုထမ်းများ ကြုံတွေ့နေရသည့် ပြဿနာများနှင့် အလားတူနေသည်။

ဥပမာအားဖြင့် ကမ္ဘာနှင့် ယှဉ်ပြီး ရှိနေသည့် အင်္ဂါဂြိုဟ် (ဂြိုဟ်နီ) ၏ အနေအထားအပေါ် မူတည်ပြီး အင်္ဂါဂြိုဟ်သို့ signal တစ်ခုရောက်ရှိရန် အချိန် ၃ မိနစ်မှ ၂၂ မိနစ်အထိ ကြာသည်။ ယင်းသည် ISS ပေါ်က တစ်စက္ကန့်ဝက် delay နီးပါးလောက် မကောင်းပေ။ ထို့ပြင် အင်္ဂါဂြိုဟ်နှင့် ကမ္ဘာအကြား တိုက်ရိုက်ဆက်သွယ်မှုသည် နှစ် နှစ်တိုင်းလျှင် သီတင်းပတ်နှစ်ပတ်ကြာ ပြတ်တောက်သည်။ ဂြိုဟ်နှစ်ခုအကြား နေက ရောက်ရှိပြီး signal များကို ပိတ်ဆို့ကာလိုက်ခြင်းကြောင့် ဖြစ်သည်။

အာကာသ အင်တာနက်တွင် ထူးခြားသည့် အင်္ဂါရပ်တချို့ ရှိနေသည်။ ကွန်ရက်၏ nodes အားလုံးသည် မပြောင်းလဲသည့် ရွေ့လျားမှုအတိုင်း ရှိနေသည်။ ယင်းကဲ့သို့သော အခြေအနေများတွင် ကမ္ဘာဂြိုဟ် အင်တာနက် နည်းပညာများ အသုံးမဝင်တော့ဘဲ ဖြစ်သွားခြင်းနှင့်အတူ သိပ္ပံပညာရှင်များသည် ကမ္ဘာ၊ ယင်း၏ လ ၊ အင်္ဂါဂြိုဟ်နှင့်အခြား ဂြိုဟ်များအကြား ဆက်သွယ်ရေး ချိတ်ဆက်နိုင်သည့် အခြားသော နည်းလမ်း စီစဉ်မှုများကို ဖန်တီးနေကြသည်။

၁. အချိန်ကြာရှည်စွာ delay ဖြစ်ခြင်းများ၊ high error ဖြစ်နှုန်းများ များခြင်း နှင့် မကြာခဏဆိုသလို node များ လက်လှမ်းမမီဖြစ်ခြင်း တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်သည့် နာဆာ၏ DTN (Delay/Disruption Tolerant Networking) ဒေတာ လွှဲပြောင်းမှု စနစ် ကဲ့သို့သော ဒေတာလွှဲပြောင်းမှု လုပ်ထုံးလုပ်နည်းများ။ ယင်း စံပုံစံအရ ဂြိုဟ်တုများကဲ့သို့ ကြားခံ node များသည် ယင်းတို့ဘက်က နောက်ထပ် node များထံ ဒေတာများ မပို့လွှတ်နိုင်ခင်အထိ ဒေတာများကို သိမ်းဆည်းထားနိုင်သည်။

၂. လေဆာ ကဲ့သို့သော optical ဒေတာ လွှဲပြောင်းမှု နည်းပညာများဘက်ကို အလေးပေး ရွေးချယ်ပြီး လက်ရှိ ရေဒီယိုအခြေပြု ဂြိုဟ်တု ဆက်သွယ်ရေးစနစ်များကို စွန့်ပစ်ခြင်း။ ပထမဦးစွာ optical ဆက်သွယ်မှုများသည် bandwidth ကို အကြိမ်အရေအတွက်အများအပြား ပေးသည်။ ဒုတိယတစ်ခုက optical transmitters များနှင့် receivers များက ပိုမို ကျစ်လျစ်ပြီး ထပ်ဆင့်လွှင့် ဂြိုဟ်တုများပေါ်က အရေးပါသော ရင်းမြစ်များဖြစ်သည့် စွမ်းအင်မျိုးကို လိုအပ်မှုလည်း နည်းပါးသည်။

၃. ကမ္ဘာဂြိုဟ်နှင့် အင်္ဂါဂြိုဟ် ( သို့မဟုတ် အာကာသ အင်တာနက်ပေါ်က အခြားဂြိုဟ်များ) က နေ၏ ဆန့်ကျင်ဘက် ခြမ်းတွင် ရှိနေသည် ဆိုလျင်တောင်မှ ဂြိုဟ်တု အစီအစဉ်များက နေ၏ ဝန်းကျင်တွင် signal များကို ပို့လွှတ်နိုင်စွမ်း ရှိသည်။

အနာဂတ်က ထင်ထားသည်ထက် ပိုနီးနေသည်

သင် တွေ့မြင်သကဲ့သို့ပင် အင်္ဂါဂြိုဟ် သို့မဟုတ် လ ပေါ်တွင် ရှိနေသူများနှင့်အကြား လူမှုကွန်ရက် ဆက်သွယ်ခြင်း သို့မဟုတ် ယုတ်စွအဆုံး ဗီဒီယို conferencing အစည်းအဝေး လုပ်ခြင်းက ယခင် ထင်ထားခဲ့သလောက် ဆန်းပြားခြင်း မရှိပေ။ အမှန်တကယ်ဆိုလျင်လည်း လူသားတို့အနေဖြင့် နက်ရှိုင်းသော အာကာသထဲသို့ အင်တာနက်ကို ယူဆောင်သွားရန်မှာ ရှည်လျားသည့် ခရီးတစ်ခုကို လျှောက်ရမည်ဖြစ်သော်လည်း ပထမခြေလှမ်းများကို လှမ်းထားနိုင်ခဲ့ပြီ ဖြစ်သည်။

(Kaspersky Daily ၏ Internet in space: Is there Net on Mars? မှ ကောက်နှုတ်ဘာသာပြန်ပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly