မဲပေးခွင့် လက်မှတ်များ ဖေါင်းပွနေမှု ဖြေရှင်းပေးရန် NLD တောင်းဆို

မဲပေးခွင့် လက်မှတ်များ ဖေါင်းပွနေမှု ဖြေရှင်းပေးရန် NLD တောင်းဆို

ရွေးကောက်ပွဲ မဲပေးခွင့်အတွက် သက်သေခံလက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးခဲ့ရာတွင် ဖေါင်းပွနေခြင်းအတွက် ဖြေရှင်းပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။

ရွေးကောက်ပွဲ ကော်မရှင်က မဲပေးခွင့် သက်သေခံ လက်မှတ်များ ထုတ်ပေးရာတွင် “မြောက်ဥက္ကလာပ၊ ကမာရွတ်၊ စမ်းချောင်း၊ လှိုင်သာယာ မြို့နယ်များတွင် တစ်ဦးလျှင် သက်သေခံလက်မှတ် နှစ်စောင်၊ အချို့တွင် သုံးစောင် ရှိနေသည်ကို တွေ့ရပါသည်” ဟု NLD ၏ ကြေညာချက်တွင် ဖေါ်ပြသည်။

ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပေါ်နေသည်ကို အစိုးရ သတင်းဌာနများ၊ သတင်းစာများမှ ကြေညာပေးရန်နှင့် မည်သို့ ဖြေရှင်းပေးမည်ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့၏ နိုဝင်ဘာ ၅ ရက် ကြေညာချက်တွင် မေးခွန်းထုတ်ထားသည်။

ထိုသို့သော အခြေအနေများတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း မဲဆန္ဒရှင် လက်မှတ်များ ဖေါင်းပွနေသည်ကို နိုဝင်ဘာ ၅ ရက် ထုတ်ပြန်ချက်ဖြင့် ဝန်ခံထားပြီး “ဖေါင်းပွလျက် ရှိသော်လည်း မဲပိုမပေးနိုင်ရန်၊ မဲပေးပြီးချိန်တွက် လက်ချောင်းတွင် ဖျက်မရသောမှင့်တို့ရေး ဆောင်ရွက်ထားပါကြောင်း” ဟု ဖြေရှင်းထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နိုဝင်ဘာ ၅ ရက် ထုတ်ပြန်ချက်တွင် မဲစာရင်းမှားယွင်းမှုများကို ပါတီကြီးတစ်ခုမှ ဝေဖန်ရာမှ မဲဆန္ဒရှင်များ မဲစာရင်းသွားမကြည့်ဘဲ ဖြစ်ရာမှ မဲစာရင်း အမှန်ဖြစ်မလာခဲ့ဟု အပြစ်တင်ထားသည်ကို တွေ့ရသည်။

ထုတ်ပြန်ချက်တွင် “ပါတီကြီး တစ်ခု၏ ဝေဖန် ပြစ်တင်မှုကြောင့် သတ်မှတ်ကာလအတွင်း လာရောက်ကြည့်ရှုခဲ့သူ နည်းပါးခဲ့ပြီး မဲဆန္ဒရှင်များ အတည်ပြုထားသော မဲစာရင်း အမှန်များ မဖြစ်ပေါ်ခဲ့ပါ” ဟု ပါရှိသည်။

အလားတူ “မှားနေသော မဲစာရင်းများကို ပြစ်တင်ဝေဖန်ပြီး မဲဆန္ဒရှင်အား မဲစာရင်း မှန်ကန်ရေး ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံရေး ပါတီများမှ ပြောဆိုစည်းရုံးခြင်း မရှိခဲ့သဖြင့် မှန်ကန်သော မဲစာရင်း ဖြစ်ပေါ်မလာပါ” ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags