တရုတ်မှ ဆုတ်ခွာပြီး အီးယူနှင့် ကုန်သွယ်မှုစာချုပ် ချုပ်ဆိုသော ဗီယက်နမ် 

တရုတ်မှ ဆုတ်ခွာပြီး အီးယူနှင့် ကုန်သွယ်မှုစာချုပ် ချုပ်ဆိုသော ဗီယက်နမ် 

ဇွန် ၈

ဗီယက်နမ်အမျိုးသားညီလာခံသည် ဥရောပသမဂ္ဂနှင့်လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို တနင်္လာနေ့တွင်အတည်ပြုခဲ့ပြီး အဆိုပါသဘောတူညီချက်ကြောင့် ဗီယက်နမ်သည် တရုတ်နိုင်ငံမှထွက်ခွာမည့် ထုတ်လုပ်သူများအတွက် ရင်းနှီးမြှုပ်နှံမှုပန်းတိုင်အသစ် ဖြစ်လာစေမည်ဟု မျှော်လင့်ရသည်။

သဘောတူညီချက်ကို တရားဝင်လက်မှတ်ရေးထိုးပြီးနောက် တညီတညွတ်တည်း အတည်ပြုခဲ့ကြကာ သြဂုတ်လအစောပိုင်းတွင် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။  ကုန်သွယ်ရေးသဘောတူညီချက်ကို EU က အတည်ပြုပြီးနောက် ဗီယက်နမ်သည်       စင်္ကာပူပြီးလျှင် ဥရောပအုပ်စုနှင့်ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုသော  ဒုတိယမြောက် အရှေ့တောင်အာရှနိုင်ငံဖြစ်လာခဲ့သည်။

သဘောတူညီချက်ရရှိပြီးသည်နှင့် ဗီယက်နမ်မှ EU သို့တင်ပို့မှု၏ ၇၁ % နှင့်  EU မှ ဗီယက်နမ်သို့တင်ပို့မှု ၆၅ % သည် အကောက်ခွန်ကင်းလွတ်မည်ဖြစ်သည်။  ကျန်ရှိသည့် အကောက်ခွန် ၉၉ % အထိကို ဟနွိုင်းမှ ၁၀ နှစ်ကျော်အတွင်း အဆင့်ဆင့်ရုပ်သွားမည်ဖြစ်ကာ ဘရပ်ဆဲလ်ကလည်း ခုနစ်နှစ်ကျော်အတွင်း ရုပ်သိမ်းမည်ဖြစ်သည်။

ဗီယက်နမ်သည် လူဦးရေ ၉၆ သန်းခန့်ရှိပြီး အရှေ့တောင်အာရှ ၁၀ နိုင်ငံအနက် လူဦးရေ တတိယအများဆုံးနိုင်ငံဖြစ်သည်။ တစ်ဦးချင်းဂျီဒီပီသည်၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅၀၀ နီးပါးခန့်ရှိမည်ဟုခန့်မှန်းရပြီး ကားနှင့်ပစ္စည်းပိုင်ဆိုင်မှုအခြေခံစံနှုန်း အမေရိကန်ဒေါ်လာ ၃၀၀၀ အထက်ရောက်ရှိခဲ့သည်။

ဟနွိုင်းသည် EU ၏ ဦးစားပေးအခွန်အစီအစဉ်မှ အကျိုးအမြတ်ခံစားပြီးဖြစ်သည်။ သို့သော် ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် လက်ရှိရှယ်ယာ ၁၅% မှ ထပ်မံမြင့်တက်ကာ ဥရောပအုပ်စုအား ဗီယက်နမ်ကုန်ပစ္စည်းများ ပိုမိုဝယ်ယူလာရန် လုပ်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် ဗီယက်နမ်၏စုစုပေါင်းတင်ပို့မှု၏ ၂၀ % ခန့်ရှိသော အဝတ်အထည်နှင့်ဖိနပ်တင်ပို့မှုတို့အတွက် တိုးတက်မှုရှိလာမည်ဟု မျှော်လင့်ရသည်။ ဗီယက်နမ်သည် တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်ပြီးလျှင် ကမ္ဘာ့တတိယမြောက် အဝတ်အထည်တင်ပို့မှုအများဆုံးဖြစ်သည်။

ဗီယက်နမ်အထည်အလိပ်ကုမ္ပဏီများသည် EU ဈေးကွက်သို့ ဝင်ရောက်ရန်ပြင်ဆင်ပြီးဖြစ်သည်။ သဘောတူညီချက်အသက်ဝင်ပြီးနောက် ငါးနှစ်အကြာတွင် EU အုပ်စုသည် ဗီယက်နမ်အထည်အလိပ်နှင့်အဝတ်အထည်တင်ပို့မှု၏ ၇၇.၃% ကိုလည်းကောင်း၊ ခုနှစ်နှစ်အကြာတွင် ကျန် ၂၂.၇ % ကို လည်းကောင်း အခွန်များ ရုပ်သိမ်းမည်ဖြစ်သည်။

ဒေသတွင်းစက်မှုနယ်ပယ်မှကုမ္ပဏီအများကEU ၊ အမေရိကန်တို့နှင့် မိတ်ဖက်ပြုထားသော  ၎င်းတို့စာချုပ်များသည် မကြာသေးမီအချိန်က ဖျက်သိမ်းခြင်း၊ နှောင့်နှေးခြင်းနှင့် စကေးလျှော့ချခြင်းများပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

လုပ်ငန်းများအားလုံးသည် ကပ်ရောဂါဒဏ်ကို ခံကြရပြီး မတ်လတွင် လုပ်သားလျှော့ချရန် အဖွဲ့ဝင် ၇၀ % ကို တွန်းအားပေးခဲ့ကြပြီး ဧပြီနှင့်မေလများတွင်လည်း ထပ်မံလျှော့ချမည်ဟု ဗီယက်နမ်အထည်ချုပ်လုပ်ငန်းနယ်ပယ်က ပြောသည်။ ဗီယက်နမ်သည် ကပ်ရောဂါမတိုင်ခင်က စီးပွားရေး ၇ % တိုးတက်မှုမှ ပြန်လည်ကျဆင်းရန် သေချာသလောက်ရှိနေသည်။ ဗီယက်နမ်သည် ပြီးခဲ့သည့်နှစ်တွင် အထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံရခဲ့ရာမှ ယခုနှစ်တွင် ဒေါ်လာ ၃၄ ဘီလီယံရရန် ရည်ရွယ်ထားသည်။

ကုန်သွယ်ရေးသဘောတူညီချက်သည် EU ပြင်ပမှနိုင်ငံစုံထုတ်လုပ်သူများအတွက်လည်း သတင်းကောင်းတစ်ခုဖြစ်သည်။

ဂျပန်ကုမ္ပဏီများအကြား ဗီယက်နမ်ရှိ Uniqlo ကဲ့သို့သော လက်လီအထည်ကုမ္ပဏီများသည်လည်း ဗီယက်နမ်မှ EU သို့ ပစ္စည်းတင်ပို့မှုတိုးတက်ရန် မျှော်လင့်ထားကြသည်။

၂၀၁၁ ခုနှစ်တွင် ဟနွိုင်းမှ EUဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၄၂ ဘီယံအထိ တင်ပို့နိုင်ခဲ့ပြီး ဥရောပအုပ်စုမှ ဗီယက်နမ်သို့တင်ပို့မှုမှာ ဒေါ်လာ ၁၅ ဘီလီယံရှိကြောင်း ဗီယက်နမ်အစိုးရ၏အချက်အလက်များအရ သိရသည်။ EUသို့ ဗီယက်နမ်၏ပို့ကုန် ဝင်ငွေသည် ၂၀၂၅ ခုနှစ်တွင် ၄၂.၇ % နှင့် ၂၀၃၀ တွင် ၄၄.၃၇% တိုးတက်ရန် စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက  မျှော်လင့်ထားသည်။

လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်သည် ဗီယက်နမ်၏စုစုပေါင်းပြည်တွင်းထုတ်ကုန်ကို ၂.၄% တိုးမြှင့်စေပြီး ၂၀၃၀ တွင် ပို့ကုန် ၁၂%  အထိတိုးမြှင့်ပေးလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် ဗီယက်နမ်၏ဆင်းရဲမွဲတေမှုလျှော့ချရေးကို အရှိန်ရစေလိမ့်မည်ဟု စက်မှုနှင့်ကုန်သွယ်ဝန်ကြီး Tran Tuan Anh ကပြောသည်။ ထို့ပြင် ပို့ကုန်ဆိုင်ရာတွင် လေယာဉ်၊ ကားများနှင့်သယ်ယူပို့ဆောင်ရေးများပါဝင်လာသောကြောင့် စားသုံးသူဈေးကွက်သို့ရောက်ရှိရန် EU  အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးများရှိလာမည်ဖြစ်သည်။

Brexit အလွန် ဗြိတိန်သည် ၂၀၂၀ ပြည့်နှစ်ကုန်အထိ EU ကုန်သွယ်ရေးသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်နေမည် ဖြစ်သည်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Gareth Ward က နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှုကို လုပ်ဆောင်ရန်နှင့် နှစ်အကုန်တွင် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိရန် မျှော်လင့်ကြောင်း အွန်လိုင်းကွန်ဖရင့်စ်၌ ဗြိတိန်ကုမ္ပဏီများအား  ပြောကြားခဲ့သည်။

ဗီယက်နမ်သည် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့်တောင်ကိုရီးယားတို့အပါအဝင်  အရှေ့တောင်အာရှနိုင်ငံအားလုံးပါဝင်သော  ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်အဖြစ် လူသိများသော လွတ်လပ်စွာကုန်သွယ်ရေးကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ ဗီယက်နမ်သည် အစ္စရေးနှင့်ကုန်သွယ်ရေးသဘောတူညီမှုရရှိရန်လည်း ကြိုးပမ်းနေသည်။ ပြည်တွင်းကုမ္ပဏီများက ဗီယက်နမ်အစိုးရအား အမေရိကန်နှင့်လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုကို အမြန်ဆုံးညှိနှိုင်းရန် တိုက်တွန်းနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly