မြန်မာပြည်က ရွေးကောက်ပွဲဇာတ်ညွှန်းကို တရုတ်က ပြောင်းပြန်လှန်

By ဘာတေးလ် လစ်တနာ
29 May 2020
မြန်မာပြည်က ရွေးကောက်ပွဲဇာတ်ညွှန်းကို တရုတ်က ပြောင်းပြန်လှန်

မြန်မာပြည်မှာ ရွေးကောက်ပွဲတွေကတော့ နိုဝင်ဘာလမှာကျင်းပဖို့ အချိန်ဇယား ချထားသလို အခုထက်ထိလည်းကိုဗစ်-၁၉အကျပ်အတည်းကြောင့်မဲထည့်ဖို့ဟာကတော့ရွှေ့ဆိုင်းမယ့်အနေအထားလည်းညွှန်းပြနေတာမရှိသလို ရွေးကောက်ပွဲဘယ်လိုရလာဒ်ထွက်လာလိမ့်မယ်ဆိုတဲ့အပေါ်မှာလည်း သံသယဖြစ်စရာ မရှိပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲမှာတုန်းက တိုင်းရင်းသားနယ်မြေတွေမှာ သိသာထင်ရှားတဲ့ အရှုံးကိုကြုံတွေ့ခဲ့ရတာမို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ၂၀၁၅ တုန်းကလို သောင်ပြိုကမ်းပြို နိုင်တာ မျိုး မဟုတ်ပေမယ့်လည်း ထပ်အနိုင်ရလိမ့်မယ်လို့  နိုင်ငံရေးလေ့လာအကဲခတ်သူ အများ စုက ယုံကြည်နေကြပါတယ်။

ဒါပေမယ့်လည်းပိုပြီးကြီးမားတဲ့မေးခွန်းကသူ့ပါတီဟာကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရထားတဲ့တပ်မတော်နဲ့ဆက်ဆံရေးတည်ထားတာကဘယ်လိုဖြစ်လာမှာလဲဆိုတာရယ်၊သူ့အစိုးရရဲ့မြောက်ဘက်ကအင်အားကြီးအိမ်နီးချင်းတရုတ်နဲ့ ဆက်ဆံရေးက ဘယ်လိုပုံဖော်ခံရပြီး ရွေးကောက်ပွဲမှာ မဲဆွယ်တာမှာ အသုံးချနိုင်ခြေရှိတဲ့ နိုင်ငံရေးတစ်ခုဖြစ်လာမယ်ဆိုတာပါပဲ။

 

 

 

 

 

 

မြန်မာပြည်မှာပေါ်ပေါက်လာနေတဲ့ လုံးဝအသစ်ဖြစ်တဲ့ ပါရာဒိုင်းကတော့ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာဘေဂျင်းရဲ့ ယုံကြည်စိတ်ချရတဲ့မဟာမိတ်လို့မြင်လာခံရပြီးတပ်မတော်ကတော့တရုတ်ရဲ့ အားကောင်းမောင်း သန်ရှေ့တိုးလာမှုကို ခုခံနေတဲ့ အမျိုးသားရေးတံတိုင်းရယ်လို့ ဖြစ်ပါတယ်။ ဒါဟာ ထင်ရှားတဲ့ ပြောင်းပြန်လန်မှုဖြစ်ပြီး၊ ဆန္ဒမဲ ဦးဆောင်မှု သာသာယာယာဖြစ်တာကို အဓိပ္ပါယ်သက်ရောက်မှု ရှိသွားနိုင်ပါတယ်။

စစ်အုပ်ချုပ်ရေးကာလ ဒါမှမဟုတ် အသက်ဝင်တဲ့ လွှတ်တော်နိုင်ငံရေးမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက တရုတ်နိုင်ငံဟာ ကာလရှည်ကြာ ဒီမိုကရေစီလိုလားသူ အိုင်ကွန်ကို သံသယအမြင်နဲ့ ကြည့်နေခဲ့တာပါ။ ဒါကလည်း တစ်စိတ်တစ်ဒေသအားဖြင့်တော့ သူ့ရဲ့ ဗြိတိသျှသားခင်ပွန်းသည်ဟာ တီဘက်အရေး လေ့လာသူဖြစ်ပြီး ပြည်ပရောက်တိဘက်တွေနဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းထားခဲ့ တာမို့ဖြစ်ပါတယ်။

တခြားတစ်ဖက်မှာတော့ တပ်မတော်ဟာ တရုတ်ရဲ့မဟာမိတ်ဖြစ်ခဲ့ပြီး လက်နက်ဝယ်ယူဖို့နဲ့ ကုလသမဂ္ဂမှာ သံရေးတမန်ရေးအထောက်အကူရဖို့၊ ပြောရရင် အနောက်နိုင်ငံတွေကနေပြီး ပြင်းထန်တဲ့ နိုင်ငံရေးဖိနှိပ်မှုကနေ လုံခြုံရေးကောင်စီရဲ့ ဖြစ်လာနိုင်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ကာဖို့ ဖြစ်ပါတယ်။

ပစ္စုပ္ပန်ကို အလျင်အမြန်ရွေ့လျားလာခဲ့ပြီး စားပွဲအားလုံး မှောက်လှန်ကုန်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စီမံကိန်းတွေနဲ့ အစီအစဉ်တွေအတွက် တရုတ်ရဲ့ မဖြစ်မနေ သွားတွေ့ရမယ့် နိုင်ငံရေးသမားဖြစ်လာခဲ့ချိန်မှာ တပ်မတော်ဟာ ဘေဂျင်းကို ဗြောင်ကျကျ ဝေဖန်ပြောဆိုတာမလုပ်ပေမယ့်လည်း ရှေ့တိုးမလာအောင် ရသလောက်  ခပ်ခွာခွာနေနေဖို့လုပ်နေပါတယ်။

ပြောင်းပြန်လှန်လိုက်တဲ့ ဇာတ်ညွှန်းကို ပထဝီနိုင်ငံရေးက တွန်းပြန်ပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်မှာဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ အကွပ်မဲ့ သတ်ဖြတ်မှုတွေကို ရှုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်တာကြောင့် သူ့ဟာ အနောက်နိုင်ငံတွေရဲ့ ချစ်ခင် မြတ်နိုးရာကနေ နိုင်ငံတကာအပစ်ပယ်ခံအဖြစ်ကို သိသိသာသာ ရောက်သွားခဲ့ပါ တယ်။

စစ်အုပ်ချုပ်ရေးကာလ ကြမ်းတမ်းရက်စက်မှုတွေကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် အနုနည်းနဲ့ ကာလတာရှည် ရုန်းကန်ခဲ့တာကြောင့် သူရခဲ့တဲ့ လူ့အခွင့်အရေးဆုတွေ တစ်ဆုပြီးတစ်ဆု ပြန်ရုပ်သိမ်းခံနေခဲ့ရပါတယ်။

အဲဒီလိုအခြေအနေမှာ အထောက်အပံ့ ပေးကမ်းမှုအများစုဟာ လူ့အခွင့်အရေးကို လေးစားမှုတိုးတက်ကောင်းမွန်ပါစေရမယ်ဆိုတာမျိုးနဲ့ မူတည်ထားတဲ့ အနောက် နိုင်ငံတွေရဲ့ အကူညီတွေ မြန်မာနိုင်ငံမှာ မရနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း  ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီနှစ် ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို ဆက်ထိန်းနိုင်ဖို့အတွက်က စီးပွားရေးဖွံ့ဖြိုးမှုဟာ အသက်တမျှ အရေးပါလှပါတယ်။

အဲဒါဟာနှောင်ကြိုးမဲ့အကူညီနဲ့အထောက်အပံ့ဖြစ်တဲ့တရုတ်နဲ့သူ့ကိုအနီးဆုံးတွန်းပို့ခဲ့ပါတယ်။တကယ်တော့၂၀၁၇နိုင်ဝင်ဘာထဲမှာရိုဟင်ဂျာဒုက္ခသည်ထောင်ပေါင်းများစွာကိုဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြတ်ကျော်ပြေးသွားစေခဲ့တဲ့နောက် လပိုင်းအကြာမှာကိုပဲ ဘေဂျင်းက ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇော်နီနဲ့ ကြိုဆို ခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီလထဲမှာတော့ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ အလည်အပတ်လာရောက်ခဲ့တဲ့ ကျန်ဇီမင်းနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးအလည်လာရောက်ခဲ့တဲ့ တရုတ်သမ္မတ ဟာ ရှီကျင့်ဖျင်ဖြစ်လာခဲ့ပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်ပေါင်း ၃၃ ခုနဲ့ ရှီဟာ မြန်မာနိုင်ငံကိုရောက်လာပြီး၊ အကောင်အထည်ဖော်မယ်ဆိုရင်ဖြင့် တရုတ်ဟာ မြန်မာနဲ့ အနီးဆုံးချည်နှောင်တာဖြစ်လာပါမယ်။

 အဲဒီမှာ မြန်နှုန်းမြင့်ရထားနဲ့ ရေနံဆိပ်ကမ်းစီမံကိန်းတွေနဲ့ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ရနိုင်ဖို့ ရည်မှန်းတဲ့ တရုတ်- မြန်မာ စီးပွားရေး စင်္ကြံ (CMEC) လို့ ခေါ်တဲ့ဟာကို အားလောင်းဖြည့်ဆည်းတာတွေ ပါဝင်ပါတယ်။ သဘောတူညီချက်တွေဟာ ၂၀၁၅ ခုနှစ်မှ တည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မြန်မာက တရုတ်ရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (BRI) ရည်မှန်းချက်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က၂၀၁၇ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်မသွားခင်ဘေဂျင်းကိုတစ်ပတ်သွားလည်ခဲ့တာမှာသမ္မတရှီကျင့်ဖျင်ကတရုတ်မြန်မာစစ်ဘက်ဆက်ဆံရေးမှာ"အကောင်းဆုံး" လို့ ဆို ပေမယ့်လည်း နှစ်ဘက်လုံး သိနေခဲ့တာကတော့ အဲဒီလိုမဟုတ်ဘူးဆိုတာပါပဲ။

ရန်ကုန်မှာရှိတဲ့ လုံခြုံရေးခွဲခြမ်းစိတ်ဖြာသူတွေ အဆိုအရ မြန်မာ့တပ်မတော်ဟာ သူ့ကိုယ်သူ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သူရယ်လို့ မြင်တယ်၊ တရုတ်ရဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အဦတွေ အလျင်အမြန်ပွားလာနေတာကို ဗိုလ်ချုပ်ကြီးတွေဟာ စိုးရိမ်နေတယ်လို့ဆိုပါတယ်။

စိုးရိမ်ချက်ကိုပိုဖြည့်ဆည်းပေးတာကတော့ရှမ်းပြည်မြောက်ပိုင်းကတိုင်းရင်းသားပလောင်နယ်မြေမှာနဲ့ဆယ်စုနှစ်တစ်စုထက်လျော့တဲ့အချိန်ကာလလေးမှာကိုပဲလက်တစ်ဆုပ်စာပြောက်ကျားတွေကနေတိုက်ခိုက်ရေးအင်အားထုရှိတဲ့တပ်ဖွဲ့အဖြစ်ကို ကြီးထွားလာခဲတဲ့ ရခိုင့်တပ် (AA) ရှိတဲ့ အနောက်ဘက်က ရခိုင်ပြည်နယ်မှာ ပုန်ကန်ထကြွမှုတွေဖြစ်ပါတယ်။

တအောဝ် အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) နဲ့ AA နှစ်ဖွဲ့လုံးဟာ တရုတ်နဲ့ ကာလရှည်ကြာ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့  မြန်မာနိုင်ငံရဲ့ အင်အားအတောင့်တင်းဆုံးနဲ့ လက်နက်အကောင်းဆုံး တိုင်းရင်းသားတပ်ဖြစ်တဲ့ 'ဝ' ပြည် သွေးစည်းညီညွတ်ရေး ကနေ ဖြတ်ပြီး ရထားတဲ့ တရုတ်လက်နက်တွေ တပ်ဆင်ထားတယ်ဆိုတာကတော့ လျှို့ဝှက်ချက်တောင်မဖြစ်လောက်ပါဘူး။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ တပ်မတော်ဟာ တအားတက်ကြွနေတဲ့ တရုတ်လက်နက် တွေ အဓိက ကိုင်ဆောင်ထားတဲ့ သူပုန်တွေနဲ့ပတ်သက်ပြီး စိတ်မကျေမချမ်းဖြစ်တာကို ဖော်ပြခဲ့ပါတယ်။ တပ်မတော်အပြောအရ TNLA ဆီကနေ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုတဲ့ တရုတ်လုပ်လက်နက်တွေ အမြောက်အမြားကို အများပြည်သူသိအောင် ပြသခဲ့ပြီး ရုပ်မြင်သံကြားကနေလည်းပြသခဲ့ပါတယ်။

သိမ်းရမိခဲ့တဲ့ထဲမှာ ချေမှုန်းရေးရိုင်ဖယ်တွေ၊ Recoilless ရိုင်ဖယ်တွေ၊ ကျည်ဆံသေတ္တာ တွေ၊ အာပီဂျီတွေနဲ့ ပုခုံးထမ်းဒုံး FN-6 တွေတောင်ပါပါတယ်။  အရင်က ဆီးရီးယားနဲ့ အီရတ် ပြည်တွင်းစစ်မှာပဲ မြင်တွေ့ခဲ့ရတဲ့ FN-6 ကို AA တပ်မှူး ကိုင်ဆောင်ထားတဲ့ပုံတွေ ကို  မကြာသေးခင်က ဆိုရှယ်မီဒီယာမှာ ပြခဲ့ပါသေးတယ်။

လက်နက်ကိုင်ပဋိပက္ခကိုကြားဝင်စေ့စပ်ညှိနှိုင်းသူအဖြစ်နဲ့သူပုန်တွေကိုလက်နက်ထောက်ပံ့သူဆိုတဲ့တရုတ်ရဲ့မြန်မာမှာမုန်လာဥကျွေးလိုက်၊တုတ်နဲ့ရိုက်လိုက်နှစ်ဘက်ခွကစားပွဲဟာသူလိုချင်တဲ့ဟာ၊နာမည်တပ်ပြောရရင်တော့CMEC နဲ့ မြန်မာရဲ့ ကြေးနီ၊ ရွှေ၊ ကျောက်စိမ်း၊ ပယင်းနဲ့ ရှားပါးသတ္တုမြေတွေအပါအဝင် ကြွယ်ဝတဲ့ သဘာဝရင်းမြစ်တွေကို အသုံးပြုနိုင်ခွင့် ဖြစ်ပါတယ်။

တရုတ်အတွက်အသွားအလာများလှတဲ့မာလက္ကာရေလက်ကြားကိုရှောင်နိုင်ဖို့နဲ့ဘေဂျင်းရဲ့BRIအာဂျင်ဒါထဲကဘင်္ဂလားပင်လယ်အော်ထိပ်ကကျောက်ဖြူမှာရှိတဲ့ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးကိုထည့်ပြီးတောင်တရုတ်ပင်လယ်ပြင်မှာ ဝင်ပါဖို့အတွက် မြန်မာဟာ ကပ်လျက်ရှိနေတဲ့ တစ်ခုတည်းသော အိမ်နီးချင်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာကနေ ရချင်တဲ့ဟာအားလုံး တရုတ်က မရသေးပါဘူး။  ဧရာမ ရေအားလျှပ်စစ်ကိန်းကြီးတစ်ခုဖြစ်တဲ့ မြောက်ဖျားပိုင်းက မြစ်ဆုံကို ၂၀၁၁ ခုနှစ်မှာ အဲဒီတုန်းက သမ္မတဖြစ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်က ရပ်ဆိုင်းထားခဲ့ပါတယ်။ အဲဒီက ထုတ်လုပ်လိုက်တဲ့ ၉၀ ရာခိုင်နှုန်းသော လျှပ်စစ်ကို တရုတ်ကိုပို့ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ရဲ့အကြွေးနွံနစ်နိုင်ခြေရှိတာကို စိုးရိမ်တာကနေ ကနဦးက ကျောက်ဖြူ စီမံကိန်းကို အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ တန်ဖိုးဖြတ်ထားတာနေ အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံရယ်လို့ လျော့ချခဲ့ပါတယ်။

ဒီစီမံကိန်းကြီးနှစ်ခုကိုတပ်မတော်ကပြန်ရုပ်ခဲ့တာလားဆိုတာတော့ဗြုန်းကနဲရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။သို့ပေမယ့်လည်းစစ်ခေါင်းဆောင်တွေနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေကနှစ်ကိုယ်ကြားပြောတာတွေမှာတော့ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ အင်အားကြီးထွားမှုဟာ နိုင်ငံအချုပ်အခြာအာဏာ ဘယ်လိုဖြစ်လိမ့်မယ်ဆိုတာ မတွက်ဘဲ တရုတ်ဘက်ကို သိပ်ကပ်သွားတယ်လို့ ယုံကြည် နေကြပါတယ်။

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါကာလအတွင်း တရုတ်တစ်ဦးတည်းသာပဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုနဲ့ ကူညီထောက်ပံ့မှုတွေ လိုလိုလားလားပေးနေတာနဲ့ အနောက်နိုင်ငံ တွေက ရင်းနှီးမြုပ်နှံမှုတွေ ချောင်ထိုးနေတာတွေဟာ ကိုဗစ်-၁၉ အကျပ်အတည်းဖြစ်လို့ ပူပန်မှုတွေကို တိုးပွားစေပါတယ်။

မေလ၂၀ရက်နေ့ကရှီကျင့်ဖျင်ဟာမြန်မာသမ္မတဦးဝင်းမြင့်ကိုဖုန်းဆက်ပြောဆိုရာမှာတရုတ်ရဲ့ဆေးဘက်ဆိုင်ရာထောက်ပံ့လှူဒါန်းမှုနဲ့ရောဂါတိုက်ဖျက်ရာမှာကူညီဖို့ဆေးအဖွဲ့နှစ်ဖွဲ့မြန်မာကိုပို့လိုက်တာကိုမီးမောင်းထိုးပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်က ကိုဗစ်-၁၉ ဖြစ်နေပေမယ့်လည်း နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ တရုတ်အနေနဲ့ စွဲစွဲမြဲမြဲရှိနေပါတယ်လို့  မြန်မာတိုင်းမ်နဲ့ မကြာသေးခင်က အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့်ဒီရင်းနှီးမြုပ်နှံမှုဟာဒီနှစ်ရွေးကောက်ပွဲမှာဘေဂျင်းရဲ့နက်ရှိုင်းနေတဲ့လွှမ်းမိုးမှုကပထမဆုံးအကြိမ်နိုင်ငံရေးကိစ္စဖြစ်လာဖို့အလားအလာမြင့်တက်လာနေပြီးတပ်မတော်ကသူ့နဲချိတ်ဆက်နေတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ထက်စာရင်  ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ NLD ကို နိုင်ငံရေးအကျိုးအမြတ် ပိုထွက် စေနိုင်ပါတယ်။  ။

(Bertil Litner ၏ China flips the electoral script in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly