မဲစာရင်း အမှားမယွင်းများအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် ပါတီများ အပြန်အလှန် အပြစ်ဖို့

မဲစာရင်း အမှားမယွင်းများအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် ပါတီများ အပြန်အလှန် အပြစ်ဖို့

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေထားသော မဲပေးခွင့် လက်မှတ်များကို အဝါရောင် စက္ကူ အသုံးပြုထားရာ အဖြူရောင် အသုံးပြုသည့် ပါတီအမှတ်တံဆိပ်များမှာ အဝါရောင်သို့ ကူးပြောင်း သွားခြင်းသည် ကော်မရှင်၏ တာဝန်ဟု နိုင်ငံရေးပါတီများကဆိုပြီး ကော်မရှင်ကမူ မဲစာရင်း မှားယွင်းမှုများသည် ပါတီများပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကြောင့်ဟု အပြန်အလှန် အပြစ်တင်နေကြသည်။

မဲလက်မှတ်များကို အဝါရောင် အသုံးပြုခြင်းကြောင့် ပါတီ အမှတ်တံဆိပ်တွင် အဖြူရောင် ပါရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်တံဆိပ်မှာ အဝါရောင်သို့ ကူးပြောင်းသွားခြင်းသည် ကော်မရှင်၏ တာဝန်သာ ဖြစ်ကြောင်း NLD က ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ် ဆောင်ပုဒ်သည် “ကြယ်ဖြူနှင့် ခွပ်ဒေါင်းဘေးမှာ တံဆိပ်တုံး ရိုက်နှိပ်ပါ” ဟု ဆိုထားသော်လည်း စက္ကူကြောင့် ကြယ်ဖြူမှာ ကြယ်ဝါဖြစ်သွားခဲ့သည်။ ထို့ အခြေအနေကို နိုဝင်ဘာ ၃ ရက်တွင် ကော်မရှင်က ရှင်းလင်းခဲ့ပြီး “မိမိတို့၏ အမှတ်တံဆိပ်တွင် အဖြူရောင် ပါရှိမည် ဆိုပါက အဝါရောင် ဖြစ်နေမည်ဖြစ်ကြောင်း မဲဆန္ဒရှင်များအား ရှင်းလင်း အသိပေးသွားရန်” ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် ထိုကြေညာချက်သည် “ကော်မရှင်၏ တာဝန်မယူမှုဖြစ်သည်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုဝင်ဘာ ၅ ရက်တွင် တုန့်ပြန်သည်။ “အဖြူရောင် အစား အဝါရောင် သန်းနေခြင်းမှာ အဖြူရောင် ပုံနှိပ်မှင် မသုံးစွဲမှုမှာ ကော်မရှင်၏ တာဝန်သာ ဖြစ်သည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကမူ မဲစာရင်းမှားယွင်းမှုများအတွက် ပါတီများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကြောင့် မှားယွင်းနေခြင်းဟု တန်ပြန် အပြစ်တင်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နိုဝင်ဘာ ၅ ရက် ထုတ်ပြန်ချက်တွင် မဲစာရင်းမှားယွင်းမှုများကို ပါတီကြီးတစ်ခုမှ ဝေဖန်ရာမှ မဲဆန္ဒရှင်များ မဲစာရင်းသွားမကြည့်ဘဲ ဖြစ်ရာမှ မဲစာရင်း အမှန်ဖြစ်မလာခဲ့ဟု အပြစ်တင်ထားသည်ကို တွေ့ရသည်။

ထုတ်ပြန်ချက်တွင် “ပါတီကြီး တစ်ခု၏ ဝေဖန် ပြစ်တင်မှုကြောင့် သတ်မှတ်ကာလအတွင်း လာရောက်ကြည့်ရှုခဲ့သူ နည်းပါးခဲ့ပြီး မဲဆန္ဒရှင်များ အတည်ပြုထားသော မဲစာရင်း အမှန်များ မဖြစ်ပေါ်ခဲ့ပါ” ဟု ပါရှိသည်။

အလားတူ “မှားနေသော မဲစာရင်းများကို ပြစ်တင်ဝေဖန်ပြီး မဲဆန္ဒရှင်အား မဲစာရင်း မှန်ကန်ရေး ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံရေး ပါတီများမှ ပြောဆိုစည်းရုံးခြင်း မရှိခဲ့သဖြင့် မှန်ကန်သော မဲစာရင်း ဖြစ်ပေါ်မလာပါ” ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags