လန်ဒန် အရင်းရှင်စနစ်ဆန့်ကျင်ရေး ချီတက်ပွဲတွင် အကြမ်းဖက်မှုဖြစ်ပွား

လန်ဒန် အရင်းရှင်စနစ်ဆန့်ကျင်ရေး ချီတက်ပွဲတွင် အကြမ်းဖက်မှုဖြစ်ပွား

လန်ဒန်၊ နိုဝင်ဘာ-၆ ။              ။ အရင်းရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုဖြစ်သော ‘မျက်နှာဖုံးတစ်သန်း ချီတက်ပွဲ (Million Mask March)’သို့ လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲကြရာ လန်ဒန်မြို့လယ်တွင် တက်ကြွလှုပ်ရှားသူများကို ရဲကားတစ်စင်းကို မီးတင်ရှို့ခဲ့သောကြောင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများနှင့် ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဆန္ဒပြသူများက ရဲများကို မီးရှူးမီးပန်းများ ပုလင်းများနှင့် ပစ်ပေါက်ခဲ့ပြီး အာဏာပိုင်များက ချီတက်ပွဲကို ထိန်းချုပ်ရန် ကြိုးစားလာသောကြောင့် ရဲအချို့မှာ မြင်းများပေါ်မှ ဆွဲချခြင်းခံရပြီး သွေးထွက် သံယိုဖြစ်သွားသည့် ဆန့်ကျင်သူများမှာလည်း ထိခိုက်ဒဏ်ရာများကြောင့် ကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ရာဇဝတ်မှုမြောက်သော ဖျက်စီးမှုနှင့် ရဲကို တိုက်ခိုက်မှုအပါအဝင် ရမ်းကားမှုများအတွက် လူပေါင်း၅၀ကို ဖမ်းဆီးခဲ့ပြီး ဆန့်ကျင်ဆန္ဒပြသူအချို့မှာ ရာဇဝတ်မှုကျူးလွန်လိုသော ရည်ရွယ်ချက်ရှိကြသည်ဟု ရဲက ပြောကြားခဲ့သည်။

‘ရဲအရာရှိတွေကို ဆေးရုံတင်ထားရတယ်။ လုံးဝလက်ခံနိုင်ဖွယ်မရှိတဲ့ ဆန္ဒပြပွဲအတွင်းမှာ ရဲမြင်းတစ်ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲကားတစ်စင်းလည်း ရာဇဝတ်မှုဆန်ဆန် အဖျက်စီးခံခဲ့ရတယ်’ဟု မက်ထရိုပိုလီတန် ရဲမှူး ဘီဂျေ ဟာရင်တန်က ပြောကြားခဲ့သည်။

‘ရာဇဝတ်မှုကျူးလွန်သူတွေကို တရားဥပဒေရှေ့မှောက် အရောက်ပို့မှာပါ’ဟု ဟာရင်တန်က ပြောကြားသည်။

ဗြိတိန်၏ မီးပုံပွဲညတွင် ဖြစ်ပွားလေ့ရှိသည့် နှစ်စဉ် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ လူအုပ်များက ဂိုင် ဖောခတ်စ်ကို တုပကာ မျက်နှာဖုံးဖြူများဝတ်ဆင်၍ ချီတက်ကြခြင်းပင်ဖြစ်သည်။

ဖောခတ်စ်မှာ ၁၆၀၅ခုနှစ်က ကတ်သိုလင်ဘုရင်ကို ထီးနန်းတင်ရန်အတွက် ပါလီမန်ကို ဖောက်ခွဲရန် ကြိုးစားခဲ့သူုဖြစ်ပြီး မီးပုံပွဲညမှာ မအောင်မြင်သည့် ယမ်းမှုန့်လုပ်ကြံမှုကို နှစ်စဉ် အထိမ်းအမှတ်ပြု ဆင်ယင်သည့် ပွဲတစ်ခုပင် ဖြစ်သည်။  

 ‘အကျင့်ပျက်ခြစားမှု၊ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကင်းမဲ့မှု ဆင်းရဲသားတွေအတွက် အဖြတ်တောက်ခရံမှုတွေကို ဆန့်ကျင်စကား မပြာနိုင်သူတွေကိုယ်စား တစ်စုတစ်စည်းတည်းပြောဆိုဖို့ ဒီနေရာကို ရောက်လာကြတာပါ’ဟု အမည်မသိ မျက်နှာဖုံးတပ် ဆန့်ကျင်ဆန္ဒပြသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဆန္ဒပြသူများက ‘တစ်ခုတည်းသောအဖြေ-တော်လှန်ရေး’၊ ‘ဘယ်သူ့လမ်းလဲ-ငါတို့လမ်း’ဟူသော ကြွေးကြော်သံများကို အော်ဟစ်ကာ အုပ်စုများ ကွဲသွားကြပြီး ဘက်ကင်ဟန်နန်းတော်နှင့် ဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်ဟု ဆိုသည်။

ဆန္ဒပြသူအချို့က လန်ဒန်၏ အဓိကဈေးရပ်ကွက်ကို ဖြတ်ပြေးကြရာ ပြတင်းပေါက်များကို ပစ်ခွဲကြပြီး ရဲများနှင့်လည်း ဝရုံးသုဉ်းကားဖြစ်သွားခဲ့သောကြောင့် ဆိုင်များမှာ တံခါးများကို ပိတ်ထားခဲ့ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly