ခွဲမထွက်ရေးနှင့် တစ်ခုတည်း တပ်မတော်အပေါ် ချဉ်းကပ်ပုံ မတူညီခြင်း

ခွဲမထွက်ရေးနှင့် တစ်ခုတည်း တပ်မတော်အပေါ် ချဉ်းကပ်ပုံ မတူညီခြင်း
ပုံ- ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်က ကျင်းပခဲ့သော ၁၀+၁၀ ထိပ်သီးအစည်းအဝေး (ပုံ- NRPC)

ဇွန် ၁၁

ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော်လက်ခံရေး ဆွေးနွေးသည့်အခါ သဘောထား ကွဲလွဲမှုများ၊ အငြင်းအခုံများဖြစ်မည်ဆိုတာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူ အများစုက မှန်းဆထားကြပြီးသာ ဖြစ်သည်။

ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူများနှင့် ကိုယ်တိုင် စေ့စပ် ဆွေးနွေးသူများက ထိုအပေါ် သိပ် စိတ်မလှုပ်ရှားကြပေ။ ပြင်ပလေ့လာသူများကတော့ ထိုအရေးအပေါ် အာရုံစူးစိုက်မှု ပိုများသည်။

ပြင်ပလေ့လာသူများ အာရုံစူးစိုက်မှု ပိုခဲ့ရခြင်းကလည်း တခြားကြောင့်မဟုတ်ပေ ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်မှာ ၁၀+၁၀ ထိပ်သီး ခေါင်းဆောင်များ ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပြီး ခွဲမထွက်ရေးနှင့် တစ်ခု တည်းသော တပ်မတော် လက်ခံရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အဆင်မပြေမှု တစ်ချို့ထွက်လာရာနှင့်အပြိုင် ထင်ကြေးများ အမျိုးမျိုး ပေးလာခဲ့ကြသည်။

အဆိုပါ ထင်ကြေးများကို ပိုမိုအားကောင်း သွားစေသည့်အချက်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS/SSA)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့၏ ဆွေးနွေးပွဲပြီး နောက်ရက်များက ဖြစ်စဉ်များနှင့် ပြောဆိုချက်များပင် ဖြစ်သည်။

RCSS ဘက်ကတော့ ခွဲမထွက်ရေးကို ရှမ်းပြည်လူထု သဘောထား ဆန္ဒခံယူပွဲကသာ ဆုံးဖြတ်နိုင်မည် ဖြစ် ကြောင်းနှင့် တစ်ခုတည်းသော တပ်မတော်ကို မူအားဖြင့် လက်ခံနိုင်သော်လည်း လူမျိုးပေါင်းစုံ တပ်မတော်ကို ဘယ်လို ဖွဲ့စည်းမလဲဆိုခြင်းမှာ မသိရသေးဟုဆိုသည်။

KNU ကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၂၇ ရက်က လတ်တလော ကျင်းပနေသည့် ဆွေးနွေးပွဲများ တက်ရောက်ခြင်း ယာယီဆိုင်းငံ့ကြောင်း စာပေးပို့ခဲ့သည်။

ထို့ကြောင့် ငြိမ်းချမ်းရေး ပျက်တော့မလား၊ ငြိမ်းချမ်းရေး ရှေ့ဆက် တိုးရန် မဖြစ်နိုင်တော့ဘူးလား ဆိုသော ထင်ကြေးများ ပေးလာကြသည်။

အမှန်သည် ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော် လက်ခံရေးသည် နှစ်ရက်တည်း အချိန်နှင့် မည်သို့မျှ ဖြေရှင်း၍ မရသော ပြဿနာဖြစ်ပြီး အချိန်တော်တော်ယူ၍ ဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူများက နားလည် သဘောပေါက်ထားပြီးသား ဖြစ်သည်။

အလားတူ ၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲသည် အလွတ်သဘော ဆွေးနွေးပွဲသာ ဖြစ်သည်။

ဤကဲ့သို့ ဖြစ်တည်နေသော အခြေအနေသည် ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် လက်ခံရေး အ ပေါ် ချဉ်းကပ်ပုံခြင်း မတူညီခြင်းနှင့် နားလည် သဘောပေါက်နေကြသည့် သမိုင်းနောက်ခံများအပေါ် ကွဲလွဲနေ ခြင်းကြောင့် ဖြစ်သည်။

ခွဲမထွက်ရေးအပေါ် နားလည်ခြင်းနှင့် ချဉ်းကပ်ပုံ မတူဖြစ်နေခြင်းက ဘာတွေလဲ

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့အကြား ခွဲမထွက်ရေး ကိစ္စအပေါ် နားလည် သဘောပေါက်ထားပုံနှင့် ချဉ်းကပ်နေပုံများကို လေ့လာကြည့်လျှင် အတူယှဉ်တွဲ နေထိုင်သည့် ဖက်ဒ ရယ်စနစ်(Coming together Federalism)နှင့် အတူပေါင်းစည်းနေထိုင်သည့် ဖက်ဒရယ်စနစ်(Holding tog ether Federalism)ဆိုသည့် အခြေအနေများကို တွေ့ရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် အတူယှဉ်တွဲ နေထိုင်သည့် ဖက်ဒရယ်စနစ်(Coming together Federalism)အဖြစ် သဘောပေါက်ထားပြီး တပ်မတော်ဘက်က အတူပေါင်းစည်းနေထိုင်သည့် ဖက်ဒရယ်စနစ် (Holding together Federalism)ဟု သဘောပေါက်၍ ချဉ်းကပ်နေခြင်း ဖြစ်သည်။

ပုံ - NCA နှစ်ပတ်လည် ညစာ စားပွဲတွင် တွေ့ရသော EAOs ခေါင်းဆောင်များနှင့် အစိုးရ ခေါင်းဆောင်များ (ပုံ- NRPC)

အဘယ်ကြောင့်ဆိုသော ယခု မြန်မာနိုင်ငံသည် ဗမာဘုရင်အောက်မှာနေပြီးတော့ နိုင်ငံကို ထူထောင်ခဲ့သည် လား သို့မဟုတ် ဗမာလူမျိုး အပါအဝင် မြန်မာနိုင်ငံမှာ ရှိသည့် လူမျိုးများ အတူတကွ နိုင်ငံကို ထူထောင်ခဲ့ခြင်း လား ဆိုခြင်းအပေါ် အမြင်ကွဲလွဲနေကြသလို မရှင်းလင်းဘဲ ဖြစ်နေကြသည်။

တိုင်းရင်းသားများ နားလည် သဘောပေါက်ထားခြင်းနှင့် ချဉ်းကပ်နေခြင်းက Coming together Federalism ဟု သဘောပေါက်ထားပြီး ယခု မြန်မာနိုင်ငံကို ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီ ၁၂ ရက်က ချုပ်ဆိုခဲ့သော တောင်တန်း ဒေသနှင့် ပြည်ပ ပူးပေါင်းရေး ပင်လုံစာချုပ်ဖြင့် အတူတကွ ထူထောင်လာခဲ့ခြင်း ဖြစ်သည်ဟု နားလည်ထားကြ သည်။

သို့သော် တပ်မတော်နှင့် အစိုးရဘက်ကမူ ၁၈၈၆ ခုနှစ် သီပေါမင်း ပါတော်မူပြီးနောက် မြန်မာနိုင်ငံ အချုပ်အခြာ အာဏာ ကျဆုံးသွားခြင်းဖြစ်ရာ လွတ်လပ်ရေး ရယူသည့်တိုင် မြန်မာနိုင်ငံသည် ယခင်ကတည်းက အတူပေါင်း စည်းထားသည့် နိုင်ငံဖြစ်ကြောင်း နားလည်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ ပြည်ထောင်စုစနစ်အတွက် ပေါင်းစည်း ကြရာမှာလည်း အတူယှဉ်တွဲနေထိုင်သည့် ဖက်ဒရယ်စနစ်(Coming together Federalism)၊ သိမ်းသွင်းနေ ထိုင်သည့် ဖက်ဒရယ်စနစ်(Putting together Federalism)၊ အတူပေါင်းစည်းနေထိုင်သည့် ဖက်ဒရယ်စနစ် (Holding together Federalism)ဆိုပြီး ရှိကြရာမှာ ကျွန်တော်တို့နိုင်ငံသည် အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် ကိုယ့် မင်း၊ ကိုယ့်ချင်း ဘဝကတည်းက တိုင်းရင်းသား အားလုံး အတူပေါင်းစည်းနေထိုင်တဲ့ ပြည်ထောင်စုစနစ် (Holding together Federalism)ကို ကျင့်သုံးခဲ့တဲ့ မိသားစု နိုင်ငံတစ်ခုဖြစ်ပါတယ်”ဟု ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ၁၀+၁၀ မစခင် NCA လက်မှတ်ထိုးခြင်း (၃)နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာရဲ့ နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီပေါမင်းကို အင်္ဂလိပ်တို့ ဖမ်းဆီးခေါ်ဆောင်သွားစဉ် မှာ အင်္ဂလိပ်လက်ထဲက သီပေါမင်းကို ပြန်လုမယ်ဆိုပြီး နောက်လိုက် နောက်ပါ (၅၀၀)နဲ့ မန္တလေး ဘုရားကြီးက စောင့်ခဲ့တဲ့သူဟာ ရှမ်းစော်ဘွား တဦးဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီး ဦးစောမောင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း နယ်ချဲ့ အင်္ဂလိပ်တွေက ဗမာနဲ့ တိုင်းရင်းသားတွေ ပူးပေါင်း သွားမှာ ကို စိုးရိမ်ခဲ့ကြပါတယ်။ မပူးပေါင်းမိအောင်လည်း တိုင်းရင်းသားဒေသတွေနဲ့ မြန်မာပြည် အလယ်ပိုင်းဒေသကို သွေးခွဲ အုပ်ချုပ်နိုင်ရေး ရှမ်းပြည်နယ်များ အက်ဥပဒေ(Shan States Act of 1888)၊ ကချင်တောင်တန်း လူမျိုးစုများ စည်းမျဉ်းဥပဒေ(Kachi Hill Triber Regulation 1895)၊ ချင်းတောင်တန်း စည်းမျဉ်းဥပဒေ(Chin Hill Regulation ၁၈၉၆)ဆိုပြီး အုပ်ချုပ်မှု စနစ် အမျိုးမျိုး ဥပဒေ အမျိုးမျိုး ကျင့်သုံးဆောင်ရွက်ခဲ့ပါတယ်”ဟု တဆက်တည်း ပြောခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သဘောပေါက် နားလည်ထားသည့် အတူယှဉ်တွဲနေထိုင် သည့် ဖက်ဒရယ်စနစ်(Coming together Federalism)နှင့် အစိုးရ၊ တပ်မတော် သဘောပေါက် နားလည် ထားသော အတူပေါင်းစည်းနေထိုင်သည့် ဖက်ဒရယ်စနစ် (Holding together Federalism)ဆိုပြီး ကွဲလွဲ နေခြင်းနှင့်အတူ ခွဲမထွက်ရေး ကိစ္စအပေါ် ချဉ်းကပ်ပုံခြင်း မတူဘဲ ဖြစ်နေပြီး သဘောတူညီမှု ရယူနိုင်ရန် ခက်ခဲနေခြင်း ဖြစ်သည်။

ခွဲထွက်ခွင့်ရှိသည့် ရပိုင်ခွင့် ဘယ်က စတင်ဖြစ်တည်လာသလဲ

အစိုးရ၊ တပ်မတော်သည် ခွဲမထွက်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အာမခံပေးရန် တောင်းဆိုနေ သည်။ သို့သော် ခွဲထွက်ခွင့် ရှိသည့် အခြေခံ အကြောင်းတရားသည် ဘယ်က လာသလဲဆိုခြင်းအပေါ်မှာလည်း လေ့လာသင့်ပါသည်။

ခွဲထွက်ခွင့်ရှိသည့် ရပိုင်ခွင့် ဘယ်က စတင်ဖြစ်တည်လာသလဲဆိုလျှင် ဆိုဗီယက်ပြည်ထောင်စုက စတင်လာ ခြင်း ဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စု၏ ပထမဆုံး ခေါင်းဆောင်ဖြစ်သည် ဗလာဒီမာ လီနင်က “ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆို သည် မှာ တစ်စုံတစ်ရာဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှာ မှားယွင်းပြီး၊ သီးခြားနိုင်ငံ ထူထောင်တည်ရှိခွင့် ဖြစ်သည် ဟု အဓိပ္ပာယ် ဖွင့်ဆိုမှသာ မှန်ကန်သည်”ဟု ၁၉၁၄ ခုနှစ်မှာ ပြောခဲ့သည်ဟု ရဲထွန်း(သီပေါ)ရေးသည့် ဆိုဗီယက်ခေတ် လူမျိုးအခြေပြု ဖက်ဒရယ်နှင့် ပြိုကွဲမှု အန္တရာယ်ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရသည်။

ထို့နောက် ၁၉၁၇ ခုနှစ်၊အောက်တိုဘာ တော်လှန်ရေးဖြစ်ရာ ဘော်ရှီဗစ်များ အနိုင်ရပြီး ဇာဘုရင်ကို ဖြုတ်ကျ လိုက်ကာ လီနင်က ဆိုဗီယက်ပြည်ထောင်စုကို ထူထောင်ခဲ့သည်။ ထို ဆိုဗီယက်ပြည်ထောင်စု၏ ၁၉၁၈ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ၎င်းတို့ ပါဝင် ဖွဲ့စည်းထားသည့် ယူနစ်(ပြည်နယ်-ဒေသ)များ ကို ခွဲထွက်ခွင့်ပေးထားသည်။

ထို့ပြင် ၁၉၂၂ ခုနှစ်က ချုပ်ဆိုခဲ့သည့် The treaty of the creation of USSR ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်း ခြင်း စာချုပ်၏ ပုဒ်မ ၂၆ နှင့် ၁၉၇၇ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၇၂ မှာလည်း ခွဲထွက်ခွင့်ရှိကြောင်း ထည့်သွင်းထားသည်။

အဆိုပါ ခွဲထွက်ခွင့် ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားခြင်းသည် တစ်ပြည်ထောင်စနစ်မှ ဖက်ဒရယ်စနစ်အဖြစ် ပြောင်းလဲ ကျင့်သုံးသည့်အခါမှာ အလွန်အန္တရာယ်ရှိလှသလို ဆိုဗီယက် ပြည်ထောင်စု ကျင့်သုံးခဲ့သည့် ကွန်ဖက်ဒရေးရှင်းစနစ်ဆိုလျှင် ပိုမို အန္တရာယ်ရှိလှသည်။

၁၉၉၁ ခုနှစ်မှာတော့ ဆိုဗီယက်ပြည်ထောင်စုသည် အကြောင်း အမျိုးမျိုးကြောင့် ပြိုကွဲသွားခဲ့ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံဖြစ်တည်သွားခဲ့သည်။ ထို့ကြောင့် တပ်မတော်နှင့် အစိုးရသည် ခွဲမထွက်ပါဟု လက်နက်ကိုင်အဖွဲ့များကို ကတိပြုပေးရန် တောင်းဆိုနေခြင်း ဖြစ်နိုင်သည်။

ဤသို့သော် ခွဲထွက်ခွင့်ရှိကြောင်း စတင်လာခဲ့သည့် ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းပုံကို မြန်မာနိုင်ငံက လွတ်လပ်ရေး ကြိုးပမ်းသူများက သွားရောက် မြင်လိုက်သည့်အခါမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ၏ အခန်း(၁၀)၊ ပုဒ်မ ၂၀၁ မှ ၂၀၆ အထိ ခွဲထွက်ခွင့်ရှိကြောင်းနှင့် မည်သို့ ခွဲထွက်နိုင်ကြောင်းကို ပြဋ္ဌာန်း ပေးခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ခွဲထွက်ခွင့် တောင်းဆိုခြင်းကို သဘောမတူသော်လည်း နောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပင် ထည့်သွင်းထားသည်ပဲဟုဆိုကာ သဘောတူ ပေးခဲ့ သလို ခွဲမထွက်ချင်အောင် ဗမာလူမျိုးများက ကြိုးစားရမည့် တာဝန်ရှိသည်ဟု ဆိုခဲ့သည်။

သို့သော် ခွဲထွက်ခွင့် ရပိုင်ခွင့်သည် ရှမ်းပြည်နယ်နှင့် ကရင်နီ(ယခု ကယားပြည်နယ်)သာ အခွင့်အရေးရှိသည်ကို လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ အတိအလင်း ပြဋ္ဌာန်းထားပြီး တခြား ကချင်တို့၏ ခွဲထွက်ခွင့် ရပိုင်ခွင့်မှာ ရှမ်းနီဒေသများဖြင့် အလဲအလည် လုပ်ကာ အဆုံးသတ်ထားသည်။

ထို့နောက် ၁၉၄၇ ခုနှစ်၊ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင်တချို့ လုပ်ကြံခံခဲ့ရပြီး ၁၉၄၈ ခုနှစ်၊ဇန်နဝါရီ ၄ ရက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။

ထို့ကြောင့် ခွဲထွက်ခွင့်ရှိသည့် ရပိုင်ခွင့် ဘယ်က စတင်ဖြစ်တည်လာသလဲမှာ သိမြင်နိုင်မည် ထင်သည်။

ထိုခွဲထွက်ခွင့်ကို စတင်လာခဲ့သော ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီနောက် ရှရုားဖက်ဒရေးရှင်းနိုင်ငံအဖြစ် ကျန် နေသည့် ရုရှားနိုင်ငံသမ္မတ ပူတင်က “ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ခြင်းသည် လီနင်၏ သမ္မတနိုင်ငံများ ခွဲထွက်ခွင့်ရှိသည်ဆိုသည့် သဘောထားကြောင့် ဖြစ်သည်”ဟု ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က အပြစ်တင် ခဲ့ဖူးကြောင်း ရဲထွန်း(သီပေါ)ရေးသည် ဆိုဗီယက်ခေတ် လူမျိုးအခြေပြု ဖက်ဒရယ်နှင့် ပြိုကွဲမှု အန္တရာယ်ဆို တဲ့ ဆောင်းပါးမှာ ဖတ်ရသည်။

သို့သော် လီနင်သည် ၁၉၂၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး သူ့နောက်ပိုင်း စတာလင်၊ ခရုရှက်စ်၊ မီခေးလ် ဂေါ်ဘာချော့ဗ်တို့ အသီးသီး အာဏာရလာသည့်တိုင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ကို တားဆီး ပိတ်ပင်မှု မပြုလုပ်ခဲ့သည့်အတွက် မီခေးလ်ဂေါ်ဘာချော့ဗ်လက်ထက် ၁၉၉၁ မှာဘဲ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခဲ့ သည်။

တစ်ခုတည်းသော တပ်မတော်အပေါ် ချဉ်းကပ်မှု

နောက်တစ်ခုမှာ တစ်ခုတည်းသော တပ်မတော်ကို လက်ခံရန် အစိုးရ၊ တပ်မတော်ဘက်က တောင်းဆိုထားသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ဖက်ဒရယ်တပ်မတော်(ပြည်ထောင်စု တပ်မတော်)ကို ဖွဲ့စည်းရန် လို လားလျက်ရှိသည်။

ထို တစ်ခုတည်းသော တပ်မတော်အပေါ် နားလည် သဘောပေါက်မှုမှာ တူမယောင်နှင့် အနည်းအငယ် အမြင် သဘောထားများ ကွဲလွဲနေသည်။
တိုင်းရင်းသားများက ဖက်ဒရယ်တပ်မတော်(ပြည်ထောင်စုတပ်မတော်)ကို ဖွဲ့စည်းပေးရန် တောင်းဆိုထား သည်။ ထိုသို့ တောင်းဆိုခြင်းက မြန်မာနိုင်ငံက တပ်မတော်သည် လူမျိုးပေါင်းစုံ ပါဝင်သည့် တပ်မတော် ဖြစ်ပြီး မည်သည့် လူမျိုးကိုမှ ခွဲခြား ဆက်ဆံမှု မရှိဘဲ တန်းတူ အခွင့်အရေး ရရှိသော တပ်မတော်ကို လိုလားသည်။

တပ်မတော်ကမူ ကမ္ဘာပေါ်တွင် ဖက်ဒရယ်တပ်မတော်မရှိကြောင်း၊ တစ်ခုတည်းသော တပ်မတော်သာ ရှိကြောင်း ဆိုသည်။ အလားတူ မြန်မာ့တပ်မတော်တွင် လူမျိုးပေါင်းစုံ ပါဝင် ဖွဲ့စည်းထားပြီး မည်သည့် လူမျိုးကိုမှ ခွဲခြား ဆက်ဆံမှု မရှိဘဲ တန်းတူ အခွင့်အရေး ပေးအပ်ထားကြောင်း ဆိုသည်။

သို့သော် လက်နက်ကိုင်များက လက်ရှိ မြန်မာ့ တပ်မတော်တွင် ဗမာလူမျိုးများက အများစု ဖြစ်နေပြီး အထက် ရာထူးပိုင်းတွင်လည်း ဗမာလူမျိုးများက ကြီးစိုးထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို အလှည့်ကျစနစ် (သို့မဟုတ်) ရွေးကောက်ခံ စနစ်ဖြင့် သွားလိုကြသည်။

ပုံ - NCA နှစ်ပတ်လည် ညစာ စားပွဲတွင် တွေ့ရသော EAOs ခေါင်းဆောင်များနှင့် အစိုးရ ခေါင်းဆောင်များ (ပုံ- NRPC)

တပ်မတော်တွင် ဗမာလူမျိုးများ များပြားနေခြင်းက ဗမာလူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေ အများဆုံး ဖြစ်နေပြီး တပ်မတော်ထဲသို့ ဝင်ရောက် အမှုထမ်းမှု များပြားနေခြင်းကြောင့်သာ ဗမာလူမျိုးများ များပြားနေခြင်း ဖြစ်သည်ဟု မှတ်ယူထားနိုင်သည်။

အဆိုပါ မတူညီသော အမြင်များနှင့်အတူ တစ်ခုတည်းသော တပ်မတော်အဖြစ် လက်ရှိ လက်နက်ကိုင်ထားကြ သော လက်နက်ကိုင် အဖွဲ့များကို မည်သို့ မည်ပုံ တပ်မတော်ထဲသို့ ထည့်သွင်း၍ ပေါင်းစည်းကြ မည်နည်းမှာ လည်း မရှင်းလင်းဘဲ ဖြစ်နေသည်။

ဥပမာ- စစ်ဘက်ဆိုင်ရာ ရာထူးကို ဘယ်လို သတ်မှတ်မလဲ၊ စစ်မှု မထမ်းဘဲ အရပ်သား အနေနှင့် နေချင်သူများ ကို ဘယ်လို ဖေးမကူညီပေးမလဲ-ဘယ်လို ထောက်ပံ့မှုပေးမလဲ၊ အရပ်သား အစိုးရအောက်မှာ မရှိဘဲ ဖြစ်နေ သည့် တပ်မတော်ကို ဘယ်လို အရပ်သား အစိုးရအောက်ကို ထည့်သွင်းသွားမလဲ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရွေးချယ်ပုံကို ဘယ်လို သွားမလဲ(သမ္မတက ခန့်မှာလား၊ ရွေးကောက်တင်မြောက်မှာလား၊ အလှည့် ကျ စနစ်လား)၊ တပ်မတော်က နောက်တခါ အာဏာ မသိမ်းရေး ဘယ်လို အာမခံမလဲ- ဘယ်လို ထိန်းချုပ်ခွင့် ပေးမလဲ၊ လက်နက်ဖျက်သိမ်းရေး-တပ်ချုပ်သိမ်းရေး-ပြန်လည်ပေါင်းစည်းရေး(DDR)ကို ဘယ်လို လုပ်မလဲ၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး(SSR)ဘယ်လို သွားမလဲ စသည့် အချက်များအပြင် တခြားသော အချက် များက ဆွေးနွေးစရာများ ကျန်နေသည်။

အဆိုပါ ကိစ္စရပ်များ မဆွေးနွေးရသေး သကဲ့သို့ အဖြေ မရှာနိုင်သေးဘဲ တခုတည်းသော တပ်မတော်ကို လက်ခံပေးရန် တောင်းဆိုမှုသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် အလွန် စိုးရိမ်စိတ်များ ဖြစ်သွားစေ နိုင်သည်။

နှစ်ပေါင်း(၇၀)ကျော် လက်နက်ကိုင်၍ တဖက်နှင့်တဖက် ရန်သူသဖွယ် တိုက်ခိုက်လာကြသည့် ဘက်နှစ်ဘက်  သည် ယုံကြည်မှု ရရှိရန် အချိန်လိုအပ်သလို လုပ်ငန်းစဉ်များကို လက်တွေ့ တဆင့်ချင်း အကောင်အထည်ဖော် ပြပေးနေရန် လိုအပ်သကဲ့သို့ မည်သည့် အာမခံချက်မျိုးဖြင့် ဆောင်ရွက်မလဲ ဆိုခြင်းမှာလည်း လိုအပ်ပေသည်။

သို့မဟုတ်ဘဲ DDR/SSR ကို လုပ်ကာ တစ်ခုတည်းသော တပ်မတော်ကို သွားမည်ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် အလွန်ခက်ခဲလှသော လုပ်ငန်းစဉ် ဖြစ်နေနိုင်သည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များဘက်က DDR ကို အရင်မသွားဘဲ SSR ကိုသာ အရင်ဆွေးနွေးရန် လိုလား နေကြသည်။

၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သည့် ခေါင်းဆောင် တစ်ဦးက “တို့မှာ ရှိတဲ့ တပ်တွေကို ရော့ယူပြီး ပေါင်း လိုက်လို့ ထည့်ပေးလိုက်လို့ ဘယ်လိုရမလဲ၊ ဒါကြောင့် SSR ကို အရင်ဆုံး ဆွေးနွေးရအောင်လို့ ပြောတာ မဟုတ်ရင် DDR ကို သွားဖို့ မလွယ်ဘူး”ဟု စာရေးသူကို ပြောပြခဲ့သည်။

အလားတူ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “တပ်မတော်က အာဏာမသိမ်းဘူးလို့ ဘယ်လို အာမခံ မလဲ၊ ဒီနိုင်ငံက တပ်မတော် တစ်ခုတည်း ပိုင်တာမဟုတ်ဘူး၊ အားလုံးကို သူ့ဆီမှာ ဘာလို့ သွားအပ်ထားမလဲ” ဟု ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် ဧရာဝတီသို့ ပြောထားသည်ကို တွေ့ရသည်။

နီပေါနိုင်ငံတွင် မော်ဝါဒီများ ၂၀၀၆ ခုနှစ်က လက်နက်ချခဲ့သည်မှာ နီပေါတပ်မတော်မှ သတ်မှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ရာထူးအတိုင်း သဘောတူကာ လက်နက်ချပြီး နီပေါ တပ်မတော်ထဲကို ပေါင်းစီးသွားခဲ့သည်။
ထို့ပြင် တစ်ချို့က အရပ်သား အနေဖြင့် နေထိုင်သွားရာ ထောက်ပံ့ပေးခဲ့ကြသည်။ တစ်ချို့ကလည်း ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော် အမတ်များ လုပ်နေကြသည်။

အလားတူ ကိုလံဘီယာနိုင်ငံတွင် FARC(ဖာ့စ်သူပုန်)သူပုန်တို့ ၂၀၁၆ မှာ ငြိမ်းချမ်းရေးယူပြီး ၂၀၁၇ ခုနှစ်မှာ ကုလသမဂ္ဂ၏ စောင့်ကြည့်မှုနှင့်အတူ လက်နက်ဖျက်သိမ်းခြင်း၊ တပ်ဖျက်သိမ်းခြင်း၊ ပြန်လည် ပေါင်းစည်းခြင်း (DDR)ကို လုပ်ခဲ့သည်။

ထိုသို့ DDR လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၆ အထိ ရွေးကောက်ခံစရာ မလိုဘဲ လွှတ်တော် အမတ် (၁၀) နေရာကို ရရှိခဲ့ပြီး ကျန်သူများက ပါတီထောင်၍ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသလို၊ မဲပေးခွင့် လည်း ရရှိခဲ့ကြသည်။ တစ်ချို့ကိုမူ လူမှုအဖွဲ့အစည်းထဲသို့ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေးအတွက် လက်မှု အတက်ပညာများ သင်ကြားပေးသလို ထောက်ပံ့မှုများလည်း ကိုလံဘီယာ အစိုးရက ပေးအပ်ထားသည်။

ယခုလို ကိုလံဘီယာ ငြိမ်းချမ်းရေး အောင်မြင်ရေးအတွက် သီရိလင်္ကာငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တောင်အာဖရိ က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ဆယ်လ်ဗာဒိုးနီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အိုင်အာရ်အေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စသည့် နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လေ့လာပြီး ဆောင်ရွက်ခဲ့ရကြောင်း ကိုလံဘီယာ သမ္မတ မစ္စတာဆန်းတို့စ် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ Euronews သတင်းဌာနနှင့် ၂၀၁၇ ခုနှစ်က တွေ့ဆုံစဉ် ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော တပ်မတော်ကို ဆောင်ရွက်သည့်အခါ DDR ကိုလည်း မဖြစ်မနေ လုပ်ဆောင် ရမည် ဖြစ်ရာ ကုလသမဂ္ဂ၏ စောင့်ကြည့်မှု- အာမခံမှုဖြင့် လုပ်မလား၊ မည်သည့် အသိသက်သေများရှေ့မှာ လုပ်မလဲ၊ မည်သည့် ပုံစံဖြင့် လုပ်မလဲ ဆိုသည့် အဖြေမှာ အဝေးကြီး လိုနေသေးသည်။

ခွဲမထွက်ရေး အငြင်းပွားမှု နိုင်ငံတကာ ဖြေရှင်းပုံ

ခွဲမထွက်ရေး ကိစ္စကို နိုင်ငံတကာ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ပိတ်ပင်ထားသည့် နိုင်ငံရှိသလို လမ်းဖွင့် ပေးထားခြင်း မရှိသလို ပိတ်ပင်မှုလည်း မရှိသည့် နိုင်ငံများ ရှိသည်။

စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် “ စပိန်နိုင်ငံသည် ဖြိုခွဲ၍ မရသော နိုင်ငံဖြစ်သည်”ဟု ပြဋ္ဌာန်းထား သလို ချက်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံမှာတော့ “ ခွဲခြမ်းစိတ်ဖြာ၍ မရသော ချက်သမ္မတနိုင်ငံဖြစ်သည်”ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် ခွဲမထွက်ရေးကို ဒို့တာဝန်သုံးပါးကို လိုက်နာရမည်ဟု ဆိုခြင်းဖြင့် လုံလောက်ပြီးဟု လက်နက် ကိုင် အဖွဲ့များက မှတ်ယူထားပြီး တပ်မတော်ကတော့ ထာဝရ ငြိမ်းချမ်းရေးအတွက် ကတိပြုပေးရန် လိုလားနေ သည်။

တစ်ခုတည်းသော တပ်မတော်အပေါ်ကိုလည်း နိုင်ငံတကာအတိုင်း လက်ခံပေးရန် တပ်မတော်ဘက်က လိုလား နေပြီး လက်နက်ကိုင်အဖွဲ့များဘက်က မည်ကဲ့သို့ ပေါင်းစည်းမလဲဆိုခြင်းအပေါ် ရှင်းရှင်းလင်းလင်း သိလိုနေကြ သည်။ ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required