အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်မှုအားနဲ့ ဖြစ်ထွန်းလာခဲ့တဲ့ ကိုဗစ်နိုင်တင်း တုံ့ပြန်ရေးလုပ်ငန်းများ

 အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်မှုအားနဲ့ ဖြစ်ထွန်းလာခဲ့တဲ့ ကိုဗစ်နိုင်တင်း တုံ့ပြန်ရေးလုပ်ငန်းများ

ဇွန်လ ၁၁ ရက် ၂ဝ၂ဝပြည့်နှစ်

မည်သည့်နိုင်ငံတွင်မဆို ကိုဗစ်နိုင်တင်းကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ရန်အတွက် အရပ်ဘက် လူမှု အဖွဲ့အစည်းများ (Civil Society Organisations, CSO) များသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါသည်။ မြန်မာနိုင်ငံတွင်လည်း CSO များအနေဖြင့် အစိုးရနှင့် ရပ်ရွာလူထုများ ဆောင်ရွက်ကြသည့် ကိုဗစ်နိုင်တင်း တုံ့ပြန်ရေး လုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် ရှေ့တန်းတွင် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ကိုင် ဆောင် ရွက်လျက် ရှိကြသည်။ CSO များသည် အဖွဲ့အစည်းအမျိုးမျိုးထံမှ ရန်ပုံငွေများကို တိုက်ရိုက်သော်လည်းကောင်း၊ အခြားအဖွဲ့များမှ တစ်ဆင့်ခံအားဖြင့် သော်လည်းကောင်း ရရှိကြပါသည်။

အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (Livelihoods and Food Security Fund - LIFT) ကို UNOPS က စီမံခန့်ခွဲကာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် ၂ဝဝ၉ခုနှစ်ကတည်းက ပံ့ပိုးလျက်ရှိပါသည်။ လက်ရှိတွင် ယူနိုက်တက်ကင်းဒမ်းမ်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါနှင့် အိုင်ယာလန်နိုင်ငံများမှ LIFT တွင် ရန်ပုံငွေ စုပေါင်းထည့်ဝင်ထားပါသည်။

LIFT ၏ ကိုဗစ်နိုင်တင်းတုံ့ပြန်ရေးအစီအစဉ်များတွင် အဖွဲ့အစည်းပေါင်း ၁၅၃ဖွဲ့မှ ပါဝင်ဆောင်ရွက်နေရာ ၎င်းတို့ အနက်မှ အဖွဲ့ပေါင်း ၁၂၈ (သို့မဟုတ် ၈၄ရာခိုင်နှုန်း) မှာ ဒေသခံ (သို့မဟုတ်) ပြည်တွင်းအဖွဲ့အစည်းများ ဖြစ်ကြပြီး အရေးပေါ်လိုအပ်ချက်များကို သွက်သွက်လက်လက်၊ မြန်မြန်ဆန်ဆန်၊ တစိုက်မတ်မတ် နှင့် အချိန်မဆိုင်းဘဲ ပံ့ပိုးလုပ်ဆောင်လျက်ရှိပါသည်။

 တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၏ ၈ဝရာခိုင်နှုန်းကျော်ကို ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများမှ ဆောင်ရွက် လျက် ရှိသည်ဟု LIFT က ခန့်မှန်းထားပါသည်။ သို့ဖြစ်ရာ ၎င်းအဖွဲ့များအနေဖြင့် ကျေးရွာများ၊ စက်ရုံများ၊ အသွားအလာကန့်သတ်စောင့်ကြည့်သည့် နေရာဌာနများ၊ ယာယီစခန်းများ နှင့် နယ်စပ်ဝင်ပေါက် များ (ယင်းတွင် နိုင်ငံတကာအဖွဲအစည်းများမှ နိုင်ငံတကာဝန်ထမ်းများ နှင့် တစ်ခါတစ်ရံတွင် နိုင်ငံသားဝန်ထမ်းများ ပင် ဝင်ရောက်ခွင့်မရသောဒေသများ) သို့ သွားရောက်ကာ လော်စပီကာများနှင့် လက်ကမ်း စာစောင်များ အသုံးပြုပြီး အသိပညာမြှင့်တင်ရေး သင်တန်းများပေးခြင်း၊ အသွားအလာကန့်သတ်စောင့်ကြည့်ရာ နေရာများနှင့် အိမ်များ၊ မိသားစုများထံသို့လည်း အရေးပေါ်မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို လိုက်လံပံ့ပိုးပေးခြင်းများ ပြုလုပ်နေပါသည်။

 ဥပမာတစ်ခုအနေဖြင့် LIFT နှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရပ်ဘက်လူမှု အဖွဲ့အစည်း ၅ဖွဲ့ဖြစ်သော ကရုဏာမြန်မာ၊ မြေယာမဏ္ဍိုင်၊ မေတ္တာ၊ ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ နှင့် ကျား၊မရေးရာ တန်းတူညီမျှရေး ကွန်ရက်များ၏ စီမံကိန်းများဖြင့် အရေးပေါ်လုပ်ငန်းများဆောင်ရွက်သည့် ပထမဆုံး တစ်လအတွင်းမှာပင် အကျိုးခံစားရသူပေါင်း တစ်သန်းနီးပါး (ယင်းတွင် အမျိုးသမီး ထက်ဝက်ပါဝင်) ထံသို့ ရောက်ရှိခဲ့သည်။ ထိုဆောင်ရွက်မှုများကို မူဝါဒရေးရာ လုပ်ငန်းများတွင်ပါ အထောက်အပံ့ဖြစ်စေရန် တိုးချဲ့ ဆောင်ရွက်ခဲ့ကြပါသည်။ ဥပမာဆိုရလျှင် ကျား၊မရေးရာ တန်းတူညီမျှရေးကွန်ရက်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ လက်တွဲ၍ CSO များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကျား၊မအခြေပြု အကြမ်းဖက်မှုနှင့်ဆိုင်သော အချက်အလက်များကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ကောက်ယူနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

 LIFT ၏ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် လုပ်သားရွှေ့ပြောင်းမှုအတွက် ပံ့ပိုးမှုစီမံကိန်း အနေဖြင့်လည်း နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ် အတော်များများ - ရန်ကုန်၊ ကရင်၊ မွန်၊ ရှမ်း၊ တနင်္သာရီ၊ ပဲခူး၊ ချင်း၊ မန္တလေး၊ မကွေး နှင့် ဧရာဝတီတို့ရှိ အကျိုးခံစားရသူပေါင်း ၃၅၅,၆၇၃ ဦး (အမျိုးသမီး ဦးရေ ၅၈% ပါဝင်) ကို အရေးပေါ်ပံ့ပိုးမှုများ ပေးအပ်နိုင်ခဲ့သည်။ ယခုကဲ့သို့ မသေချာ မရေရာလှသည့် အချိန်ကာလအတွင်းတွင် ထိထိရောက်ရောက် ပံ့ပိုးဆောင်ရွက်နိုင်ခဲ့ခြင်း၏ နောက်ကွယ်မှ အဓိက အချက်မှာ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းများ နှင့် အလုပ်သမားရေးရာအဖွဲ့အစည်းများ၏ အကျပ်အတည်းကာလအတွင်းမှာသာမက ယင်းမတိုင်မီအထိ အကောင်ထည်ဖော်ရေး နှင့် စီမံခန့်ခွဲရေး လုပ်ငန်းရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ခဲ့မှုကြောင့်ပင် ဖြစ်တော့သည်။ ပြည်တွင်းအဖွဲ့အစည်းများအနေဖြင့်လိုအပ်သည့် နေရာများတွင် မြန်မြန်ဆန်ဆန်စုစည်း လုပ်ဆောင်နိုင်သည်ဖြစ်ရာ ယင်းအဖွဲ့များသည် နယ်စပ်ဒေသများမှ ရွှေ့ပြောင်းလုပ်သားများ၊ ဌာနေ ရပ်ရွာလူထုများ နှင့် ရွှေ့ပြောင်း ဆိုက်ရောက်လာသူများအား LIFT မှ ပံ့ပိုးပေးသည့် လုပ်ငန်းများ၏ ကျောထောက်နောက်ခံ ဖြစ်လာခဲ့သည်။

 ကျွန်မတို့၏ ပြည်တွင်း CSO မိတ်ဖက်များသည် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများကို နေရာထိုင်ခင်း စီစဉ်ပေးခြင်းနှင့် အစားအစာများ ပေးဝေခြင်း၊ အကျပ်အတည်းကာလအတွင်း အမျိုးသမီးများကို ငွေကြေး အထောက်အပံ့ပေးခြင်း၊ အထူးသဖြင့် ရန်ကုန်ရှိ အထည်ချုပ်စက်ရုံအများအပြား ပိတ်သိမ်းမှုကြောင့် အလုပ် ဆုံးရှုံးသွားကြရသည့် အထည်ချုပ်စက်ရုံလုပ်သားများကို ပံ့ပိုးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။ LIFT ရန်ပုံငွေ ပံ့ပိုးထားသည့် အရပ်ဘက်အဖွဲ့အစည်းများသည် အလုပ်သမားရေးရာ အငြင်းပွားမှုများ၊ အလုပ်ဖြုတ် ခံရမှု အပေါ် ခံစားခွင့်များ တောင်းဆိုခြင်းများ (အဆိုပါ လုပ်ငန်းနှစ်ခုလုံးသည် ကပ်ရောဂါကာလအတွင်းတွင် သိသိသာသာ တိုးမြင့်လာခဲ့သည်)နှင့် စပ်လျဉ်းသော ဥပဒေရေးရာ အထောက်အပံ့များကိုလည်း ပေးအပ်ခဲ့ပါသည်။ ထို့ပြင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ရပ်ရွာအဆင့် အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင်လည်း အသိပညာပေးမြှင့်တင်ရေး လုပ်ငန်းများကိုပါ ပံ့ပိုးဆောင်ရွက်နိုင်ခဲ့ကြပါသည်။

 LIFT ၏ ပြည်တွင်း CSO မိတ်ဖက်အဖွဲ့များသည့် နိုင်ငံရပ်ခြားမှပြန်လည် ဝင်ရောက်လာကြသည့် ရွေ့ပြောင်း လုပ်သားများအတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ ကော့သောင် ၊မြဝတီ၊ တာချီလိတ်၊ ထီးခီး နှင့် ဘုရားသုံးဆူ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ရှေ့တန်းအရေးပေါ် အထောက်အပံ့များ ပေးအပ်ခဲ့ကြသည်။ အချို့အဖွဲ့များ အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကဲ့သို့သော ထိခိုက်လွယ်သည့် ရွှေ့ပြောင်းလုပ်သားများ အတွက် အဓိကထားကာ အခြေခံလိုအပ်ချက်များ ပြည့်စုံမှုရှိစေရန် ဆောင်ရွက်ပေးခဲ့ကြသည်။

 တစ်ချိန်တည်း တပြိုင်တည်းပင် LIFT ၏ အာဟာရကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းမှ  ပြည်တွင်း CSO များမှလည်း နိုင်ငံတစ်ဝန်းရှိ အစိုးရအုပ်ချုပ်မှု ဒေသများ  နှင့် အစိုးရ လက်လှမ်းမီ ရောက်ရှိမှု ဝေးသည့် ဒေသများရှိ ကိုဗစ်နိုင်တင်း တုံ့ပြန်ရေးလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ခဲ့ကြသည်။ Community Health Development Network နှင့် Kachin Baptist Church နှစ်ဖွဲ့နှင့်ပင် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ (internally displaced persons, IDP) စခန်းပေါင်း ၁၉ခုနှင့် အဖွဲ့အစည်းအနည်းငယ်သာ ဝင်ထွက်သွားလာခွင့်ရှိသော ဌာနေရပ်ရွာလူထု ၁၅အုပ်စုတို့ကို ပံ့ပိုးပေးနိုင်ခဲ့သည်။ ထိုဆောင်ရွက်မှုဖြင့် လူပေါင်း ၁ဝ,ဝဝဝ ထံသို့ သတင်း အချက်အလက်များ၊ အသိပညာပေး စာစောင်များ နှင့် အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အကျိုးခံစားရသူများ အနေဖြင့်လည်း တကိုယ်ရေကာကွယ်ရေးဝတ်စုံ (personal protective equipment, PPE) များနှင့် တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်များ ရရှိခဲ့ကြသည်။ ငြိမ်းဖောင်ဒေးရှင်းသည်လည်း ပြည်တွင်း နေရပ် စွန့်ခွာ နေထိုင်သူစခန်းပေါင်း ၃ဝခုရှိ ရေသွယ်စနစ်များကို အဆင့်မြှင့်တင်ပြီး လက်ဆေးနေရာများ သီးသန့်ရှိစေရန် ဆောင်ရွက်ခဲ့သည့်အပြင် အထွေထွေအသိပညာပေးမြှင့်တင်ရေးလုပ်ငန်းများလည်း လုပ်ဆောင်ခဲ့သည်။ အဆိုပါ ပံ့ပိုးမှုများကို  လာမည့် ရက်သတ္တပတ်များတွင် ထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်မှ မြို့နယ် ၄ခုရှိ ယာယီ စခန်းပေါင်း ၃ဝရှိ နေ့ရပ်စွန့်ခွာရွေ့ပြောင်းသူ ၁ဝ,ဝဝဝ ခန့်၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဖြစ်ပါသည်။

 တဖန် ထင်ရှားသည့် ဥပမာတစ်ခုမှာ Upland Township Fund (UTF) ကို LIFT မိတ်ဖက်အဖွဲ့များဖြစ်သည့် SWISSAID၊ မေတ္တာနှင့် GRET အဖွဲ့များမှ စီမံခန့်ခွဲကြသည့် ကယား၊ ရှမ်း၊ ကချင် နှင့် ချင်းပြည်နယ်များရှိ ကိုဗစ်နိုင်တင်း တုံ့ပြန်ရေးလုပ်ငန်များဆောင်ရွက်နေကြသော ပြည်တွင်းအဖွဲ့အစည်းများကိုသာ အသေးစား ရန်ပုံငွေပံ့ပိုးပေးခြင်းအစီအစဉ်ဖြစ်ပါသည်။ လက်ရှိအချိန်ထိဆိုလျှင် အဆိုပါရန်ပုံငွေသည် ရှမ်းပြည်နယ်ရှိ လားရှိုး၊ ဖယ်ခုံ၊ ဟိုပုန်း၊ ရွာငံ နှင့် ပင်းတယမြို့နယ်များ၊ ချင်းပြည်နယ်ရှိ ဖလမ်း နှင့် ဟားခါး၊ ကချင်ပြည်နယ်ရှိ မိုးကောင်း၊ ဝိုင်းမော်၊ ဆဒုံ၊ ချီဖွေ နှင့် မိုးညှင်းမြို့နယ်များရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ကိုဗစ်နိုင်တင်း အသိပညာပေးမြှင့်တင်မှု လုပ်ငန်းများအတွက် အသေးစားရန်ပုံငွေ ၁၂ခုကို ချထားပေးခဲ့သည်။ အဆိုပါ အသေးစားရန်ပုံငွေ မှာ ‘အခွင့်အလမ်းအတွက် ပံ့ပိုးမှု’ အမျိုးအစားအတွက် ဖြစ်ပြီး ကာလတိုလုပ်ငန်းများ အတွက်သာ ချထားပေးသည့် ရန်ပုံငွေဖြစ်ကာ ဗီနိုင်းပိုစတာများ နှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်း ကဲ့သို့သော အသိပညာမြှင့်တင်းရေးလုပ်ငန်များ ဆောင်ရွက်ခြင်း နှင့် ဆပ်ပြာ၊ နှာခေါင်းစည်းစသည့် အကာအကွယ်ပစ္စည်းများ ပေးအပ်ခြင်းတို့ လုပ်ဆောင်နိုင်ရန်ဖြစ်ပါသည်။ လက်ရှိအချိန်ထိဆိုလျှင် သက်ဆိုင်ရာမြို့နယ်များရှိ ကျေးရွာပေါင်း ၃၅၉ ရွာကို ပံ့ပိုးမှုများ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

 ကျွန်မတို့ သိထားကြသည့်အတိုင်း မြန်မာနိုင်ငံ၏ အချို့နေရာများမှာ အုပ်ချုပ်ရေးများ ရောယှက်နေပါသည်။ အစိုးရအုပ်ချုပ်မှု နှင့်အတူ တိုင်းရင်းသားအဖွဲ့အစည်းများ စီမံခန့်ခွဲမှု ပူးတွဲတည်ရှိသည့် နေရာများကို ဆိုလို ပါသည်။ အဆိုပါနေရာဒေသများရှိ ထိခိုက်လွယ်သော ပြည်သူများထံသို့ LIFT ၏ ပံ့ပိုးမှုများ ရောက်ရှိနိုင်ရေးမှာ ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများအပေါ်တွင် အလွန် မှီတည်နေပါသည်။ Core Group အဖွဲ့ကို ဥပမာပြရလျှင် တောင်ငူ-ဒီးမော့ဆို ကားလမ်းဘေး ရှမ်းပြည်နယ် တောင်ဘက်စွန်းမှ အစိုးရအုပ်ချုပ်မှု နှင့် ကယန်းပြည်သစ်ပါတီတို့ ရှိနေသည့် စီဘူးကျေးရွာအုပ်စုတွင် ရပ်ရွာဦးစီးကွပ်ကဲသည့် အသွားအလာကန့်သတ် နေရာ ဌာနများ တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံ တစ်ဝန်းရှိ အရပ်ဘက်အဖွဲ့အစည်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကွန်ရက်ဖွဲ့ခြင်းတို့၏ အတိမ် အနက် နှင့် လွှမ်းခြုံနိုင်မှုသည် မည့်သည့် ကိုဗစ်နိုင်တင်းတုံပြန်ရေးလုပ်ငန်းမဆို အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် လက်တွဲဆောင်ရွက်မှုမှာ မရှိမဖြစ်လိုအပ်ကြောင်း ထင်ရှားသည့် သာဓက ပင်ဖြစ်သည်။ ပိုပြီး ပွင့်ပွင့် လင်းလင်းပြောရလျှင် အဆိုပါ အရပ်ဘက်အဖွဲ့အစည်းများသာ မရှိပါက LIFT အနေဖြင့် ယခုကဲ့သို့သော တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

 ရန်ပုံငွေချထားမှု ရှုထောင့်က သုံးသပ်ကြည့်လျှင် LIFT သည် ကိုဗစ်နိုင်တင်း တုံပြန်ရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၂၂သန်းကို ပံ့ပိုးခဲ့သည်။ အဆိုပါ ကန်ဒေါ်လာ ၂၂သန်း၏ ၂၄ရာခိုင်နှုန်းပမာဏရှိသည့် ကန်ဒေါ်လာ ၅.၂၇သန်းကို ပြည်တွင်းအဖွဲ့အစည်းများက စီမံခန့်ခွဲပြီး ကျန် ၇၆ရာခိုင်နှုန်းကို နိုင်ငံတကာ အဖွဲ့အစည်းများက စီမံခန့်ခွဲပါသည်ဟု LIFT က တွက်ချက်ခန့်မှန်းထားပါသည်။ LIFT ၏ မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းများမှ ခန့်ခွဲသည့် ကန်ဒေါ်လာ ၅.၂၇သန်းဖြင့်ပင် လိုအပ်နေသည့် ပြည်သူပေါင်း ၂.၅သန်းကျော်ကို ပံ့ပိုးပေးနိုင်ခဲ့သည်။ အဆိုပါ ပမာဏသည် မြန်မာနိုင်ငံရှိ LIFT ၏ ကိုဗစ်နိုင်တင်း တုံ့ပြန်ရေးလုပ်ငန်းများမှ အကျိုး ခံစားရသူစုစုပေါင်း၏ ၅၈ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိသည်။

 LIFT၏ ကိုဗစ်နိုင်တင်း စီမံကိန်းတွင် ဆောင်ရွက်နေသည့် အဖွဲ့ပေါင်း ၁၅၃ဖွဲ့အနက် ၁၂၈ဖွဲ့မှာ  ပြည်တွင်း မိတ်ဖက်အဖွဲ့အစည်းများဖြစ်ပြီး ယင်းတို့ထဲမှ အဖွဲ့အနည်းစုဖြစ်သည့် အဖွဲ့ ၁ဝဖွဲ့နှင့်သာ ရန်ပုံငွေ ပံ့ပိုးမှု စာချုပ် တိုက်ရိုက်ချုပ်ခဲ့ပြီး ကျန်ရှိသည့် ၁၁၈ဖွဲ့မှာ အခြားအဖွဲ့များ (ပြည်တွင်း သို့ နိုင်ငံတကာ)ဖြင့် တစ်ဆင့်ခံ ချုပ်ဆိုခဲ့ပါသည်။ နိုင်ငံတကာအဖွဲ့ပေါင်း ၂၅ဖွဲ့နှင့် ရန်ပုံငွေ ပံ့ပိုးမှုအတွက် တိုက်ရိုက်စာချုပ်ချုပ်ခဲ့သည်။

 အခြားတစ်ဖက်တွင်လည်း  ဝယ်ခြမ်းရေးလိုအပ်ချက်များကို နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့်လုပ်ဆောင် နိုင်သည်ဖြစ်ရာ အဆိုပါ စရိတ်မှာ ယခုတုံ့ပြန်ရေးလုပ်ငန်းများ၏ အများစုဖြစ်သည်။ သို့သော်လည်း ပြည်တွင်း အဖွဲ့အစည်းများအနေဖြင့် ကိုဗစ်နိုင်တင်းတုံ့ပြန်ရေးရန်ပုံငွေများကို သည့်ထက်မက စီမံခန့်ခွဲသင့်သည်ဖြစ်ပြီး ပိုပြီး ယေဘုယျကျကျဆိုလျှင် ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင်ပါ ပံ့ပိုးမှု တိုက်ရိုက်ရရှိ သင့်ပေသည်။ ယင်းအတွက် LIFT သည် ရှေ့တစ်လှမ်းတိုး ဆောင်ရွက်မှုတစ်ခုအနေဖြင့်  LIFT ၏ အဆိုပြုလွှာခေါ်ယူမှုများတွင် ပြည်တွင်းအဖွဲ့အစည်းများအား ရန်ပုံငွေ၏ ၂ဝရာခိုင်နှုန်းကို တိုက်ရိုက်ချထား ပေးရမည်ဟု သတ်မှတ်ခဲ့သည်။

 အရပ်ဘက်အဖွဲ့အစည်းများသည် နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများအတွက် အရေးပါသည့် လက်တွဲဖော်များ အဖြစ် အစဉ်တစိုက်ရှိနေမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်းမှာလည်း ၎င်းတို့၏ အရေးပါမှုကို သက်သေထူနိုင်ခဲ့သည်။ LIFT နှင့် အလှူရှင်များအနေဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို အလွန်တန်ဖိုးထားပါသည်။ LIFT အနေဖြင့် မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ၎င်းတို့ကို ရန်ပုံငွေများ ဒီထက်မက ပိုမိုစီမံခန့်ခွဲနိုင်စေရန် ကျွန်မတို့ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ CSO များ၏ ပံ့ပိုးမှုများ အရေးပါလှသည့် မြေပြင်ရှိ လက်တွေ့ကျကျ အကောင်းဆုံးဆက်လက်ဆောင်ရွက်များအပေါ် ကျွန်မတို့တွေ မှီတည်နေကြရဦးမည်သာ။  ။

 (စာရေးသူ  သူသူနွယ်လှိုင်သည် UNOPS ၏ အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရေး အရာရှိဖြစ်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly