နိုင်ငံခြား အကူအညီ

နိုင်ငံခြား အကူအညီ

ဇွန် ၆

နိုင်ငံခြားအကူအညီဆိုသည်မှာ နိုင်ငံတစ်နိုင်ငံမှ အခြား နိုင်ငံတစ်နိုင်ငံသို့ အရင်းအမြစ်များ စေတနာအလျောက် ပံ့ပိုးခြင်းအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုသည်။ ထိုသို့ ပံ့ပိုးခြင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ငွေလုံးငွေရင်း အရင်းအနှီးများ စီးဝင်စေခြင်းလည်း အပါအဝင် ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံသည် ပုံမှန်အားဖြင့် စက်မှုအခြေမခိုင်ဘဲ လူသားရင်းမြစ် ဖွံ့ဖြိုးမှုညွှန်းကိန်း HDI လည်း နိမ့်ကျသည်။

နိုင်ငံခြားအကူအညီသည် ချေးငွေ loan သို့မဟုတ် ထောက်ပံ့ကြေး grant ပုံစံမျိုးဖြင့် ရှိတတ်သည်။ ချေးငွေတွင် သက်သာသော ချေးငွေ soft loan နှင့် ခက်ခဲသော ချေးငွေ hard loan ဆိုပြီး ရှိသည်။ ပြန်လည်ချေဆပ်ရာ၌ နိုင်ငံခြားငွေဖြင့် ချေဆပ်ရလျှင် hard loan ဖြစ်ပြီး ပြည်တွင်းငွေကြေးဖြင့် ချေဆပ်ရပါက soft loan ဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် hard loan ဖြင့် ချေးငွေချထားပေးခြင်းဖြစ်သော်လည်း အဖွဲ့ဝင်နိုင်ငံများကိုမူ soft loan ဖြင့် ချေးငှားသည်။

နိုင်ငံခြားအကူအညီသည် နိုင်ငံခြားငွေကြေးလဲလှယ်မှု foreign exchange ၏ အရေးပါဆုံးသော ရင်းမြစ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံခြားအကူအညီ စီမံကိန်းများတွင် အမျိုးအစား ငါးမျိုးရှိသည်။

၁။ အပြန်အလှန် အကူအညီ Bilateral Aid

အစိုးရတစ်ရပ်မှ အခြားနိုင်ငံ၏ အစိုးရတစ်ရပ်ထံသို့ အကူအညီ တိုက်ရိုက်ပေးခြင်းသည် အပြန်အလှန် အကူအညီ ဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံမှ ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်သို့ ငွေအရင်းအနှီး ပေးခြင်း ဖြစ်သည်။ အဆိုပါ အပြန်အလှန်အကူအညီတွင် မဟာဗျူဟာ နိုင်ငံရေးမျှော်မြင်မှုများနှင့် လူသားချင်း စာနာထောက်ထားရေးတို့သည်လည်း မကြာခဏဆိုသကဲ့သို့ တိုက်ရိုက်ပါဝင်လာလေ့ ရှိသည်။ ဒီမိုကရေစီအရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု economic growth ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ကာလရှည် စီမံချက်များဖြင့် အကူအညီပေးခြင်းများ ရှိသည်။

၂။ ဘက်ပေါင်းစုံ အကူအညီ Multilateral Aid

ဘက်ပေါင်းစုံ အကူအညီသည် အစိုးရများစွာက ကမ္ဘာ့ဘဏ် World Bank ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများထံ ရန်ပုံငွေ ထည့်ဝင်သည့် အကူအညီဖြစ်သည်။ အဆိုပါ ရန်ပုံငွေများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် သုံးလေ့ရှိသည်။ ယင်း ကဏ္ဍသည် အမေရိကန်၏ နိုင်ငံခြားအကူအညီဖြင့် အဓိက ရပ်တည်နေခြင်းဖြစ်ပြီး အမေရိကန်သည် အဖွဲ့အစည်းက ရရှိသော ရန်ပုံငွေ၏ ရာနှုန်းတော်တော်များများကို ထည့်ဝင်ပေးနေခြင်းဖြစ်သည်။

၃။ ချည်နှောင်မှုပါသော အကူအညီ Tied Aid

နိုင်ငံခြားအကူအညီ တစ်မျိုးဖြစ်သည့် ချည်နှောင်မှုပါသော အကူအညီတွင် အကူအညီ ရယူသော နိုင်ငံက ရရှိငွေကြေးအရင်းအနှီးကို ထောက်ပံ့သောနိုင်ငံ(အလှူရှင်နိုင်ငံ) သို့မဟုတ် ရွေးချယ်ထားသော နိုင်ငံများအုပ်စုတွင် သုံးစွဲရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံသို့ နှစ်ဖက်သဘောတူ ချေးငွေ သို့မဟုတ် ထောက်ပံ့ကြေး ပံ့ပိုးပေးအပ်မည် ဖြစ်သော်လည်း ရယူသည့် နိုင်ငံမှ အစိုးရအနေဖြင့် ရွေးချယ်ခံ နိုင်ငံတွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ထုတ်ကုန်များတွင် မဖြစ်မနေ ငွေကြေးသုံးစွဲရမည် ဖြစ်သည်။

၄။ စီမံကိန်း အကူအညီ Project Aid

စီမံကိန်းအကူအညီဆိုသည်မှာ ရန်ပုံငွေကို စာသင်ကျောင်းတစ်ကျောင်း သို့မဟုတ် ဆေးရုံတစ်ရုံကဲ့သို့သော သီးသန့်စီမံကိန်းတစ်ရပ်၌ ဘဏ္ဍာငွေ သုံးစွဲသည့်အခါတွင် စီမံကိန်းအကူအညီအဖြစ် သတ်မှတ်နိုင်သည်။

၅။ စစ်ရေးအကူအညီ Military Aid

စစ်ရေးအကူအညီသည် ကရုဏာတရားကင်းမဲ့သော အကူအညီ ဖြစ်သည်။ အမေရိကန်၏ ၂၀၁၁ ခုနှစ်အတွင်းက စစ်ရေးအကူအညီသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံနီးပါးအထိ ရှိခဲ့သည်။ စစ်ရေးအကူအညီတွင် လက်ခံသည့် နိုင်ငံအနေဖြင့် အမေရိကန်ထံမှ တိုက်ရိုက် လက်နက်ဝယ်ယူခြင်း သို့မဟုတ် ကာကွယ်ရေးစာချုပ် ချုပ်ဆိုခြင်း ထုံးစံမပျက် လိုအပ်သည်။

၆။ စေတနာ့အကူအညီ Voluntary Aid

စေတနာ့အကူအညီသည် ထုံးစံအားဖြင့် ချို့ငဲ့သူများကို ထောက်ပံ့သော အကူအညီပဲ ဖြစ်သည်။ ဥပမာအားဖြင့် Médecins Sans Frontières (နယ်စည်းမခြား ဆရာဝန်များ) အဖွဲ့သည် စစ်ဖြစ်ရာ ဒေသများနှင့် ရောဂါကပ်ဘေးဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၎င်းတို့၏ ပရောဂျက်များကြောင့် အထူး သိရှိထားကြသည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည်။

နိုင်ငံခြား အကူအညီ ပေးခြင်းအတွက် အကျိုးအမြတ်ရှိသော အကြောင်းပြချက်များမှာ

  • -         လူသားချင်းစာနာထောက်ထားရေး အကြောင်းပြချက်
  • -         တိုင်းပြည်၏ နိုင်ငံတကာပုံရိပ် ကောင်းမွန်ရန်
  • -         အခြားသော အစိုးရများနှင့် အပြုသဘောဆောင်သည့် အလုပ်ဖြစ်သော ဆက်ဆံရေး ဆက်လက်ထူထောင်နိုင်ရန်
  • -         ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အခြေအနေများကို မြှင့်တင်ရန်။ အစိုးရများအနေဖြင့် အားလုံးကိုယ်စီ ဘေးကင်းပြီး ပျော်ရွှင်နေသည့်အခါ၌ မိမိတို့လည်း ဘေးကင်းပျော်ရွှင်ရမည်ဟု အမှန်တကယ်ပင် ယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။

နိုင်ငံခြား အကူအညီ၏ အားနည်းချက်

နိုင်ငံခြား အကူအညီ မပေးခြင်းအတွက် အကျိုးမရှိသော အားနည်းချက်များမှာ

  • -         ဝေဖန်သူများအဆိုအရ နိုင်ငံခြား အကူအညီသည် မြန်ဆန်စွာ ဖွံ့ဖြိုးမှုကို မြှင့်တင်မပေးနိုင်ဟု ဆိုသည်။ သို့သော် ပြည်တွင်း စုဆောင်းငွေနှင့် ရင်းနှီးမြုပ်နှံမှုအတွက် အစားထိုးခြင်းအားဖြင့် အကူအညီငွေကြေးကို ချုပ်ကိုင်ထားနိုင်ဖွယ်ရှိသည်။
  • -         ခေတ်သစ်ကဏ္ဍ ဖွံ့ဖြိုးရေးသည် အကူအညီ၏ ဦးတည်ချက်ဖြစ်သည်။ ရလဒ်အားဖြင့် တတိယကမ္ဘာနိုင်ငံများတွင် ချမ်းသာသူနှင့် ဆင်းရဲသူများကြား လူနေမှုအဆင့် ကွာဟချက်သည် ပို၍ ကျယ်ပြန့်လာသည်။
  • -         ပေးအပ်သော အကူအညီသည် ထုတ်လုပ်မှုစွမ်းအားမဲ့ နယ်ပယ်များနှင့် နည်းပညာဟောင်းများကြောင့် စိုးရိမ်စရာ ဖြစ်လာခဲ့လျှင် နိုင်ငံတွင်း၌ ငွေကြေးဖောင်းပွမှုနှုန်း inflation  တိုးများလာမည့် သက်ရောက်မှုများ ရှိလာလိမ့်မည် ဖြစ်သည်။
  • -         အရေးပါဆုံးသော ဆိုးပြစ်မှာ အကူအညီ ရယူသော နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုများတွင် အလှူရှင်နိုင်ငံက ကြားဝင်စွက်ဖက်ခြင်းပင် ဖြစ်သည်။

(www.intelligenteconomist.com ပါ Foreign Aid ဆိုသော ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly