နိုဘဲဆုရ ချီလီကဗျာဆရာကြီး ပက်ဘလို နီရူဒါမှာ အသတ်ခံရခြင်းဖြစ်နိုင်ဟုဆို

နိုဘဲဆုရ ချီလီကဗျာဆရာကြီး ပက်ဘလို နီရူဒါမှာ အသတ်ခံရခြင်းဖြစ်နိုင်ဟုဆို

ဆန်တီယာဂို၊ နိုဝင်ဘာ - ၆ ။           ။ နိုဘဲဆုရှင် ကဗျာဆရာကြီး ပက်ဘလို နီရူဒါမှာ ဗိုလ်ချုပ်ကြီး သြဂတ်စတို ပီနိုချတ်ကို အာဏာရလာစေခဲ့သည့် ၁၉၇၃ ခု အာဏာသိမ်းမှုအပြီးတွင် အသတ်ခံ ခဲ့ရခြင်းဖြစ်နိုင်ကြောင်း ချီလီအစိုးရက ဝန်ခံအသိအမှတ်ပြုခဲ့သည်။

နီရူဒါမှာ ကင်ဆာရောဂါဖြင့်သေဆုံးခြင်းမဖြစ်နိုင်ကြောင်း မီဒီယာသတင်းများ ထွက်ပေါ်နေချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်က စပိန်ဘာသာ El Pais သတင်းစာက ပုံနှိပ်ဖော်ပြခဲ့သည့် ယခုနှစ် မတ်လက စာတန်းကို အသိအမှတ်ပြုထားသည်။

‘နီရူဒါသေဆုံးမှုအတွက် တတိယပုဂ္ဂိုလ်တစ်ယောက်မှာ တာဝန်ရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်’’ဟု စာတန်းတွင် ပြောကြားထားသည်။

သို့ရာတွင် အကြီးအကျယ် အငြင်းပွားနေသည့် အကြောင်းအရာကို စုံစမ်းစစ်ဆေးနေကြသည့် ကျွမ်းကျင်သူအဖွဲ့အနေဖြင့် နိဂုံးကောက်ချက် တစ်စုံတစ်ရာ မဆွဲနိုင်သေးကြောင်း ဝန်ကြီးဌာနက သတိပေးခဲ့သည်။

နီရူဒါမှာ အချစ်ကဗျာများဖြင့် ကမ္ဘာကျော်သူဖြစ်သည်။ လက်ဝါဝါဒီ နိုင်ငံရေးသမားနှင့် သံအမတ်တစ်ဦးဖြစ်သည့်အပြကင် ၁၉၇၃ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့တွင် ပီနိုချတ်ခေါင်းဆောင်သည့် အာဏာသိမ်းမှုအတွင်း ရန်သူတပ်ဖွဲ့များကို လက်နက်မချပဲ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည့် မာ့စ်ဝါဒီသမ္မတ ဆာဗေဒေါ အာယန်းဒေး၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။  

ထိုစဉ်က အသက် ၆၉နှစ်ရှိပြီဖြစ်ပြီး ဆီးကြိတ်ကင်ဆာရောဂါလည်း ခံစားနေရသည့် နီရူဒါမှာ အာဏာသိမ်းမှုအပြီး မိတ်ဆွေသူငယ်ချင်းများ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရမှုကြောင့် ကြီးစွာ စိတ်ဆင်းရဲနေခဲ့ရသည်။ နီရူဒါမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်အန်တုရာတွင် သြဇာကြီးမားသည့် အသံတစ်သံဖြစ်ရာ ပြည်ပြေးဘဝဖြင့်နေထိုင်ရန် ပြင်ဆင်ခဲ့သည်။

သို့ရာတွင် စီစဉ်ထားသည့်အတိုင်း မထွက်ခွာမီတစ်ရက်တွင် သူ့ကို ဆန်တီယာဂိုရှိ ဆန်တာ မာရီယာ ဆေးခန်းသို့ လူနာတင်ကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ကင်ဆာနှင့် အခြားရောဂါများအတွက် ကုသခဲ့သည်။ တရားဝင်အရမူ နီရူဒါမှာ ထိုဆေးရုံတွင်ပင် စက်တင်ဘာလ ၂၃ရက်နေ့တွင် သဘာဝအလျောက် ရောဂါဖြင့် သေဆုံးသွားခဲ့သည်ဟု သိရှိထားခဲ့ကြသည်။ သို့ရာတွင် ၁၉၉၀ခုနှစ် ချီလီတွင် ဒီမိုကရေစီပြန်လည် ထွန်းကားလာသည့်အခါတွင် နီရူဒါသေဆုံးမှုတွင် အာဏာရှင်၏ ပယောဂပါဝင်နေနိုင်ကြောင်း သံသယများ ထွက်ပေါ်လာခဲ့သည်။

နီရူဒါ၏ ရုပ်အလောင်းကို စစ်ဆေးရန်အတွက် ပြန်လည်တူးဖော်ခဲ့သည့် ၂၀၁၃ခုနှစ်တွင်မူ နီရူဒါသေဆုံးမှုမှာ ပိုမိုအငြင်းပွားစရာ ဖြစ်လာခဲ့သည်။ စမ်းသပ်မှုများအရ အဆိပ်ခတ်ခံရသည့် လက္ခဏာ တစ်စုံတစ်ရာမရှိသော်လည်း နီရူဒါ၏ မိသားစုနှင့် ယာဉ်မောင်းတို့က မကျေနပ်ဘဲ နောက်ထပ် စုံစမ်းစစ်ဆေးပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။ အမှုကို ကိုင်တွယ်သည့် တရားသူကြီးက ပထအကြော့ စမ်းသပ်စဉ်က မရှာဖွေခဲ့သည့် ပစ္စည်းများကိုပါ စမ်းသပ်ပေးရန် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly