မြိတ်လေတပ် စခန်းဌာနချုပ် အတွင်း မိုးကြိုးထိမှန်ခံရမှုကြောင့် တပ်မိသားစုဝင် ငါးဦးသေဆုံး

မြိတ်လေတပ် စခန်းဌာနချုပ် အတွင်း မိုးကြိုးထိမှန်ခံရမှုကြောင့် တပ်မိသားစုဝင် ငါးဦးသေဆုံး
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

မြိတ်၊ ဇွန် (၄)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိ မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း၌ မိုးကြိုးထိမှန်ခံရမှုကြောင့် တပ်မိသားစုဝင် ငါး ဦးသေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မိသားစုဝင်များထံမှ သိရသည်။

ယင်းသေဆုံး၊ထိခိုက်ဒဏ်ရာရရှိသူများသည် ဇွန်လ ၃ ရက်နေ့ ညနေပိုင်းက မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း ကျင်းပပြုလုပ်သည့် ဘောလုံးပွဲအား ကြည့်ရှု့နေစဉ် မိုးကြိုးထိမှန်ခံရခြင်းဖြစ်သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

“သဘာဝဘေးအန္တရာယ်ကြောင့် မိုးကြိုးထိမှန်တာက အရပ်သားတွေ မဟုတ်ပါဘူး။လေတပ်စခန်းထဲက တပ်မိသားစုဝင်တွေ ဖြစ်ပါတယ်။ ကျွန်မတို့ ထောက်ပံ့မှုတွေ သွားပေးနေပြီဖြစ်တယ်” ဟု သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုက ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

အဆိုပါ မိုးကြိုးထိမှန်ခံရမှုကြောင့် သေဆုံးခဲ့သည့် ငါးဦးမှ တစ်ဦးလျှင် ၃ သိန်းနှုန်းဖြင့် စုစုပေါင်း ၁၅ သိန်းကျပ်ကို မိသားစုဝင်များထံပေးအပ်ထောက်ပံ့ခဲ့ပြီး  ထိခိုက်ဒဏ်ရာရရှိသူ ခုနှစ်ဦးကို တစ်ဦးလျှင် ဆေးကုသစရိတ် ၅၀၀၀၀ကျပ်အား မြိတ်ခရိုင်ဘေးစီမံမှ သွားရောက်ထောက်ပံ့ခဲ့သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ခုနှစ် ဦးသည်  မြိတ်မြို့ရှိ အမှတ် (၅) တပ်မတော်ဆေးရုံ (ခုတင်.၁၀၀) တွင် တက်ရောက် ဆေးကုသခံယူ နေရကြောင်း တပ်မိသားစုဝင်များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly