ကုတင် ၅၀၀ ဆေးရုံကြီးမီးလောင်မှု Air-Con Safeguard အပူလွန်ကဲခြင်းကြောင့်ဖြစ်ဟု တိုင်းမီးသတ်တပ်ဖွဲ့ ထုတ်ပြန်

ကုတင် ၅၀၀ ဆေးရုံကြီးမီးလောင်မှု Air-Con Safeguard အပူလွန်ကဲခြင်းကြောင့်ဖြစ်ဟု တိုင်းမီးသတ်တပ်ဖွဲ့ ထုတ်ပြန်

ဇွန် ၂ရက်

ရန်ကုန်မြို့လယ်ရှိ ကုတင် ၅၀၀ အထူးကုဆေးရုံ၏  ခြောက်ထပ်ဆောင်အသစ်တွင်  ဇွန်လ ၁ရက် နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုသည် Air-Con Safeguard အပူလွန်ကဲခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

မီးလောင်မှုနှင့်ပတ်သတ်၍ အငယ်တန်းအင်ဂျင်နီယာ ဦးစွမ်းပြည့်စုံ အား လမ်းမတော်မြို့မရဲစခန်းမှ (ပ)၂၇၀/၂၀၂၀၊ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း ခြောက်ထပ်ဆောင်အသစ်တွင် ဆေးရုံတက်ရောက်ကုသနေသည့် လူနာ  ၅၂ ဦးကို ဆေးရုံပြင်ပသို့ အန္တရာယ်ကင်းရှင်းစွာဖြင့် ရွှေ့ပြောင်းပေးနိုင်ခဲ့သည့်အပြင် မီးလောင်ကျွမ်းမှုမဖြစ်ခင် အသည်းရောဂါဖြင့် သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုလည်း အချိန်မီ ပြောင်းရွှေ့ပေးနိုင်ခဲ့သည်ဟု သိရသည်။

မီးလောင်ကျွမ်းမှုကြောင့်  အဲကွန်းနှစ်လုံး ၊  မျက်နှာကြပ် ဝါယာကြိုးအချို့ မီးလောင်၊ မီးဟက်မှုများရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ သုံးသိန်းခန့် ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

 လမ်းမတော်မြို့နယ်၊ပြည်လမ်းနှင့်မင်းရဲကျော်စွာလမ်းထောင့်ရှိ ဆေးရုံ၏  အသည်း၊ ဆီး၊ ကျောက်ကပ်၊ အဆုတ်၊ ရင်ခေါင်း လူနာများအတွက် ဆေးကုသဆောင်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
 
 level -2 အဆင့်ရှိ မီးသတ်ယာဉ်များထွက်ခွာ ငြိမ်းသတ်ခဲ့ကြောင်းနှင့် ညနေ ၅နာရီ ၄၂ မိနစ်ခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly