MMA ပွဲတွေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာမရှိတော့ဘဲ ပျင်းလာတာကြောင့် အနားယူခဲ့တာဖြစ်တယ်လို့ဆိုတဲ့ မက်ဂရီဂေါ်

MMA ပွဲတွေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာမရှိတော့ဘဲ ပျင်းလာတာကြောင့် အနားယူခဲ့တာဖြစ်တယ်လို့ဆိုတဲ့ မက်ဂရီဂေါ်
Photos: EPA & AFP

နာမည်ကြီး MMA တိုက်ခိုက်ရေးကစားသမား ကော်နာ မက်ဂရီဂေါ်က သူဟာ အားကစားအတွက် စိတ်လှုပ်ရှားစရာမရှိတော့တာကြောင့် ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်တယ်လို့ တနင်္ဂနွေနေ့မနက်ပိုင်းက ESPN သတင်းဌာနကို ပြောပါတယ်။

UFC ဝိတ်တန်း ၂ တန်း ကမ္ဘာ့ချန်ပီယံက သူ့ရဲ့တိုက်ပွဲနေ့တွေဟာ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ မိခင်ဖြစ်သူနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့အတူ ရေးတင်ခဲ့ပါတယ်။

"တိုက်ပွဲတွေကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အ့ံအားသင့်စရာ အမှတ်တရတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။"လို့ သူက ရေးသားခဲ့ပါတယ်။

"The Notorious" လို့ နာမည်ပြောင်ရတဲ့ အသက် ၃၁ နှစ်အရွယ် မက်ဂရီဂေါ်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ မဟာပြိုင်ဘက် ခါဘစ် နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် မတ်လက အားကစားကနေ သူ့ရဲ့ အနားယူမှုကို ကြေညာခဲ့ပါတယ်။ ပထမအကြိမ် ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာခဲ့တာက ၂၀၁၆ ခုနှစ် ဧပြီလက ဖြစ်ပါတယ်။

"ကျနော် ဒီကစားပွဲတွေနဲ့ ပတ်သက်ပြီး နည်းနည်းပျင်းရိငြီးငွေ့လာပြီ။"လို့ သူက ESPN ကို ပြောဆိုခဲ့ပါတယ်။ "ကျနော် ဒီကနေ ထိုးသတ်ပွဲတွေကို ကြည့်နေပါတယ်။ နောက်ဆုံးပွဲကိုလည်း ကြည့်ခဲ့တယ်။ ပွဲတွေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာမရှိတော့ ရုံပါပဲ။ ပရိသတ် မရှိလို့လားတော့ မသိဘူး။ အဲဒါဘာလဲဆိုတာလည်း ကျနော် မသိဘူး။ ကျနော့်အတွက် ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှု မရှိရုံပါပဲ။"

MMA သမိုင်းကြောင်းမှာ နာမည်အကြီးဆုံး တိုက်ခိုက်ရေးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ မက်ဂရီဂေါ်ဟာ ၁၂ နှစ်အတွင်း ၂၆ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ ၂၂ ပွဲအနိုင်ရပြီး လေးပွဲရှုံးနိမ့်တဲ့ စံချိန်မှတ်တမ်းတစ်ရပ်ရှိပြီး ချန်ပီယံခါးပတ် နှစ်ခုကို တစ်ပြိုင်နက်တည်း ရယူနိုင်တဲ့ ပထမဆုံး UFC တိုက်ခိုက်ရေးသမားဖြစ်ခဲ့ပါတယ်။

Ref; AFP, ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly