အင်ဒိုနီးရှား၏ ဒေါ်လာ ၉၇ ဘီလီယံ စီမံကိန်းများတွင် အမြန်ရထားလမ်းစီမံကိန်း ပါဝင်

အင်ဒိုနီးရှား၏ ဒေါ်လာ ၉၇ ဘီလီယံ စီမံကိန်းများတွင် အမြန်ရထားလမ်းစီမံကိန်း ပါဝင်

မေ ၃၀

အင်ဒိုနီးရှားနိုင်ငံတွင် လေးနှစ်တာ ဦးစားပေး စီမံကိန်း ၈၉ ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နှင့် တည်ဆောက်နေသော အမြန်ရထားလမ်းစီမံကိန်းကို တိုးချဲ့ရန်နှင့် ဂျပန်ရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်ရန် စီစဉ်ထားကြောင်း ဝန်ကြီးတစ်ဦးက သောကြာနေ့၌ ပြောသည်။

အမေရိကန်ဒေါ်လာ ခြောက်သန်း တန်ဖိုးရှိ ဂျကာတာ-ဘန်ဒေါင်း ရထားလမ်းစီမံကိန်း တိုးချဲ့ရေးသည် ရူပီး ၁၄၂၂ ထရီလီယံ(ဒေါ်လာ ၉၇ ဘီလီယံ) တန်ဖိုးရှိ ၂၀၂၀ -၂၄ အမျိုးသား မဟာဗျူဟာစီမံကိန်းများအနက် အပါအဝင်ဖြစ်သည်ဟု စီးပွားရေးရာ ဝန်ကြီးချုပ် ဟာတာတိုက ပြောသည်။

ထိုကဲ့သို့ စီမံကိန်းများသည် ပုံမှန်အားဖြင့် မြေယာရှင်းလင်းရေး အကူအညီနှင့် အခွန်မက်လုံးပေးခြင်းကဲ့သို့သော အစိုးရ၏ ပံ့ပိုးမှုများ ရရှိသည်။

တရုတ်ကုမ္ပဏီအုပ်စုနှင့် အင်ဒိုနီးရှား နိုင်ငံပိုင်ကုမ္ပဏီများ တည်ဆောက်နေသော တရုတ်၏ ခါးပတ်နှင့် လမ်းပိုင်းစီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်သော ယင်း ရထားလမ်းပိုင်း စီမံကိန်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် တစ်နှစ်ခန့် နှောင့်နှေးမှုနှင့် ရင်ဆိုင်နေရကြောင်း ဟာတာတိုက ဆိုသည်။

စီမံကိန်းအတွက် စရိတ်သက်သာပြီး အလားအလာ ခိုင်မာစေရန် သမ္မတ ဝီဒိုဒိုက ရထားလမ်းကြောင်းအား ဂျကာတာအရှေ့ဖက် ကီလိုမီတာ ၇၆၀ ခန့်က ဆူရာဘာယာမြို့အထိ တိုးချဲ့ရန်နှင့် ယင်းတွင် ဂျပန်ရင်းနှီးမြုပ်နှံသူများကိုပါ ဖိတ်ခေါ်ရန် အမိန့်ပေးထားကြောင်း ဝန်ကြီးက ပြောသည်။

တရုတ်နိုင်ငံသည် ဂျကာတာ-ဘန်ဒေါင်း ရထားလမ်းစီမံကိန်းကန်ထရိုက်အား ၂၀၁၅ ခုနှစ်အတွင်းက ဂျပန်နှင့် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ရသည့်ကြားမှ မမျှော်လင့်ဘဲ ရရှိသွားခဲ့ခြင်း ဖြစ်သည်။ သီးခြား ဂျကာတာ-ဆူရာဘာယာ ရထားလမ်းပိုင်းစီမံကိန်းနှင့် ပတ်သက်ကာ အင်ဒိုနီးရှားအာဏာပိုင်များသည် ဂျပန်အာဏာပိုင်များနှင့် ယခင်ကလည်း ဆွေးနွေးထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly