ဆီးရီးယားအစိုးရမှာ ပြန်ပေးဆွဲခြင်း ဖမ်းဆီးထိန်းသိမ်းခြင်းများမှ ၀င်ငွေရနေဟုဆို

ဆီးရီးယားအစိုးရမှာ ပြန်ပေးဆွဲခြင်း ဖမ်းဆီးထိန်းသိမ်းခြင်းများမှ ၀င်ငွေရနေဟုဆို

ဘေရွတ်၊ နိုဝင်ဘာ-၆ ။             ။ ပျောက်ဆုံးနေသူများအကြောင်း အသေးစိတ်သိလိုလျှင် လာဘ်ထိုးကြရသည်ဟု ပြောကြားသည့် ဆီးရီးယားနိုင်ငံသားများနှင့် အင်တာဗျူးများအပေါ် အခြေခံသည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ အစီရင်ခံစာအရ ဆီးရီးယားအစိုးရမှာ ပြည်တွင်းစစ်ကာလအတွင်း သောင်းနှင့်ချီသော လူများကို ပြန်ပေးဆွဲခြင်းမှ အကျိုးအမြတ်ရနေ ခဲ့သည်ဟု ဆိုသည်။

လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအုပ်စု၏ ပြောကြားချက်အရ နိုင်ငံ၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်ကျသော ပျောက်ဆုံးမှုများအတွင်း ချစ်ခင်ရသူများ၏ သတင်းကို အသည်းအသန် သိလိုနေ သည့် နိုင်ငံသားများကို ခေါင်းပုံဖြတ်သည့် မာယာများသော မှောင်ခိုဈေးကွက်ကို သမ္မတ ဘာရှား အယ်အာဆတ်၏ အစိုးရက ကြီးကြပ်ကွပ်ကဲနေသည်ဟု ဆိုသည်။

အဆိုပါ လူ့အခွင့်အရေးအုပ်စု၏ တွေ့ရှိချက်များမှာ ၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်ကြား ပျောက်ဆုံးသွားသော ဆီးရီးယားနိုင်ငံသားများ၏ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းများနှင့် မိသားစုဝင် ၇၁ယောက်နှင့် ပြုလုပ်ထားသည့် အင်တာဗျူးများအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်ဟု ဆိုသည်။

အစီရင်ခံစာအရ ဆီးရီးယားအာဏာပိုင်များမှာ ပျောက်ဆုံးနေသူများအကြောင်း သတင်းအချက်အလက်များကို ကြေးကြီးကြီးဖြင့် ဖောက်သည်ချနေသည့် ကြားခံလူ (သို့မဟုတ်) ပွဲစားများနှင့် အဆက်အသွယ်ရှိနေကြသည်ဟု ဆိုသည်။

အချို့ဆိုလျှင် ဒေါ်လာ သောင်းနှင့်ချီ၍ ပေးကြရသော်လည်း ပွဲစားများပြောသည့် အချက်အလက်များမှာ မှားယွင်းနေသည်နှင့်လည်း ကြုံကြရသည်ဟု လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက   ပြောကြားခဲ့သည်။

သို့ရာတွင် ပျောက်ဆုံးနေသည့် မိသားစုဝင်နှင့် သူငယ်ချင်းများအကြောင်း အာဏာပိုင်များကို ချဉ်းကပ်မေးမြန်းပါက အဖမ်းခံရမည်စိုးသောကြောင့် ဆီးရီးယားနိုင်ငံသားအများစုမှာ မှောင်ခိုကွန်ရက် များကိုသာ အားကိုးနေကြရသည်ဟုလည်း အစီရင်ခံစာတွင် ပြောကြားထားသည်။

အာဆတ်အစိုးရမှာ နဂိုကတည်းကပင် တရားလက်လွှွှတ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုမှုများနှင့်အတူ ဖမ်းဆီးပြန်ပေးဆွဲသည့် နည်းများဖြင့်လည်း ဝေဖန်သူများကို အသံတိတ်အောင်လုပ်ခဲ့သဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။

လေးနှစ်ကြာ ပြည်တွင်းစစ်အတွင်း စီးပွားရေး ဆိုးရွားနေချိန်တွင် အစိုးရ၏ ပြန်ပေးဆွဲသည့်နည်းမှာ ဝင်ငွေအရင်းမြစ်တစ်ခုဖြစ်လာခဲ့သည်ဟုလည်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။  

ဝေဖန်သုံးသပ်သူများ၏ ပြောကြားချက်အရ စစ်ပွဲစတင်ဖြစ်ပွားကတည်းက ဆီးရီးယားစီးပွားရေးမှာ တစ်ဝက်ကျော် ကြုံ့ဝင်သွားခဲ့သည်ဟုဆိုသည်။

‘ဘဝများ ပျက်ခဲ့ရသလို၊ ပျောက်ဆုံးမှုများကလည်း ချစ်ခင်ရသူများ ဆုံးရှုံးရတဲ့ မိသားစုတွေရဲ့ မျက်ရည်နှင့် ရောင်းဝယ်တဲ့ လာဘ်ပေးလာဘ်ယူ မှောင်ခိုဈေးကွက်ကို မောင်းနှင်နေတယ်’’ဟု နိုင်ငံတကာ လွတ်ငြိမ်းခွင့်အဖွဲ့ကြီးမှ အရှေ့အလယ်ပိုင်း ပရိုဂရမ်ဒါရိုက်တာ ဖိလစ် လူသာက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly