ပေါင်မြို့နယ်တွင်း ဧရာမ သစ်ခွဲသားပုံကြီးကို သိမ်းဆည်းရမိ၊ ပိုင်ရှင်လွတ်မြောက်နေ

ပေါင်မြို့နယ်တွင်း ဧရာမ သစ်ခွဲသားပုံကြီးကို သိမ်းဆည်းရမိ၊ ပိုင်ရှင်လွတ်မြောက်နေ
ပုံ- ကြက်တူရွေးတောင်ကျေးရွာအနီး ဖမ်းဆီးရမိသည့် သစ်များ(ပုံ-တပ်မတော်)

မေ ၂၉၊ ၂၀၂၀

ပေါင်မြို့နယ်အတွင်း ကျပ်သိန်း ၃၅၀၀ တန်ဖိုးရှိ သစ်ခွဲသားပုံကြီးသည် တရားမဝင်သစ်များဖြစ်နေ၍ မေလ ၂၈ ရက်နေ့ စစ်ဘက်နှင့် သစ်တောဦးစီးဌာနက ဖမ်းဆီးခဲ့ကြောင်းနှင့် ပိုင်ရှင်ကိုတော့ ဆက်လက်စုံစမ်းနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ကြက်တူရွေးတေင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ ဒုံသမိချောင်းအနီး၌ စုပုံထားသော ပိတောက်သစ်ခွဲသားဆိုင်ဒ်စုံ တန် ၁၀၀ ခန့်ရှိကို သတင်းပေးတိုင်တန်းချက်အရ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။  

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ မွန်ပြည်နယ်ဘက်မှာ လုပ်နေတာကြာပြီဗျ၊ ဒီပိတောက်သစ်တွေနဲ့ပတ်သက်ပြီး လုပ်နေတာကြာပြီ။ သတင်းရတဲ့အတွက်ကြောင့် ကျွန်တော်တို့ နယ်မြေခံလုံခြုံရေးအဖွဲ့တွေနဲ့ သစ်တောဦးစီး ရယ် သွားပြီးတော့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကြက်တူရွေးတောင်နားလေးမှာ လုံခြုံရေးအရ သွားပြီးတော့ ကြည့်တယ်။ အဲဒီနေရာကို သွားပြီးတော့ ရှာဖွေတယ်" ဟုဆိုသည်။

" သစ်တန်ချိန် ၁၀၀ ကာလတန်ဖိုးကတော့ သိန်း ၃၅၀၀ သတ်မှတ် ထားတာပေါ့လေ၊ အဲဒါတွေမိခဲ့တယ်။ အဲဒီဘက်က ပိတောက်ခွဲသား မိနေကြပါ၊ ဒါပေမယ့် ဒီဟာ မိ တာက ခွဲသားပဲ တန် ၁၀၀ လောက်ဆိုတော့ ပမာဏတော်တော်များတဲ့ အရေအတွက်ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

ပိတောက်သစ်များသည် တောထဲမှာသာ ရှိတော့ခြင်းကြောင့် သစ်မှောင်ခိုအဖွဲ့နှင့် လက်နက်ကိုင် အဖွဲ့ တစ်ချို့နှင့် တစ်စုံတစ်ရာ ဆက်စပ်မှုရှိနိုင်သည်ဟုဆိုသည်။
 
တရားမဝင် ဖမ်းဆီးမိသည့် သစ်များရှိသည့် နေရာသို့ သွားရောက်စစ်ဆေးနေသည့် သထုံရဲစခန်းမှ စခန်းမှူး ရဲအုပ် နိုင်လင်းအောင်က သစ်တောအဖွဲ့များက သစ်များကို တိုင်တာ တွက်ချက်နေကြောင်း၊ ဖမ်းဆီးရမိ သော သစ်များကို မော်လမြိုင်သစ်တောဦးစီးဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly