Black Lives Matter လှုပ်ရှားမှုအတွက် K-pop အဖွဲ့ BTS နှင့်ပရိသတ်များက အမေရိကန်ဒေါ်လာ ၁ သန်းလှူ

Black Lives Matter လှုပ်ရှားမှုအတွက် K-pop အဖွဲ့ BTS နှင့်ပရိသတ်များက အမေရိကန်ဒေါ်လာ ၁ သန်းလှူ

ဇွန် ၈

တောင်ကိုရီးယား K-pop ဂီတအဖွဲ့ BTS နှင့် ပရိသတ်များက ရဲများ၏ရက်စက်ကြမ်းကြုတ်မှုကိုဆန့်ကျင်သော အမေရိကန်ဆန္ဒပြပွဲများကို ထောက်ခံသည့်အနေဖြင့် Black Lives Matter (BLM) လှုပ်ရှားမှုအဖွဲ့သို့ အမေရိကန်ဒေါ်လာ တစ်သန်းလှူဒါန်းကြောင်း ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းက တနင်္လာနေ့တွင် ပြောသည်။

BTS သည် ဇွန်လအစောပိုင်းတွင် Black Lives Matter အတွက် အမေရိကန်ဒေါ်လာ တစ်သန်းလှူဒါန်းပြီးသွားပြီဖြစ်ကြောင်း BTS အဖွဲ့၏အေဂျင်စီ Big Hit Entertainment က ရိုက်တာသတင်းဌာနကို  တနင်္ဂနွေနေ့ကပြောသည်။ BTS အဖွဲ့ဝင် ခုနစ်ယောက်က လူမျိုးရေးခွဲခြားမှုနှင့်အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်း Black Lives Matter ကို ဟက်ရှ်တက် (#) တွဲကာ တွစ်တာ၌ ရေးသားခဲ့သည်။

“ကျွန်တော်တို့ လူမျိုးရေးခွဲခြားဆက်ဆံတာကို ဆန့်ကျင်ပါတယ်။ အကြမ်းဖက်မှုကိုလည်း ရှုတ်ချပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့အားလုံးဟာ အလေးစားခံရဖို့ အခွင့်အရေးရှိပါတယ်။ အတူတကွ ရပ်တည်ကြမယ်” ဟု ရေးသားခဲ့သည်။ အဆိုပါပို့စ်သည် ပရိသတ်များအကြားပျံ့နှံ့သွားကာ  လှူဒါန်းမှုဖြစ်လာရန် အစပြုခဲ့ပြီး  #MatchAMillion ဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ ထိုလှုပ်ရှားမှုသည် ဒေါ်လာတစ်သန်းလှူဒါန်းမှုပြုရန် ARMY ဟုခေါ်သော BTS ပရိသတ်အဖွဲ့အား တွန်းအားဖြစ်စေခဲ့သည်။

BTS ပရိသတ်အနေဖြင့် လှုပ်ရှားမှုပြုလုပ်သော One In An ARMY (OIAA) အဖွဲ့သည် ၂၄ နာရီအတွင်း တိုက်ရိုက်လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၈၁၇ ၀၀၀  အထက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ARMY က သူတို့ရဲ့စွမ်းအားကို ကောင်းကျိုးအတွက် လုပ်ဆောင်ပေးခဲ့ပါတယ်။ လူမည်းဆန့်ကျင်ရေး တိုက်ဖျက်ရေးမှာ အမှန်တကယ်အကျိုးသက်ရောက်မှာဖြစ်တဲ့တွက် ကျွန်တော်တို့ အရမ်းဂုဏ်ယူပါတယ်။ နေရာတိုင်းက လူမည်းတွေနဲ့အတူ ကျွန်တော်တို့ရပ်တည်ပါတယ်။ ခင်ဗျားတို့ရဲ့အသံတွေဟာ ကြားခွင့်ထိုက်ပါတယ်” ဟု OIAA ကပြောသည်။

တနင်္လာနေ့ ဒေသစံတော်ချိန် ၉ နာရီ ၄၇ မိနစ်အထိ  လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁ ၀၀၇ ၅၁၈ ရရှိခဲ့ပြီး အကန့်အသတ်မရှိ အလှူခံသွားမည်ဟု ဆိုသည်။

မေလ ၂၅ ရက်က အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့တွင် လူဖြူရဲတစ်ဦး၏ဖမ်းဆီးထိန်းသိမ်းခံရသော လူမည်း ဂျော့ချ်ဖလွိုက်သေဆုံးခဲ့မှုကြောင့်  လူမည်းများအပေါ် ရဲများ၏ပြုမူဆက်ဆံပုံကို စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး တရားမျှတမှုတောင်းဆိုသော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

BTS အဖွဲ့သည်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဧပြီလတွင် ကမ္ဘာလှည့်ဖျော်ဖြေမှုများကို ရပ်နားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly