ဟုမ်းစတေးနှင့် ထောင်ကျခြင်း အနုပညာ - ၅

နို့ဆီခွက်ဟင်း

ဒီနေ့ကတော့ ဒီပဲယင်းလူသတ်ပွဲနှစ်ပတ်လည်နေ့လည်းဖြစ်လို့ အဲဒီနေ့ အဖြစ်အပျက်တွေကို နိုင်ငံခြားသတင်း ဌာနတွေနဲ့ ပြည်တွင်းက ပါဝင်ခဲ့သူတချို့က လူမှုကွန်ယက်တွေမှာ တင်ပြဖော်ပြထားတာတွေ ဖတ်ရှု ကြည့်ရှုရင်း ဖီလင်ဖြစ်လာတာကြောင့် ကျွန်တော်ထောင်ကျစဉ် တိုက်ပိတ်ခံထားရတဲ့ အခြေအနေတစ်ခု အကြောင်းကို ကိုဗစ် -၁၉ ၊ ဟုန်းစတေးကာလမှာ စာဖတ်သူတွေ ဟုမ်းစတေးကို ဖြတ်ကျော်နိုင်ဖို့၊ သက်ပြင်းချနိုင်ဖို့နဲ့ အထောက်အပံ့ လေးဖြစ်အောင် ရေးပြမှာ ဖြစ်ပါတယ်။

ကျွန်တော် ထောင်ထဲမှာ ၂၃ နှစ်တောင် နေခဲ့ပြီး အကောင်းပကတိနီးပါးနဲ့ ထောင်က ပြန်လွတ်လာတာ သူများတွေအမြင် အံ့ဩစရာကောင်းနေပေမယ့် ကျွန်တော့အဖို့ကတော့ ပထမပိုင်းတွေမှာ ဝိပဿနာတရား ဘာဝနာ အားထုတ်ခြင်း၊ ရေဒီယိုခိုးနားထောင်ခြင်းနဲ့နောက်ပိုင်းကာလတွေမှာ စာအုပ်စာပေတွေကို လေ့လာ ဖတ်ရှုခြင်း၊ အားကစားပြုလုပ်ခြင်း စတာတွေနဲ့ နေထိုင်ကျော်ဖြတ်လာတာဖြစ်လို့ ခုလို စာရေးနိုင်နေတာပဲ ဖြစ်ပါတယ်။

အဲဒီလို အခြေအနေနဲ့ အချိန်တွေမှာ ကျွန်တော်နဲ့ ထောင်ထဲအတူနေခဲ့တဲ့ ဆေးကျောင်းသားဟောင်း ကိုခွန်ဆိုင်း ပြောတာကိုလည်း နှလုံးသွင်းပြီး နေထိုင်တာလည်းပါပါတယ်။ ကျွန်တော်နဲ့ သူဟာ တစ်ခန်းတည်း အတူနေခဲ့ ရစဉ်မှာ အတူတရားထိုင်ဖြစ်ကြပါတယ်။ သူတရားထိုင်တာလည်း ကိုယ်က အကဲခတ်မိ၊ ကိုယ်တရားထိုင် တာလည်း သူကလေ့လာမိဆိုတော့ တွေ့တာတွေ ၊ သိတာတွေကိုလည်း ဆွေးနွေးဖြစ်ကြရင်း “ မင်း တရား ထိုင်တာ တော်တော်ခရီးရောက်နေပြီ ငါ ပြောချင်တာက မင်း ဘာသာရေးဖက်လိုက်မယ်ဆိုရင် ကိလေသာတွေ ပါးသွားတာ၊ လျော့သွားတာ၊ နည်းသွားတာ ကောင်းတယ်။ နိုင်ငံရေးဆက်လုပ်မယ်ဆိုရင်တော့ နိုင်ငံရေး ကိလေသာ ရှိကိုရှိရမယ် မရှိရင် နိုင်ငံရေး လုပ်လို့ မရဘူး . . . . . ” . . . တဲ့။

ကျွန်တော်သေသေချာချာ စဉ်းစားပြီး ကိုခွန်ဆိုင်းပြောတာကို သဘောပေါက်လာပါတော့တယ်။ အဲဒီအချိန်ကစလို့ ကျွန်တော်ဟာ  တစ်စုံတစ်ခုသောအမှတ်ကို ရောက်အောင် နိုင်ငံရေးကိလေသာကို ထပ်မံကျင့်ယူ မွေးမြူရပါ တော့ တယ်။ တချို့နေရာတွေမှာ အရင်းခံစိတ်က စိတ်ကို ထပ်မံဖိစီးပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ Political Quietism ကို အချို့နေရာတွေမှာ ကျင့်သုံးရပါတယ်။ နိုင်ငံရေးနှုတ်ဆိတ်ဝါဒ(သို့)နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် စကားပြောဆွေးနွေးတဲ့အခါ ဘာမှမပြောဘဲ ငြိမ်သက်စွာနေခြင်းလို့ ဘာသာပြန်ရမယ် ထင်ပါတယ်။

 

ကျွန်တော်ကို ရေဒီယိုအမှုနဲ့ ထောင် (၁)နှစ်ချလိုက်တဲ့ တရားသူကြီးက ရက်ပေါင်း ၃၀ အတွင်း အယူခံတင်သွင်း နိုင်တယ်လို့ ပြောပါတယ်။ အဲဒီ အယူခံ တင်မယ့်ရက် နောက်ဆုံးရက် ကျော်သွားတာတောင် ကျွန်တော့ဆီ ဘယ်သူမှမလာပါဘူး၊ ဘယ်သူမှလည်း လာမပြောပါဘူး။ တိုက်ပိတ်ထားတယ်ဆိုတော့ ဘယ်သူကိုမှလည်း ဆက်သွယ်လို့ ပြောလို့မရပါဘူး။ ဒီလိုနဲ့ အယူခံတင်မယ့်ရက်ဟာ ကုန်သွားပါတော့တယ်။ နောက် ၃ _ ၄ ရက်မှာ ထောင်ပိုင်တန်းစီရှိတော့ ကျွန်တော့မှာ ပြောစရာ စကားတွေ စီထားပါတော့တယ်။

တနင်္လာနေ့ ထောင်ပိုင်တန်းစီမှာ ထောင်ပိုင်ကြီးဦးကျော်ကျော်လွင်၊ ထောင်မှူးကြီးဦးမောင်မောင်သိန်း၊ တိုက်တာဝန်ခံဦးမြဝင်း၊တပ်ကြပ်ကြီးရဲမြင့်နဲ့ ထောင်မှ တာဝန်အရှိဆုံးသူတွေက အကျဉ်းသားတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးတွေကို တာဝန်ခံထားသူများရဲ့ ထုံးစံအတိုင်း လာတွေ့ပြီး စစ်ဆေးကြတော့ ထောင်ပိုင်ကြီးက “နေကောင်းလား” တဲ့။ မမေးချင်မေးချင် တာဝန်အရနဲ့မေးတာဆိုတော့ ကျွန်တော်ကလည်း မကောင်းဘူး ပေါ့၊ ကျွန်တော့ကို ရိုက်ထားတဲ့ ဒဏ်ရာတွေမပျောက်သေးဘူးပေါ့။ ဆိုတော့ ဆေးမှူးဖက်ကို လှည့်ကြည့်ပြီး သူ့ကိုကြည့်ပေးလိုက်လို့ ထောင်ပိုင်က ဝတ်ကျေတန်းကျေပဲပြောလိုက်ပြီး၊ “တခြားဘာပြောချင်သေးလဲ” လို့ ထောင် ပိုင်ကဆက်မေးပါတယ်။

ကျွန်တော်ကလည်း အဲဒီစကားလာမယ်ဆိုတာ သိထားတော့ ကျွန်တော့ကို တရားရုံးက ထောင်ချထားတာ ရက်ပေါင်း ၃၀ ကျော်သွားပြီဆိုတဲ့အကြောင်း၊ တရားသူကြီးက ရက်ပေါင်း ၃၀ အတွင်း အယူခံနိုင်တယ်ဆိုတဲ့ အကြောင်း၊ ခု ရက်ပေါင်း ၃၀ ကျော်သွားတာတောင် ကျွန်တော့ကို ဘယ်ဝန်ထမ်းမှ အယူခံတင် မတင် လာပြီးမေးတဲ့သူမရှိကြောင်း၊ ဒါဟာ ဥပဒေကို မျက်ကွယ်ပြုတာဖြစ်ကြောင်း၊ လုပ်လို့ရတယ်ဆိုတဲ့ ပုံစံနဲ့ လုပ်တာသာဖြစ် ကြောင်း၊ ဒါတွေအားလုံးဟာ ထောင်ပိုင်ကြီးဆီမှာသာ တာဝန်ရှိကြောင်း၊ ဒါ့ကြောင့် ကျွန်တော် စိတ်မကောင်းဖြစ်ရကြောင်း၊ တစ်ဆက်တည်း ပြောချလိုက်ပါတော့တယ်။ အဲဒီတော့ ထောင်ပိုင်က မျက်လုံးပြူး မျက်ဆံပြူးနဲ့ သူ့ဘေးက ဝန်ထမ်းတွေကို ပြောပြောဆိုဆို ဆူဆူပူပူနဲ့ ကျွန်တော်နဲ့ဝေးရာကို ထွက်သွားကြပါတော့တယ်။ အဲဒါကတော့ ထောင်ရဲ့ သဘာဝပဲဖြစ်ပါတယ်။

ကျွန်တော့ကို တိုက်ပိတ်ထားတဲ့အချိန် တိုက်ခန်းထဲမှာ ဘယ်သူမှမသိအောင် ဟင်းချက်စားတာလေး ပြောပြပါဦး မယ်။ ရေချိုးခွင့်ရလို့ ရေသွားချိုးတဲ့ တစ်နေ့မှာတော့ အစောင့်ဝန်ထမ်း အလစ်မှာ နို့ဆီခွက်တစ်ခွက်တွေ့လို့ ကောက်ခဲ့ပါတယ်။ ရေကန်ကနေကောက်ခဲ့တဲ့ နို့ဆီခွက်ကလေးကို ရေသေချာဆေးပြီး သိမ်းထားလိုက်ပါတယ်။ အဓိကလိုအပ်ချက်ကတော့ မီးခြစ်ရဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့တိုက်ခန်းထဲကနေ တစ်ဆင့်ထွက်ရတဲ့ သံဇကာ ခြားထားတဲ့နေရာကနေ တခြားအကျဉ်းသားတွေဆီက မီးခြစ်ကျောက်ကို ကိုယ့်ရဲ့အင်္ကျီ ကောင်းကောင်းလေး တစ်ထည်နဲ့ လဲရပါတယ်။ မီးခတ်ဖို့ ဘလိတ်ဓားအကျိုးလေးကိုလည်း သူ့ဆီမှာပဲ တောင်းယူရပါတယ်။ သူကတော့ ဆေးလိပ်မီးညှိဖို့ပဲ ထင်မှာပါ။ နောက်တစ်ခေါက် ရေချိုးတဲ့အခါ ခဲလုံးအနေတော်လေး ၃ လုံး ကောက်ပြီး ရေချိုးခွက်ထဲ အဝတ်အုပ်ပြီး ဖွက်ယူခဲ့ရပါသေးတယ်။ ဟင်းချက်ဖို့ ချက်စရာပဲကျန်ပါတော့တယ်။

နောက်တစ်နေ့ ရေချိုးဆင်းတဲ့အချိန် ‌ရေကန်အနီးနားမှာရှိတဲ့ စားပင်မှသမျှ ကျွန်တော်တစ်ယောက်စာ လုံလုံ လောက်လောက် ခူးပါတယ်။ ကျွန်တော်လက်လှမ်းမီတဲ့နေရာမှာတော့ ကြက်ဟင်းခါး၊ မုန်လာဥ၊ မုန်ညင်း၊ ပန်းဂေါ် ဖီ၊ ဂေါ်ဖီထုပ်စတဲ့ အသီးနှံတွေရှိပါတယ်။ ဒီအသီးနှံတွေအားလုံး အကျဉ်းသားတွေ စားရတာမဟုတ်ပါဘူး၊ ရောင်းလည်းရောင်း၊ ထောင်က လူကြီးတွေလည်းစားပေါ့၊ တော်တော်များများက သူတို့အတွက်ချည်းပါပဲ။ နောက် ဆုံး အခင်းဖျက်တော့မှ ရင့်ထော်ပြီး ရောင်းပန်းမလှတဲ့ဟာတွေကိုမှ ခုတ်ထစ် အရည်ပြုတ်ပြီး ရေပေါ်ဆီလေးဆမ်းကာ ဟင်းချိုအဖြစ် အကျဉ်းသားတွေကို ကျွေးတာပဲဖြစ်ပါတယ်။ ကျွန်တော့တစ်ယောက်စာ ခူးစားလို့ ရတာ ကတော့ ကျွန်တော်ကိုထားတဲ့ ဆေးရုံဆောင် အခန်းလူကြီးက နားလည်မှုနဲ့ ခွင့်ပြုထားလို့ပဲ ဖြစ်ပါတယ်၊ သူတို့ဖယ်ထားတဲ့ ရှယ်သီးနှံတွေကိုတော့ ကျွန်တော့ကိုတားမြစ်ထားပါတယ်။

ကျွန်တော့အခန်းပြန်ရောက်တော့ အေးအေးဆေးဆေး အခြေအနေကို အကဲခတ်ရပါတယ်။ ပထမ အိပ်တဲ့ကွပ်ပျစ် ရဲ့ထောင့် သစ်သားထဲကို သံတိုကလေးအကူအညီနဲ့ မီးခြစ်ကျောက်ကို ထည့်မြှုပ်ရပါတယ်။ ဒုတိယကတော့ နေကြာစောင်ရဲ့ အောက်အနားက ချည်အတိုတစ်ချောင်းထုတ်ပြီး ဂွမ်းလိုဖြစ်သွားအောင် ဖွရပါတယ်။ စက္ကူစုတ်ကလေးကိုလည်းအသင့်ဘေးနားမှာထားရပါတယ်။ ပြီးရင် တတိယကတော့ ဘလိတ်ဓားနဲ့ မီးခြစ်ကျောက်ကို ဖွထားတဲ့ချည်စလေးနား ခတ်လိုက်ရင် မီးပွင့်သွားပြီး ချည်စကို ဟုတ်ကနဲ မီးကူးပါတော့တယ်။ အဲဒီကတစ်ဆင့် စက္ကူစုတ်ကို တစ်ခါကူးယူလိုက်ရင် အိုခေပြီပေါ့။ ဒါက မီးရရှိအောင် အားထုတ်မှုပါ။

ဟင်းချက်ဖို့အတွက်ကတော့ နို့ဆီခွက်နဲ့ချက်မှာဆိုတော့ မီးဇာ(မီးစာ)အတွက် ချည်အဝတ်စကို အနေတော် အလုံးကလေး လုံးရပါတယ်။ ပြီးရင် စားဆီစွတ်စိုအောင် လုပ်ရပါတယ်။ ဖိုခနောက်အဖြစ် ခဲလုံးသုံးလုံးကို ချိန်ရွယ် အသုံးပြုပြီး ဟင်းချက်စရာ အသီးအရွက်တွေကအစ အဆင်သင့်လုပ်ထားရပါတယ်။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ စောစောကပြောသလို မီးခတ်၊ စက္ကူကိုမီးကူး၊ ဆီမီးဇာကို ထပ်ပြီး မီးရှို့လို့ နို့ဆီခွက်ကလေးတင် ဆီမီး နဲ့ ဟင်းချက်တာပဲဖြစ်ပါတယ်။ အခန်းရဲ့ထောင့် လူမမြင်တဲ့နေရာမှာ ဘယ်သူမှမသိအောင် ချက်ရတာပဲ ဖြစ်ပါတယ်။

တိုက်ခန်းထဲနေနေရတဲ့အချိန် ဟင်းတွေကတော့ ရှယ်တွေပါပဲ။ ထောင်က တစ်ပတ်ကို တစ်ရက် ၅ ကျပ်သား လောက်ရှိတဲ့ အသားတစ်တုံး ကျွေးပါတယ်၊ အဲဒီအသားကို လေးရက်ခွဲပြီး အသီးအနှံတွေနဲ့ ရောချက်ပြီး စားပါ တယ်။ ကျွန်တော်ကတော့ လွယ်လွယ်ကူကူရေချိုးကန်နားကရတဲ့ ကြက်ဟင်းခါးသီးကို အမဲသားဖြစ်ဖြစ်၊ ဝက်သားဖြစ်ဖြစ်နဲ့ ‌ရောချက်တာကို သဘောကျတော့ အမြဲလိုလို ချက်ဖြစ်ပါတယ်။ ထောင်ထဲမှာလူမသိအောင် ဟင်းချက်တာကလည်း အဲဒီအချိန် နိုင်ငံရေးအကျဉ်းသားတွေလောက်ပဲ ချက်ကြတာပါ။ ထောင်ကကျွေးတာတွေ က ဝက်စာလောက်ပဲရှိတာကြောင့် ကျွန်တော်တို့ကလည်း ချက်ပြုတ်ရတာပဲဖြစ်ပါတယ်။

ထောင်ထဲကပြစ်ဒဏ်ပြီးသွားတဲ့အခါ ကိုယ်အရင်နေခဲ့တဲ့အခန်းပြန်ရောက်တော့ ဟင်းချက်နည်းစနစ်မျိုးစုံနဲ့ ဟင်းချက်တာတွေကို ကိုဗစ်ကာလအတွင်း ပြောပြပါဦးမယ်။

ကြောင်လေးတွေအကြောင်းလည်း ဆက်ရေးပါ့မယ်။  ။

‌(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly