Stay Home က လွတ်တာနဲ့ ဘား သွားထိုင်ချင်ကြတဲ့ အသောက်တလိုင်းတို့ သတိပြုမိဖို့

Stay Home က လွတ်တာနဲ့ ဘား သွားထိုင်ချင်ကြတဲ့ အသောက်တလိုင်းတို့ သတိပြုမိဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Yun Sandi Nan Mon

ဘားတွေ ပြန်ဖွင့်ပြီနော်။ Covid- 19 ကြောင့် အဖော်မဲ့ရတာ၊ ဘော်ဒါတွေ နဲ့ ဝေးနေရတာ ကြာပြီလေ။ ဒီတော့ ခုလိုချိန် ဆိုင်ပြန်ထိုင်ရတဲ့ အရသာ သူ့ထက်ငါ အလုအယက် ခံစားချင်ကြမှာပေါ့။ ဆုံကြမယ်၊ စကားတွေ ဖောမယ်၊ သောက်မယ်၊ TGIF ကြမယ် မဟုတ်လား။

ဒါပေမယ့် Covid- 19 ကပ်ဆိုး က ပြီးဆုံးသွားတာ မဟုတ်သေးဘူး ဆိုတာ မမေ့ပါနဲ့။ အရင်လို Night out ထွက်လို့ မရသေးပေမယ့် ရသလောက် အချိန်ယူပြီး ဆိုင်မှာ ကျောက်ချ ထိုင်နေကြတာမျိုး မလုပ်ပါနဲ့ဦး။ နှာခေါင်းစည်း မပါ လူအချင်းချင်း ခဏလောက် စကားပြောရုံ နဲ့ ကူးစက်နိုင်တယ် ဆိုတာ မကြားမိလေရော့သလား။

ဒီလို ဆိုင်ထိုင်ကြတော့မယ်ဆို ဒီအချက်လေးတွေလည်း မမေ့ပါနဲ့ လို့ သတိပေးချင်ပါတယ် –

ဆိုင် သေချာ ရွေးချယ်ပါ

နာမည်ကြီးတဲ့ ဆိုင်တွေ၊ ဘားတွေ နဲ့ ကိုယ်အရင်က သွားနေကျ နေရာတွေ ဆိုတာထက် အဲဒီနေရာက လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေးနဲ့ ပိုးသတ်သန့်စင်ရေး တွေ လုပ်ထားရဲ့လား၊ လမ်းညွှန်ချက်တွေ တကယ်လိုက်နာရဲ့လား ဆိုတာ ဦးစားပေး စဉ်းစားပါ။ ကိုယ်က အထပ်ထပ် ဂရုစိုက်ပါသော်လည်း ဆိုင်က ပိုးသတ် သန့်ရှင်းမှု သေချာ မလုပ်တာ၊ ပုံမှန်မလုပ်တာ ဆိုရင် ပိုအန္တရာယ်များ ပါတယ်။

လူ သိပ် မများပါစေနဲ့

ဆုံကြမယ့် ဘော်ဒါတွေက ထိုင်ခုံချဲလို့ ရလောက်တဲ့ တစ်ဝိုင်းစာ လေးယောက်လောက်ပဲ ကောင်းပါတယ်။ လူ နည်းရင် နည်းပါစေ၊ ဒီထက် များရင် မဖြစ်မနေ နီးနီးကပ်ကပ် စကားပြောဖြစ်ကြမှာရယ်၊ တော်တော်နဲ့ ပြန်မှာ မဟုတ်တာ ကြောင့် Covid- 19 ရောဂါအန္တရာယ် ပိုစိုးရိမ်ရပါတယ်။

ဆိုင်ပြင်ပ မှာလည်း social distancing ကို မမေ့ပါနဲ့

ဆိုင်မှာတော့ ခြားပြီး ထိုင်ပါရဲ့။ အပြင်မှာ ပခုံးဖက်၊ ပူးကပ်ပြီး စကားဖောင်ဖွဲ့ကြမယ်ဆို ဘာမှမထူးတော့ပါဘူး။ ရောဂါပိုးရှိသူကို ကြိုမသိနိုင်တာကြောင့် အချင်းချင်းတွေ တတ်နိုင်သလောက် အကွာအဝေးသတ်မှတ်ပြီး ဆင်ခြင်တွေ့ဆုံတာ အကောင်းဆုံးပါ။ အနည်းဆုံးတော့ တအားမနီးကပ် အောင် သတိထားသင့်ပါတယ်။

ဆိုင်ရောက်တာနဲ့ လက်ဆေးပါ

ရောဂါပိုး ကို ကာကွယ်နိုင်ဖို့ ရောက်တာနဲ့ လက် ဆေးကို ဆေးရပါမယ်။ လက်မဆေးဘဲ ဖန်ခွက် ကိုင်တာ၊ မျက်နှာပွတ်တာ၊ စားပွဲ ပေါ်က တစ်ရှူးဘူး ကို ကိုင်တွယ်မိတာတွေ အပြင် အမြည်းဟင်းပွဲ ရဲ့ ဇွန်းကနေလည်း ရောဂါပိုးတွေ ပြန့်ပွားရရှိသွားနိုင်ပါတယ်။

အရင်လို မကြာခဏ မသွားပါနဲ့

အရင်ကတော့ အပေါင်းအသင်းတွေ ဆုံနေကျ ဆိုပေမယ့် ခုလို သတိထားရမယ့် ကာလအတွင်းမှာ တတ်နိုင်သလောက် ဆင်ခြင်သင့်ပါတယ်။ Social distancing အတွက် နေရာတိုင်းမှာ ကြိုးစားဆင်ခြင် နေရတဲ့အချိန် အခွင့်ရတာနဲ့ အပျော်အပါး အတွက် မစွန့်စားသင့်ပါဘူး။ သွားပါ သို့သော် တစ်ခါတလေပဲ ကောင်းပါတယ်။

အယ်ကိုဟော ကို ဆင်ခြင်ပါ

အရက်၊ ဘီယာ၊ ဝိုင် စတဲ့ ယမကာ မျိုးစုံက အယ်ကိုဟော တွေချည်းမို့ အယ်ကိုဟောရဲ့ ကျန်းမာရေး သက်ရောက်မှုတွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ အယ်ကိုဟော ရဲ့သဘာဝကိုက သောက်တာများရင် ကိုယ်ခံအားစနစ်ကို ထိခိုက် အားနည်းစေတတ်တာမို့ ဆင်ခြင် သောက်သုံးသင့်ပါတယ်နော်။ တစ်ခါတလေ တွေ့ကြတာ ဆိုပြီး အမူးအပြဲ မသောက်ကြဖို့ သတိပေးချင်ပါတယ်။ ကိုယ်ခံအား နည်းတဲ့အခါ Covid- 19 ရောဂါပိုးက ခန္ဓာကိုယ်ထဲကို ကခုန်ပြီးကို ဝင်ရောက်လာနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly