အိလိ အခြေပြု ဝိရောဓိပုံပြင် ၊ ပအိုဝ်းဒေသက ပြနေတဲ့ အမျိုးသားအကျိုးစီးပွားမေးခွန်း

အိလိ အခြေပြု ဝိရောဓိပုံပြင် ၊ ပအိုဝ်းဒေသက ပြနေတဲ့ အမျိုးသားအကျိုးစီးပွားမေးခွန်း

ဇွန် ၁၀

(က) အိလိ အခြေပြု အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဒဿန နဲ့ အယူအဆ ရေးရာ သမူဟ

ပါမောက္ခ ဟန်တင်တန် အဆိုအရ ' ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများတွင် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဆိုးရွားလေ့ရှိပြီး ဒီမိုကရေစီ စနစ်ခိုင်ခံ့ အားကောင်းသည့် နိုင်ငံများတွင်မူ ယျေဘူယျအားဖြင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး အားကောင်းလေ့ရှိသည်။ ဒီမိုကရေစီ ကူးပြောင်းစ နိုင်ငံများတွင် အရပ်ဘက် အုပ်စိုးသူနှင့် စစ်တပ်အကြား ဆက်ဆံရေး ကောင်းမွန်မှု ရှိမရှိမှာ ကျယ်ပြန့်သည့် ဒီမိုကရက်တစ်မူဘောင်များအထိ ဦးတည်မတည်ဆိုသည့် ကိစ္စနှင့် အကူးအပြောင်း အောင်မြင်မှု ရမည် ၊ မရမည် ဆိုသည့် ကိစ္စများအထိ တာသွားလေ့ ရှိသည်။ ' ဟု မှတ်ချက်ပြုဖူးသည်။

စစ်ဘက် အာဏာပိုင်စနစ် ကျင့်သုံးမှု ကြာမြင့်သော တိုင်းပြည်များတွင်မူ စစ်တပ်များအနေဖြင့် အုပ်ထိန်းသူ Guardian အယူအဆများ ကိန်းအောင်းလေ့ရှိသည်။ တခါတရံတွင် ယင်းအခြေ အနေထက်ပင်ဆိုးရွားနိုင်သည့် ရောမခေတ်က ပရေတိုးရီးယန်း စစ်သည်များကဲ့သို့ ၎င်းတို့အကျိုးစီးပွား အုပ်စုတူများအချင်းချင်း မျှေ၀ ခွဲစား အုပ်ချုပ်မှု ၊ သို့တည်းမဟုတ် လက်နက်ပြ ခြောက်စားအုပ်ချုပ်မှု ၊ မိမိ မကြိုက်သူ အုပ်ချုပ်သူဖြစ်နေပါက ဖြုတ်ချခြင်း၊ အုပ်ချုပ်သူ ပဒေသရာဇ်များနှင့် အကျိုးစီးပွားအတွက် အပေးယူ အုပ်ချုပ်စေခြင်းများ ပြုလုပ်တတ်သည့် အတွေးအခေါ်များ အနည်းနှင့် အများဆိုသလို ကြွင်းကျန်ကိန်းအောင်းသည့် လက္ခဏာများ တွေ့ရလေ့ရှိသည်ဟု ဆရာကြီးက ဆိုဖူးလေသည်။

ဆရာကြီးဟန်တင်တန်အဆိုအရ ဒီမိုကရေစီနိုင်ငံများတွင် အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးဆိုသည်မှာ ဓမ္မဒိဋ္ဌာန်ကျသည့် အရပ်သားအုပ်ချုပ်မှုဟာ ဖွင့်ဆိုပါသည်။

(၁) စစ်တပ်၏ ပရိုဖက်ရှင်နယ် အရည်အသွေးမြင့်မားခြင်းနှင့် လုပ်ပိုင်ခွင့်အကန့်အသတ်များ ရှိမှုအပေါ် စစ်သားများက လက်ခံမှု၊
(၂) နိုင်ငံရေးသမားများက စစ်တပ်အပေါ် ထိထိရောက်ရောက်ထိန်းချုပ်ခွင့် ရရှိထားပြီး  အခြေခံ စစ်ရေးနှင့်နိုင်ငံခြားရေး မူဝါဒများ ချမှတ်ခွင့်ရှိခြင်း၊
(၃) စစ်တပ်၏ စစ်ပညာပိုင်းဆိုင်ရာ စွမ်းဆောင်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အပေါ် နိုင်ငံရေးခေါင်းဆောင်များ၏ အသိအမှတ်ပြုမှု၊
(၄) အကျိုးဆက်အနေဖြင့် နိုင်ငံရေးမှာ စစ်တပ်ပါဝင်စွက်ဖက်မှု အနည်းဆုံးဖြစ်အောင် လုပ်ထားနိုင်ခြင်း
စသည့် လက္ခဏာ ၄ ရပ် ရှိရမည်ဟု ဆိုပါသည်။

သို့သော် အာဏာရှင်နိုင်ငံများနှင့် ဒီမိုကရေစီ ကူးပြောင်းစ နိုင်ငံများ၏ အခြေအနေမှာ ယင်းအခြေအနေမျိုးမဟုတ်ဟုပင် တိတိလင်းလင်းဆိုထားသည်။

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကောင်းမွန်ရေးအတွက် ယျေဘူယျအားဖြင့် နိုင်ငံရေးအရ ဦးဆောင်ခွင့်ရနေသည့် အရပ်သားခေါင်းဆောင်နှင့် စစ်တပ် အကြီးအကဲအကြား ဆက်ဆံရေး ယင်းဆက်ဆံရေးမှတစ်ဆင့် ရယူသည့် နိုင်ငံရေးအပေးအယူမှာ ကျယ်ပြန့်သည့် ဒီမိုကရက်တစ်မူဘောင်သို့ ဦးတည်သလော ပြည်သူထံ ဆင်းသက်ကြမည်လော သို့တည်းမဟုတ် အိလိနှစ်ဦး၏ အကျိုးစီးပွား သက်သက်သာလော ဆိုသည့် ကိစ္စများလည်း ရှိနေပါသည်။ အကယ်၍ ယင်း ဆက်ဆံရေးမှာ အိလိနှစ်ဦး၏ အကျိုးစီးပွားသက်သက်သာဆိုလျှင်လည်း ဒီမိုကရေစီအောင်မြင်ရေးတွင် ရေရှည် ခက်ခဲနိုင်မည်ဟုဆိုသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ရောမခေတ် ပရေတိုးရီးယန်း ကဲ့သို့ ထောင်ချောက်မှာ ကူးပြောင်းစ နိုင်ငံများတွင် အနည်းနှင့် အများဆိုသလို ကြုံတွေ့ရနိုင်သဖြင့် အိလိ ဆက်ဆံရေးမှာ လူထုထံ လူထုအကျိုးစီးပွားအတွက် ဆင်းသက်ရန် လိုအပ်ကြောင်း ဆိုလိုရင်းဖြစ်သည်။

လူမျိုးစု တိုင်းရင်းသား အနွယ်များ များပြားသည့် တိုင်းပြည် (သို့မဟုတ် ) ဘာသာရေးအရ အမှတ်သရုပ်လက္ခဏာကွဲပြားမှု ခြားနားသည့် အုပ်စုများ ရှိမှု နှင့် ယင်းကွဲပြားမှုများအပေါ်တွင် နိုင်ငံရေးအရ သက်ဝင်မှု ရှိနေသည့် နိုင်ငံများအတွက်မူ ဒီမိုကရေစီ အားကောင်းစေရန် အတွက် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ကိုတည်ဆောက်မည်ဆိုပါက နိုင်ငံရေး စစ်ရေး ခေါင်းဆောင် ၂ ဦးလောက်ဖြင့် မလုံလောက်သည့် အခြေအနေမျိုး မကြာခဏ ကြုံတွေ့ရလေ့ ရှိပါသည်။ ယင်းအခြေအနေများတွင် ကွဲပြား အုပ်စုအလိုက် မျိုးနွယ်စုခေါင်းဆောင်များနှင့် အဓိကကျသည့် နိုင်ငံရေး စစ်ရေးခေါင်းဆောင်များအကြား ဆက်ဆံရေး ထုံကူးပေါင်းဖက်နိုင်စွမ်းကလည်း အရေးပါလာသည်ဟု ပါမောက္ခ Constaine.P Danopolous က  အခိုင်အမာဆိုပါသည်။ ၎င်းလေ့လာခဲ့သည့် စစ်အေးအလွန် အရှေ့ ဥရောပ နိုင်ငံများ ကူးပြောင်းမှုများ ၊ ပြိုကွဲမှုများတွင် အရပ်ဘက် အိလိ နှင့် စစ်ဘက် အိလိ နှစ်ဦးမျှ ဆက်ဆံရေးကောင်းမွန်ရုံသက်သက်ဖြင့် အခြားကွဲပြားခြားနားသည့် အမှတ်သရုပ်လက္ခဏာ ရှိ မျိုးနွယ်စုများအား မဆွဲဆောင်နိုင်ခဲ့သည့် ဖြစ်စဉ် အများအပြားတွေ့ခဲ့ရသည်ဟု ၎င်းရေးသားသည့် Civil- Military Relations, Nation- Building and National Identity ဆိုသည့် စာအုပ်တွင် ဖော်ပြထားပါသည်။

(ခ) ပအိုဝ်းဒေသကို အပြိုင်အဆိုင် ခြေဆန့်သည့် မြန်မာ အိလိနှစ်ဦး

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟု ပြောလိုက်သည်နှင့် ယာနှင့် သီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လေ့ရှိသည့် အပြာရောင်ဝတ်ဆင်သည့် ပအိုဝ်း တိုင်းရင်းသားများကို ပြေးမြင်ကြမိပေလိမ့်မည်။

ဒေသတွင်း အုပ်ချုပ်ရေး နိုင်ငံရေး ဖွံ့ဖြိုးရေးအကြောင်းပြောလျှင်မူ ပအိုဝ်းဝါရင့်ခေါင်းဆောင် ဥက္ကဋ္ဌကြီး ဦးအောင်ခမ်းထီ အကြောင်းမပါလျှင် မပြီးဟု ဆိုနိုင်ပေသည်။

စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည့် ၉၀ ပြည့်လွန်ကာလများကတည်းက ယခုအချိန်အထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအပါအဝင် တပ်မတော် ထိပ်တန်းခေါင်းဆောင်များနှင့် ၎င်းအကြား ဆက်ဆံရေးလည်း ကောင်း မွန်လှသလို တပ်ချုပ် မင်းအောင်လှိုင်သည်ပင်လျှင် မကြာခဏ ပအိုဝ်းဒေသသို့ လာရောက်ကာ ဦးအောင်ခမ်းထီနှင့် တွေ့ဆုံ လေ့ရှိပါသည်။ ရှမ်းပြည်ရှိ တိုင်းရင်းသား လက်နက်ကိုင် ရှိသည့် လူမျိုးစုများအနက် ပအိုဝ်းတပ်ဖွဲ့ PNA မှာ တပ်မတော်၏ အရင်းနှီးဆုံး မဟာမိတ်ပင် ဖြစ်ကောင်းဖြစ်နိုင်ပြီး PNA မှာ ပြည်သူ့စစ်အဖြစ်လည်း အသွင်ပြောင်းထားပါသည်။

နောက်ပိုင်းကာလများတွင်မူ ဦးအောင်ခမ်းထီနေထိုင်ရာ ကျောက်တလုံးကြီး ဒေသသို့ ဦးတည် ဝင်ထွက်လာသူမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ပင်။

အပိုင်း ( က ) တွင် ဖော်ပြခဲ့သည် လူမျိုးစု အမှတ်သရုပ်လက္ခဏာ သီးခြား ဖြစ်နေသည့်  အုပ်စုရှိသည့် ဒီမိုကရက်တစ် ကူးပြောင်းစ တိုင်းပြည်၏ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး တည်ဆောက်မှု အခြေခံ အိလိချင်း သုံးပွင့်ဆိုင် ဆက်ဆံရေး ရှုထောင့်မှ ကြည့်မည်ဆိုပါက လူမျိုးစု တိုင်းရင်းသား အိလိ ဖြစ်သည့် ဦးအောင်ခမ်းထီ အနေဖြင့် တပ်မတော်ခေါင်းဆောင် ၊ အရပ်ဘက် နိုင်ငံရေး ကိုယ်စားပြုသည့် အစိုးရခေါင်းဆောင်တို့နှင့် ဆက်ဆံရေး ပြေလည်သည့် လက္ခဏာ ဖြစ်နေပါသည်။

(ဂ) မြေယာပြဿနာ ၊ အငြင်းပွား စီမံကိန်းက ပြသနေသည့် အမျိုးသား အကျိုးစီးပွားမေးခွန်း

သို့သော် ယင်းပြေလည်မှုမှာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွင် မှီတင်းနေထိုင်သည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအဖြစ် သက်ရောက်ဆွဲဆန့် နိုင်မှု ရှိမရှိ  မေးခွန်းတွေ မေးစရာ ဖြစ်လာသည်။
လတ်တလော ဖြစ်စဉ်အချို့ကို ကြည့်ကြပါစို့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဆီဆိုင်နယ်မှ ဒေသခံ တောင်သူများနှင့် စစ်တပ်အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တပ်သိမ်းမြေ အပေါ်တွင် ဒေသခံများ ဝင်ရောက်ထွန်ယက်သဖြင့် တရားစွဲဆိုခံရမှု ၊ ထွန်ယက်ရာတွင် အသုံးပြုသည့် ထော်လာဂျီများ သိမ်းဆည်းခံရမှု သတင်းမှာ ယခု သီတင်းပတ်အတွင်း မြေသိမ်းဆည်းမှု ၊ အငြင်းပွားနှင့် ပတ်သက်သည့် သတင်းများအနက် သတိပြုစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပေသည်။

ရှမ်းပြည်နေ တိုင်းရင်းသားများအနက် မြေကိုအခင်တွယ်ဆုံးနှင့် မြေမရှိပါက အခြားအလုပ်လုပ်ရန် ခက်ခဲလေ့ရှိသည့် ပအိုဝ်းတောင်သူများ၏ စိုက်ပျိုးခွင့်ရရန်အတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုမှာ အဆိုးမြင်စရာ အကြောင်းမရှိပေ။

( ဥပမာအားဖြင့် မြေပိုင်ဆိုင်မှုခြင်း တူနိုင်သော်လည်း ရှမ်း တိုင်းရင်းသားများအဖို့ မြေမှာ စားလောက်ရုံသာ စပါးစိုက်ခြင်းမျိုးဖြစ်ပြီး ၊ ထမင်းဆိုင် ခေါက်ဆိုင်ဖွင့်ခြင်းမှသည် ဈေးအရောင်းအဝယ်နှင့် ဝန်ဆောင်မှု လုပ်ငန်းများ ၊ လက်မှု ပန်းတိမ်လုပ်ငန်းများ ၊ လက်သမား ပန်းပု လုပ်ငန်းများအထိ ရင်းနှီးကျွမ်းဝင်မှုရှိသည့် ရှမ်းတိုင်းရင်းသားများအဖို့ မြေခင်တွယ်မှုတွင် ပအိုဝ်း တိုင်းရင်းသားများအား မှီလိမ့်မည်ဟု မထင်ပေ။ တစ်ချိန်တည်းတွင် ပအိုဝ်းနှင့် ရှမ်း လူမျိုးများအနေဖြင့် ထိုင်းသို့ သွားရောက်အလုပ်လုပ်ခြင်း အတူတူ အရည်အချင်းတူပါက ဘာသာစကား နှီးနွယ်မှုအရ အခွင့်အလမ်းမှာ ယျေဘူယျအားဖြင့် ရှမ်း တို့အနေဖြင့် ပိုသာနိုင်ပါသေးသည်။ )

ယခုရက်သတ္တပတ်အတွင်းတွင်ပင် ပအိုဝ်းဒေသအတွင်း မြေနှင့် ပတ်သက်သည့် အခြားသတင်းတစ်ပုဒ်မှာ တီကျစ် ကျောက်မီးသွေးတွင်း ဧရိယာ တိုးချဲ့မှုတဆင့် ဒေသခံများ၏ စိုက်ခင်းများကို မိုင်း တူးဖော်ရေး ကုမ္ပဏီဘက်မှ လူအင်အားသုံး ဖျက်ဆီးခဲ့ပြီးမှ သီးနှံလျော်ကြေးဟု ဆိုကာ ပေးလျော်ခဲ့သည့် သတင်း ဖြစ်သည်။

မိုင်းဧရိယာ တိုးချဲ့လာသလို တိုးချဲ့မြေသိမ်းသလို ဖြစ်နေသည်ဟုလည်း သတင်းအချို့က ဆိုပါသည်။

အသေးစိပ် အခြေအနေကို ဂဃနဏ မသိရသော်လည်း တီကျစ်ကျောက်မီးသွေးတွင်းနှင့် ကျောက်မီးသွေး လောင်စာအသုံးပြု ဓါတ်အားပေးစက်ရုံ စီမံကိန်းမှာ ဒေသခံများအပေါ် လူမှုရေးအရ အကျိုးသက်ရောက်မှုအရကော ၊ သဘာ၀ ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုအရပါ နာမည်ဆိုးနှင့် ကျော်ကြားနေခဲ့သည်မှာ အတန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

လူထုကန့်ကွက်သည့် စီမံကိန်းအဖြစ်လည်း မကြာခဏ ဆိုသလို သတင်းမီဒီယာ စာမျက်နှာများထက်တွင် မြင်တွေ့ခဲ့ရသည်။

ထူးခြားချက်မှာ ယင်းစီမံကိန်းမှာ ဆက်လုပ်ခွင့်ရနေသလို လူထုကန့်ကွက် လှုပ်ရှားများ ဆက်ရှိနေမှုနှင့် ရင်းနှီးမြှုပ်နှံသူ ဘက်မှလည်း အင်အားသုံး ဖြေရှင်းသည့် လက္ခဏာရပ်အချို့ကဲ့သို့ အားပြု လိုမှုများ ( ဥပမာ လူအင်အားသုံး စိုက်ခင်းဖျက်ဆီးမှုကဲ့သို့ ) သတင်းမီဒီယာ စာမျက်နှာထက်တွင် ဖော်ပြခံနေရခြင်းဖြစ်သည်။

ဆိုခဲ့ပါ ဆီဆိုင်နယ်မှ တပ်သိမ်းမြေ ကိစ္စနှင့် တီကျစ် ကျောက်မီးသွေး စီမံကိန်းကိစ္စမှာ လတ်တလော ကာလ ပအိုဝ်းဒေသတွင်းတွင် လူပြောများနေသည့် ကိစ္စရပ်ဖြစ်နေသလို စီမံခန့်ခွဲခွင့်ရှိသည့် ဗဟို အာဏာ ဆုပ်ကိုင် နှစ်စုကိုသာမက ပအိုဝ်းဒေသတွင်း ကာလရှည် သြဇာလွှမ်းမိုးခဲ့သည့် အဖွဲ့အစည်းဖြစ်သည့် ဦးအောင်ခမ်းထီ၏ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ( လက်ရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသ ဦးစီးအဖွဲ့ကို PNO မှပင် ချုပ်ကိုင်ထားနေဆဲဖြစ် ) အဖွဲ့ကိုပါ ဝေဖန်မှုများ ရှိလာနေခဲ့ခြင်း ဖြစ်ပေသည်။

ပအိုဝ်းတိုင်းရင်းသားအမည်ဖြင့် သုံးစွဲသည့် လူမှုကွန်ယက်အများစုတွင် ကာလရှည် စစ်တပ်နှင့် PNO သင့်မြတ်ခဲ့သော်လည်း ပအိုဝ်းဒေသခံများမှာ စစ်တပ်၏ မြေသိမ်းမှုကို ခံခဲ့ရသလို PNO ကလည်း ဒေသခံ မြေအချို့ကို သိမ်းခဲ့သည် ၊ နှစ်ပေါင်းများစွာ စစ်တပ်နှင့် ပေါင်းသော်လည်း ဘာမှမရသည့်အပြင် လူထုမှာ ထိခိုက်ခံစားရ ဆိုသည့် သဘောမျိုးဖြင့် ရေးသားသည့် ဝေဖန်ချက် အမြောက်အမြားကိုလည်း တွေ့ရပါသည်။

ဖြစ်စဉ် ဖြစ်ရပ် နှစ်ခုစလုံးကို ကြည့်မည်ဆိုပါက ဗဟို အာဏာချုပ်ကိုင်သူ နှစ်စုအနေဖြင့် ၎င်းတို့ အကျိုးစီးပွားအတွက်သော်လည်းကောင်း ၊ အဖွဲ့အစည်းဖြစ်စေ ပါတီ အတွက်ဖြစ်စေ အကျိုးစီးပွားအတွက်သော်လည်းကောင်း ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် သင့်မြတ်ရေး လမ်းကြောင့် ဖွင့်နေကြသော်လည်း ယင်းသင့်မြတ်ရေး လမ်းကြောင်းမှတစ်ဆင့် လူထုထံ မျှဝေလက်ဆင့်ကမ်းသည့် လူထုအကျိုးစီးပွားဆိုင်ရာ ဖြည့်ဆည်းချက်မျိုး ၊ တစ်နည်းအားဖြင့်လ ူထုပြသနာများကို ဖြေရှင်းပေးမည့် အခင်းအကျင်းမျိုး ဖန်တီးပေးစွမ်းနိုင်မှု အားနည်းခဲ့သည်ဟု ယျေဘူယျအားဖြင့် ကောက်ချက်ချရတော့မည်ဖြစ်သည်။

ပြန်ကြည့်ပါက ပအိုဝ်းဒေသအတွင်း ချောင်းပေါက်မတတ် လာရောက်ခဲ့သည့် ဗဟိုအာဏာဆုပ်ကိုင်သူနှစ်ဦး၏ ခရီးစဉ်မှာ လူထုထံ ကောင်းမွန်သည့် ဆက်ဆံရေးအဖြစ် ဖြန့်ကြက်နိုင်စွမ်း အားနည်းခဲ့ပေသည်။ ယင်းအခြေအနေမှာ အထက်တွင် ဆိုခဲ့သည့် ရောမခေတ် ပရေတိုးရီးယန်း အခြေအနေတရပ်ကို ဦးတည်နေသလား၊ ကိုယ့်ကို ထောက်ခံမဲ့ ခေါင်းဆောင်တစ်ယောက်ကို ရှာဖွေရုံမျှသက်သက်လား မေးငေါ့စရာ ဖြစ်လာပေသည်။
လုံခြုံရေး ၊ အမျိုးသားအကျိုးစီးပွားဟု ကြွေးကြော်လေ့ရှိသည့် မြန်မာအတွက် ယင်းဖွင့်ဆိုချက် အချို့နှင့် ချိန်ဆ နှိုင်းယှဉ်ရန်လည်း လိုပေသည်။

ကုလသမဂ္ဂ၏ ၁၉၉၄ခုနစ် အမျိုးသား လုံခြုံရေးဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင်

(၁) စစ်ဘက် လုံခြုံရေး
(၂) စီးပွားရေး လုံခြုံမှု
(၃) အရင်းအမြစ် လုံခြုံရေး
(၄) နယ်စပ်လုံခြုံရေး
(၅) လူဦးရေ လုံခြုံရေး
(၆) သဘာဝဘေးအန္တရာယ် ကပ်ဘေးလုံခြုံရေး
(၇) စွမ်းအင်လုံခြုံရေး
(၈) ပထဝီ လုံခြုံရေး
(၉) သတင်းအချက်အလက်လုံခြုံရေး
(၁၀) အစားအစာ လုံခြုံရေး
(၁၁) ကျန်းမာရေးလုံခြုံရေး
(၁၂) လူ့အဖွဲ့အစည်းလုံခြုံရေး
(၁၃) သဘာဝပတ်ဝန်းကျင်လုံခြုံရေး
(၁၄) ဆိုက်ဘာလုံခြုံရေး
(၁၅) မျိုးဗီဇ လုံခြုံရေး

စသဖြင့်ပါဝင်လေရာ ပအိုဝ်းဒေသတွင် လက်ရှိ အငြင်းပွားပြဿနာများဖြစ်နေသည့် တပ်သိမ်းမြေ ကိစ္စများနှင့် တီကျစ် စီမံကိန်း အငြင်းပွား ကိစ္စများမှာ အနည်းဆုံး အချက် ၆ နှင့် ညိစွန်းနေသည်ကို သတိပြုရန်လိုအပ်ပေသည်။

နိုင်ငံသားများ ပိုင်ဆိုင်သည့် စီးပွားရေး အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးသည်ပင်လျှင် ခေတ်သစ်နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွား အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်ပေရာ လယ်လုပ်သူ လယ်ပိုင်ခွင့် ၊ မိမိတို့ ဓါးမဦးချနယ်မြေများ မိရိုးဖလာမြေများ ပိုင်ဆိုင်ခွင့်တို့မှာ အကျုံးဝင်နေပေသည်။

ပိုင်ဆိုင်မှု ကွာဟခြင်း ၊ အခွင့်ထူးခံများ ရှိခြင်း ၊ အရင်းအမြစ်များ ထုတ်ယူမှုတွင် အခြားသက်ရောက်မှုများစေခြင်း နှင့် ညှစ်ထုတ်ယူသုံးစွဲခြင်း၊ မြေသိမ်းခြင်း၊ ပြန်လည်ပျိုးထောင် အစားထိုးပေးသည့် အစီအစဉ်များအားနည်းမှုနှင့် လူထုအပေါ် သက်ရောက်မှု ကြီးစေသည့် လုပ်ငန်းများ အားကောင်းလာမှုတို့မှာ သမိုင်းတစ်လျှောက် ကျရှုံးသည့် နိုင်ငံများတွင် အာဏာအင်စတီကျူးရှင်းများမှ ကျင့်သုံးလေ့ရှိသည့် စရိုက် လက္ခဏာများတွင် တွေ့ရတတ်သည်ဟု Why Nations Fail စာအုပ်ကို ရေးသားသူ Daron Acemoglu က မှတ်ချက်ပြုပါသည်။

ယင်းကိစ္စရပ်များမှာ လူတန်းစား ကွာဟခြင်း ၊ လူမှုအဖွဲ့အစည်းအတွင်း ပြဿနာများပေါ်ပေါက်စေကာ မငြိမ်သက်စေမှုများ ဖြစ်စေခြင်းအထိ တာသွားနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly