ရှမ်းကျောင်းသား ၁၂၀၀ကျော် စစ်ပွဲကြောင့် ပညာမသင်ကြားနိုင်သေး

ရှမ်းကျောင်းသား ၁၂၀၀ကျော် စစ်ပွဲကြောင့် ပညာမသင်ကြားနိုင်သေး

ချင်းမိုင်၊ နိုဝင်ဘာ ၆ ။ ။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းတပ်မတော် (SSPP/SSA)နှင့် အစိုးရ စစ်တပ်တို့ တစ်လကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်ထဲတွင် ကျောင်းသူကျောင်းသား ၁၂၅၀ ခန့် ပညာမသင်ကြားနိုင်သဖြင့် ၎င်းတို့ပညာရေးအတွက် စိတ်ပူပန်နေရကြောင်း ရှမ်းလူငယ် အင်အားစုအဖွဲ့ (Shan youth power)မှ ပညာရေးဆိုင်ရာ တာဝန်ခံ ကိုမျိုးအောင်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းရှူး၊ မိုင်းနောင်၊ တန့်ယန်း၊ ကျေးသီးစသည့် မြို့နယ်များမှ ထွက်းပြေး တိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များထဲမှ မူလတန်းနှင့် အလယ်တန်းကျောင်းပေါင်း ၁၅ ကျောင်းခန့် ပိတ်ထားရသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားပေါင်း ၁၂၅၀ ခန့် ကျောင်းမတက်ဘဲ ထွက်ပြေး တိမ်းရှောင် နေရသဖြင့် ထိုကျောင်းသူ ကျောင်းသားများ၏ ပညာရေးအတွက် ပူပန်နေရသည်ဟု သူက ပြောသည်။

“ကျောင်းသားအများအားဖြင့် မူလတန်းနဲ့အလယ်တန်း ကျောင်းသားတွေပါ။ မြို့မှာရှိတဲ့ကလေးတွေလည်း ညနေပိုင်းမှာ special class တွေရှိတယ်။ ဒါပေမဲ့ စစ်ဖြစ်တဲ့နောက်ပိုင်း အဲဒါတွေလည်း ပိတ်ထားရတယ်။ အဲဒီကလေးတွေအတွက်က ဒီစာသင်နှစ်အတွက် စိတ်ပူရတယ်။ ကျောင်းသားတွေအတွက် ကြိုတင် ပြင်ဆင်မှု မရှိဘူးဆိုရင် ကျောင်းပိတ်ချိန်လည်းမဟုတ်ဘူး။ ဥပမာ ဒီကျောင်းသားက ၆ တန်းဆို ၆ တန်းဆက်နေရမှာလား၊ ၇ တန်းတက်၇မှာလားဆိုတာမျိုးပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ မိုင်းရှူးမြို့မှ ရှမ်းလူငယ်များကစုကာ ထိုကျောင်းသူကျောင်းသားများအား စာသင်ပေးရန် စီစဉ်နေသော်လည်း ရေတိုအတွက်သာ ဖြစ်နိုင်ပြီး ရေရှည်အတွက် စိုးရိမ်စရာ ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်ကလည်း SSPP/SSA ဌာနချုပ်အနီးသို့ အစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ခဲ့သဖြင့် အထက်တန်းကျောင်းတစ်ကျောင်း ပိတ်ထားလိုက်ရသည်ဟု သူက ပြောသည်။

SSPP/SSA တပ်နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော တစ်လပြည့်နေ့တွင် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်နှင့် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်ရှိလာမှုပေါ် ရှုတ်ချကြောင် ကြေငြာချက်တစ်စောင်ထုတ်ပြန်သော ရှမ်းလူထုအခြေပြု အဖွဲ့အစည်း ၂၇ ဖွဲ့က တောင်းဆိုမှုတွင်လည်း ရှမ်းလူငယ်အင်အားစုအဖွဲ့လည်း ပါဝင်သည်။

အောက်တိုဘာ ၆ ရက်က SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းသို့ အစိုးရက ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာ အောက်တိုဘာလ ၁၅ ရက်က SSPP/SSA က ဝမ်ဟိုင်းဌာနချုပ်အနီးရှိ တာဆမ်ပူး ကူးတို့ဆိပ် စခန်းမှ ဆုတ်ခွာပေးလိုက်ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags