အင်အားကြီး မူးယစ်မှောင်ခိုဂိုဏ်းနှင့်ဆက်စပ်သည့် ဘဏ်အကောင့် ၂၀၀၀ နီးပါး မက္ကဆီကိုအာဏာပိုင်များပိတ်သိမ်း

အင်အားကြီး မူးယစ်မှောင်ခိုဂိုဏ်းနှင့်ဆက်စပ်သည့် ဘဏ်အကောင့် ၂၀၀၀ နီးပါး မက္ကဆီကိုအာဏာပိုင်များပိတ်သိမ်း

ဇွန် ၃

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် ကာကွယ်ရေးလုပ်ဆောင်နေသော ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် မက္ကဆီကို ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့က အင်အားကြီးမားသော Jalisco New Generation Cartel ဟုခေါ်သည့် မူးယစ်မှောင်ခိုဂိုဏ်းနှင့်ဆက်စပ်သော ဘဏ်အကောင့် ၂၀၀၀ နီးပါးကို ပိတ်သိမ်းရန် ဘဏ်များအား ညွှန်ကြားထားသည်ဟု အင်္ဂါနေ့တွင် ပြောသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မက္ကဆီကို ရာဇဝတ်ဂိုဏ်းကြီးများကို အကြမ်းဖက်အုပ်စုများအဖြစ်သတ်မှတ်ရန် ခြိမ်းခြောက်မှုများ ရပ်တန့်သွားပြီးနောက် မက္ကဆီကိုသည် အစီအစဉ်တကျ လုပ်ဆောင်သော ရာဇဝတ်မှုများကို တိုက်ဖျက်မည့် ကတိကဝတ် စတင်ကြောင်း နောက်ဆုံးအရိပ်လက္ခဏာပြသလိုက်ခြင်းဖြစ်သည်။ 

အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (DEA) က စပိန်လို  CJNG ဟု အတိုကောက်ခေါ်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ကမ္ဘာပေါ်တွင် မူးယစ်ကုန်ကူးသောအဖွဲ့များအနက် အကျိုးအမြတ်အရှိဆုံးအဖွဲ့အဖြစ် သတ်မှတ်ထားသည်။ မက်သာဖီတမင်းဆေးသည် ယခုအချိန်တွင် အမေရိကန်ဈေးကွက်၌ လွှမ်းမိုးလျက်ရှိသည်။

“ဒီစစ်ဆင်ရေးဟာ လုံခြုံရေးအစိုးရအဖွဲ့မှာပါဝင်တဲ့ အဖွဲ့အစည်းတွေ လပေါင်းများစွာ စုပေါင်းလုပ်ဆောင်တဲ့ ရလဒ်ပါ” ဟု မက္ကဆီကို ဘဏ္ဍာရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့က  ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

CJNG နှင့်ဆက်စပ်သော ဘဏ်အကောင့်ပေါင်း ၁၇၇၀ ၊ ကုမ္ပဏီပေါင်း ၁၆၇ ခုဆိုင်ရာအကောင့်များနှင့် ယုံမှတ်အပ်နှံမှု အကောင့်နှစ်ခုတို့ကို ပိတ်သိမ်းခဲ့သည်ဟု ထောက်လှမ်းရေးအဖွဲ့က ဆိုသည်။

ပိတ်ထားသောအကောင့်များရှိ ငွေပမာဏများကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ပုံမှန်မဟုတ်သော ငွေသွင်းငွေထုတ်လုပ်မှု ထောင်ပေါင်းများစွာကို စစ်ဆေးမိခဲ့သည်ဟု ဆိုသည်။

မက္ကဆီကိုအာဏာပိုင်များသည် ငွေကြေးခဝါချမှုတွင် အသုံးပြုသော ကုမ္ပဏီများနှင့် အကြီးဆုံး ဘဏ္ဍာရေးထိန်းချုပ်သူများအပါအဝင် မူးယစ်ဂိုဏ်းအဖွဲ့ဟု ခေါ်ဆိုသော ၎င်းတို့၏အဖွဲ့ဝင်အမြောက်အမြားကို ရှာနိုင်ရန် DEA နှင့် ပူပေါင်းခဲ့ခြင်းဖြစ်သည်။

မက္ကဆီကို အာဏာပိုင်များသည် ဖေဖော်ဝါရီလက CJNG အဖွဲ့၏  မူးယစ်ရာဇာ Nemesio Oseguera ၏ သား Ruben Oseguera ကို ပြစ်မှုကျူးလွန်ရာနိုင်ငံ အမေရိကန်သို့ လွှဲပြောင်းပေးခဲ့သည်။ တစ်လခန့်အကြာတွင် အမေရိကန်အာဏာပိုင်များသည် အဆိုပါမူးယစ်မှောင်ခိုဂိုဏ်းနှင့်ဆက်စပ်သော လူ ၂၅၀ ထက်မနည်း ဖမ်းဆီးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required