သိန်း ၁၀၀ ခန့် အလွဲသုံးစားလုပ်သည့် သစ်တောအရာရှိ ၂ ဦးအဂတိလိုက်စားမှုဖြင့် အရေးယူ

သိန်း ၁၀၀ ခန့် အလွဲသုံးစားလုပ်သည့် သစ်တောအရာရှိ ၂ ဦးအဂတိလိုက်စားမှုဖြင့် အရေးယူ

ရန်ကုန်၊ ဇွန် ၆

မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းအတွက် ခွင့်ပြုငွေများကို အလွဲသုံးစားပြုလုပ် ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်သစ်တောဦးစီးဌာနမှ အရာရှိနှစ်ဦးကို အဂတိလိုက်စားမှု ဥပဒေဖြင့် အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇွန်လ ၆ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းစုံစမ်းစစ်ဆေးမှုတွင် ရမည်းသင်းခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးငွေစိုးဦးနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးတို့သည် တောအုပ် ၁၀ ဦးထံမှ ကျပ်သိန်း ၁၀၀နီးပါးကို ဖြတ်တောက် ရယူခဲ့ကြောင်း စစ်ဆေးပေါ်ခဲ့သည်ဟု ကော်မရှင်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအမှုကို နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်နှင့်အညီ သစ်တောဦးစီးဌာန အဂတိလိုက်စားမှု ကာကွယ် ရေးအဖွဲ့(CPU)မှ လွဲပြောင်းကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီက စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ရမည်းသင်းခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးငွေစိုးဦးနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးတို့ကို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

၎င်းတို့နှစ်ဦးကို လက်ရှိတွင်အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ဖြင့် တရားစွဲဆိုနိုင်ရန် မန္တလေးတိုင်း ဒေသ ကြီး၊ ရမည်းသင်း မြို့မရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး ပုဒ်မ ၅၆ အရ ထောင်ဒဏ် ဆယ်နှစ်ဖြစ်စေ ၊ငွေဒဏ်ဖြစ် စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံရနိုင်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ၂၀၁၉ခုနှစ်အတွင်း တိုင်ကြားစာ ၉၀၀၀ကျော် လက်ခံရရှိခဲ့ ပြီး၎င်း တိုင်ကြားစာများအနက် ကော်မရှင်မှစစ်ဆေးပြီး အဂတိလိုက်စားကြောင်းမှန်ကန်သည့် နိုင်ငံဝန်ထမ်း ၈၁ဦးကို အရေးယူခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ မှ ဧပြီလအတွင်းတွင် နိုင်ငံဝန်ထမ်းများအဂတိလိုက်စားမှုနှင့်ပတ်သတ်၍ နေပြည်တော်ကော်မရှင်ရုံးသို့ တိုင်ကြားစာ ၁၆၅၀ စောင်၊ ရန်ကုန်ရုံးခွဲသို့ တိုင်ကြားစာ ၁၂၀စောင်နှင့် မန္တလေးရုံးခွဲသို့ တိုင်ကြားစာ ၁၂၁စောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လက်ခံရရှိထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly