Forbes က ဖော်ပြသော COVID-19 အလွန်ကာလ ကမ္ဘာ့အဓိကခရီးသွားနေရာများ ဖြစ်လာရန် အလားအလာရှိသည့် နိုင်ငံ ၇ နိုင်ငံထဲတွင် မြန်မာ ပါဝင်

Forbes က ဖော်ပြသော COVID-19 အလွန်ကာလ ကမ္ဘာ့အဓိကခရီးသွားနေရာများ ဖြစ်လာရန် အလားအလာရှိသည့် နိုင်ငံ ၇ နိုင်ငံထဲတွင် မြန်မာ ပါဝင်

ဇွန် ၁

COVID-19 ကပ်ရောဂါအလွန် ကမ္ဘာ့ အဓိကခရီးသွားနေရာများ ဖြစ်လာရန် အလားအလာကောင်းများ ရှိနေသော နိုင်ငံခုနစ်နိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်ဟု Forbes က ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် မကြုံစဖူးသည့် ကျဆင်းမှုများ ဖြစ်ပေါ်နေစဉ် ကမ္ဘာ့ ခရီးသွားလုပ်ငန်းသည်လည်း အကျပ်အတည်းနှင့် ရုန်းကန်နေရချိန် ကမ္ဘာ့နိုင်ငံအများအပြားသည်လည်း ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်း ပြန်ကောင်းလာသည်နှင့်တပြိုင်နက် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်နိုင်ရန် ပြင်ဆင်နေကြသည်ဟု သိရသည်။

ယင်းသည် နိုင်ငံအချို့အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပေါ်လွင်ထင်ရှားသော အဓိကနေရာများ ဖြစ်လာစေမည့် ပထမဆုံးအခွင့်အရေးတစ်ခုလည်း  ဖြစ်လာနိုင်သည်။

မြန်မာ၊ အီသီယိုးပီးယား၊ အီရန်၊ ဂျော်ဂျီယာ၊ ဖိလစ်ပိုင် ၊ ဆလိုဗေးနီးယားနှင့် တူနီးရှား တို့သည် လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ထိပ်တန်း ခရီးသွားနေရာများ ဖြစ်လာရန် လုပ်ရဦးမည်ဖြစ်သော်လည်း ယင်းနိုင်ငံများတွင် အသစ်စက်စက် သဘာဝ အလှတရားများ၊ သမိုင်းကြောင်းဆိုင်ရာ အမွေအနှစ်များနှင့် စိတ်ဝင်စားစရာ ကောင်းသော ယဉ်ကျေးမှု အတွေ့အကြုံများကို တွေ့ကြုံခံစားရနိုင်ကြောင်း Forbes က ဖော်ပြသည်။

စင်္ကာပူ၊ ထိုင်းနှင့် အင်ဒိုနီးရှားကဲ့သို့ လူသိများသော ခရီးသွားနေရာများက အရှေ့တောင်အာရှဒေသကို ကမ္ဘာ့ အဆင့် ခရီးသွားနေရာအဖြစ် ရောက်ရှိရန် တွန်းပို့ပေးထားပြီး ဖြစ်သော်လည်း ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် လျှော့တွက်အခံထားရဆုံး ခရီးသွားနေရာတစ်ခုအဖြစ် ရှိနေသည်ဟု ဆိုသည်။

ဗုဒ္ဓ ဘုရားပုထိုးစေတီများ၊ ရှေးခေတ် လူသားယဉ်ကျေးမှု၏ အကြွင်းအကျန်များနှင့် စည်ကားသည့် မြို့ကြီးများ ရှိနေသည့် မြန်မာနိုင်ငံသည် COVID-19 အလွန် ကမ္ဘာ့ အဓိက ခရီးသွားနေရာ ဖြစ်လာရန် အလားအလာ ကောင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်နေသည်ဟု သိရသည်။ ဖွံ့ဖြိုးဆဲ စီးပွားရေး အခြေအနေကြောင့်လည်း ငွေကြေး ချွေတာလိုသည့် ခရီးသွားများ အဆင်ပြေပြေ လည်ပတ်ခွင့် ရရှိနိုင်မည်ဖြစ်သည်။ မြို့တော် နေပြည်တော်သည် လည်း အရွယ်အစားကြီးမားပြီး လူဦးရေ နည်း၍ ယာဉ်ကြောပိတ်ဆို့မှု အလွန်တရာ နည်းပါးသလို မြို့တော်ဟောင်း ရန်ကုန်သည်လည်း နိုင်ငံ၏ အထွတ်အမြတ်အထားဆုံး ဗုဒ္ဓဘုရားစေတီနှင့် အင်္ဂလိပ် ကိုလိုနီခေတ် ဗိသုကာ အဆောက်အအုံလက်ရာများ ရှိနေသည်ဟု Forbes က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required