တောင်တရုတ်ပင်လယ်ကို စစ်ဇုံမပြုလုပ်ရန် ဗီယက်နမ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တိုက်တွန်း

တောင်တရုတ်ပင်လယ်ကို စစ်ဇုံမပြုလုပ်ရန် ဗီယက်နမ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တိုက်တွန်း

ဟနွိုင်း၊ နိုဝင်ဘာ - ၆ ။           ။ ရေပိုင်နက်အငြင်းပွားမှုကြောင့် အိမ်နီးချင်းများ၏ ယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် စီးပွားရေးဆက်နွယ်မှုများကို မထိခိုက်စေရန်အတွက် တောင်တရုတ်ပင်လယ်တွင် စစ်ရေးမတည်ဆောက်ရန် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုယင် ဖြူထရန်းက တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲ ရှီကျင့်ဖျင်အား ပုဂ္ဂိုလ်ရေးအရ တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

ရှီ၏ ဗီယက်နမ်သို့ နှစ်ရက်တာအလည်အပတ်ခရီးစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကြာသပတေးနေ့က တွေ့ဆုံရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဗီယက်နမ် အစိုးရဝဘ်ဆိုက် တွင်ဖော်ပြထားသည်။

နှစ်နိုင်ငံအနေဖြင့် စေ့စပ်ညှိနှိုင်းခြင်းဖြင့်သာ အငြင်းပွားမှုကို ဖြေရှင်းနိုင်မည်ကို သဘောပေါက်သင့်ကြောင်း၊ ရေလမ်းကြောင်းအတွက် ကျင့်ထုံးတစ်ရပ် ဖော်ဆောင်ခြင်းအပါအဝင် နှစ်နိုင်ငံစလုံးက လက်ခံနိုင်သည့် အခြေခံကျ၍ ရေရှည်ခံသော အဖြေများကို ကြိုးစားရှာဖွေရမည်ဖြစ်ကြောင်း ထရန်းက ပြောကြားခဲ့သည်။

အမေရိကန်က ဧရိယာကို စစ်ဇုံပြုမှုသို့ ဦးတည်သွားနိုင်သည်ဟု ပြောနေသည့် ကျွန်းတုများ၊ လေယာဉ်ပြေးလမ်းများနှင့် အခြားအဆောက်အအုံများ တည်ဆောက်မှုအပါအဝင် တရုတ်၏ ပိုင်နက် ခိုင်မာစေရန် ကြိုးစားမှုများကြောင့် ခပ်တန်းတန်းဖြစ်သွားခဲ့သော သံတမန်ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် ရှီက ခရီးစဉ်ကို အသုံးချခဲ့သည်။ ဗီယက်နမ်၏ ကုန်သွယ်မှုအရပ်ရပ်တွင် တရုတ်က ၅ပုံတစ်ပုံအထိ ပါဝင်နေသော်လည်း ဗီယက်နမ်နိုင်ငံသား ၁၉ရာခိုင်နှုန်းသာလျှင် တရုတ်လိုလားသော အမြင်ရှိသည်။

ယမန်နှစ်က တရုတ်က အငြင်းပွားကျွန်းများအနီးတွင် ရေနံတူးစင် ဆောက်လုပ်လိုက်သောကြောင့် အဓိကရုဏ်းများ ဖြစ်ပွားလာသကဲ့သို့ ရှီလာရောက်မှုကို ဆန့်ကျင်သည့် ဟိုချီမင်းမြို့မှ ဆန့်ကျင် ဆန္ဒပြမှုကိုလည်း ဗီယက်နမ်ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ရသည်။

သောကြာနေ့ကမူ တရုတ်နိုင်ငံ၏ ဗီယက်နမ်နှင့် ဆက်ဆံရေးမှာ မဟာဗျူဟာမြောက် အရေးပါသည့် အဆင့်တစ်ရပ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ရှီက ဗီယက်နမ် အမျိုးသားလွှတ်တော် တွင်ပြောကြား ခဲ့သည်။

‘နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေတဲ့ အခြေအနေမှာ ဒီမိန့်ခွန်းက အရေးကြီးပါတယ်။ ဆက်ဆံရေးကို ပြန်လည်တည့်မက်ပြီး ဗီယက်နမ်မှာ လူမှုမီဒီယာကို ငြိမ်အောင်လုပ်ဖို့ ကြိုးစားပုံရပါတယ်။ တရုတ်က ဗီယက်နမ်ကို ပြန်ရဖို့ ကြိုးစားနေပုံရပါတယ်’’ဟု ဟိုချီမင်းမြို့ ဗီယက်နမ်အမျိုးသားတက္ကသိုလ်မှ ကထိက လီဟွန်ဟစ်က ပြောကြားခဲ့သည်။

တရုတ်မှာ ၎င်း၏ စစ်အေးခေတ်မဟာမိတ် ဗီယက်နမ်ကို အမေရိကန်နှင့် နီးစပ်မသွားစေရန် တားဆီးလိုနေပြီး ဗီယက်နမ်ကလည်း သူ၏ ထိပ်တန်း ကုန်သွယ်ဖက်နှင့် ပိုမိုအင်အားကြီးမားသော အိမ်နီးချင်းဖြစ်သည့် တရုတ်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုနေသည်။ ခရီးစဉ်အတွင်း ဗီယက်နမ်တွင် မြို့ပြရထားလမ်းစီမံကိန်းကို ထောက်ပံ့ရန်အတွက် ကန်ဒေါ်လာ သန်း၂၅၀ ထုတ်ချေးမည်ဖြစ်ကြောင်း တရုတ်က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly