အခုချိန်မှာ တစ်ခုတည်းသော ရောဂါက လူမျိုးရေးခွဲခြားမှုပဲ - ရာဟင်းမ် စတာလင်

အခုချိန်မှာ တစ်ခုတည်းသော ရောဂါက လူမျိုးရေးခွဲခြားမှုပဲ - ရာဟင်းမ် စတာလင်
Photos: EPA

အင်္ဂလန်နဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး ရာဟင်းမ် စတာလင်က ယူကေမှာ ဆန္ဒပြမှုတွေကို ထောက်ခံခဲ့ပြီး "ဒီအချိန်မှာ တစ်ခုတည်းသော ရောဂါက ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ လူမျိုးရေးခွဲခြားမှုပဲဖြစ်တယ်"လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကြောင့် အစုလိုက်အပြုံလိုက် စုရုံတာကို ရှောင်ရှားဖို့ အစိုးရက သတိပေးတာတွေရှိနေပေမယ့် ယူကေမှာ Black Lives Matter (လူမည်းတွေရဲ့အသက်ဟာ တန်ဖိုးရှိတယ်) ချီတက်ပွဲတွေမှာ ထောင်နဲ့ချီတဲ့လူတွေ ပါဝင်ခဲ့ကြပါတယ်။

"ဒီအချိန်က အရေးကြီးဆုံးအချိန်ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ ဒီလိုဖြစ်ရပ်တွေက နှစ်နဲ့ချီပြီး ဖြစ်ပျက်နေတဲ့အရာဖြစ်တယ်။"လို့ အသက် ၂၅ နှစ်အရွယ်ရှိ စတာလင်က ပြောပါတယ်။

အာဖရိကန်-အမေရိကန်နွယ်ဖွားဖြစ်တဲ့ ဂျော့ချ်ဖလွိုင်သေဆုံးပြီးနောက် လန်ဒန်၊ ဘရစ္စတို၊ မန်ချက်စတာ၊ ဝုဗ်ဗာဟမ်တွန်၊ နော်တင်ဟမ်၊ ကလက်စ်ဂိုနဲ့ အီဒင်ဘက်ဂျ်မြို့တွေမှာ ကြီးမားတဲ့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။

အသက် ၄၆ နှစ်ရှိ ဖလွိုင်ဟာ မေလ ၂၅ ရက်နေ့က မင်နီယာပိုလစ်မှာ အဖမ်းခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှုမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိလေးဦးကို စွဲချက်တင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်မှာ ရက်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပြီး ကမ္ဘာအနှံ့အပြားမှာ ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

စတာလင်က "ကူးစက်ရောဂါလိုပါပဲ၊ ဒါကို ရပ်တန့်ဖို့ ကျနော်တို့ အဖြေရှာရမယ်။"လို့ ဘီဘီစီရဲ့ Newsnight အစီအစဉ်မှာ ပြောပါတယ်။

"တချိန်တည်းမှာပဲ ဒီဆန္ဒပြသူအားလုံးဟာ ဒါကို လုပ်နေကြတာပါ။ သူတို့ဟာ သူတို့ မြင်နေရတဲ့ မတရားမှုတွေကို ရပ်တန့်ဖို့ နည်းလမ်းနဲ့ အဖြေရှာဖို့ ကြိုးစားနေကြတာပါ။ သူတို့ဟာ အဲဒီအတွက် တိုက်ပွဲဝင်နေပါတယ်။"

"သူတို့ဟာ ငြိမ်းချမ်းစွာနဲ့ လုံခြုံစွာ လုပ်ဆောင်နေပြီး ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ဘယ်စတိုးဆိုင်တွေထဲကိုမှ ချိုးဖောက်မဝင်ရောက်သေးသ၍ သူတို့ဟာ ဒီငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်ပြီး ဆန္ဒပြကြမှာပါ။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly