အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် ပြင်သစ်က အကြီးမားဆုံး စစ်သင်္ဘောကြီးစေလွှတ်မည်

အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် ပြင်သစ်က အကြီးမားဆုံး စစ်သင်္ဘောကြီးစေလွှတ်မည်

ပါရီ၊ နိုဝင်ဘာ၆ ။         ။ ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ်တို့ကို တိုက်ခိုက်လျက်ရှိသည့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်ရန် ပြင်သစ်က ၎င်း၏အကြီးမားဆုံးစစ်သင်္ဘောကြီးကို စေလွှတ်မည်ဟု သိရသည်။

စစ်ဆင်ရေးတွင် စစ်သင်္ဘောကြီးပါဝင်လာခြင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် ပြင်သစ်ဂျက်တိုက်လေယာဉ်များအတွက်  အချိန်ကုန်သက်သာစေမည်ဖြစ်သည်။

ပြင်သစ်သည် ၂၀၁၄ခုနှစ် စက်တင်ဘာလကတည်းက အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ကာ အီရတ်ရှိ အိုင်အက်စ်တို့ကို တိုက်ခိုက်လျက်ရှိသည်။ ယခုနှစ် စက်တင်ဘာတွင်   ပြင်သစ်တပ်ဖွဲ့ဝင်များသည် ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့သည်။

ပြင်သစ်သည် ၎င်းတို့၏ လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါကို အိုင်အက်စ်တို့အားတိုက်ခိုက်ရန် တာဝန်ချထားလိုက်ပြီဖြစ်သည်။ ပြင်သစ်၏ တစ်ခုတည်းသော ယင်းသင်္ဘောကို ပင်လယ်ကွေ့ရှိ   ပြင်သစ်ဂျက်တိုက်လေယာဉ်များအတွက် အခြေစိုက်စခန်းတစ်ခုအဖြစ် ဖေဖော်ဝါရီမှ ဧပြီအထိ အသုံးပြုခဲ့သည်။

ပြင်သစ်သည် လက်ရှိ၌ ဂျော်ဒန်တွင် အခြေစိုက်သော မီရတ်ဂျ် ဂျက်တိုက်လေယာဉ်ခြောက်စင်းနှင့် ယူအေအီးနိုင်ငံတွင် အခြေစိုက်သော ရာဖေးလ်ဂျက်တိုက်လေယာဉ် ခြောက်စင်းတို့ကို အသုံးပြုလျက်ရှိသည်။ လေယာဉ်တင်သင်္ဘောသည် လေယာဉ်အစင်း၄၀အတွက် နေရာပေးနိုင်ပြီး တစ်နေ့လျင် ပျံသန်းမှု ၁၀၀ ပြုလုပ်ပေးနိုင်သည်။

လေယာဉ်တင်သင်္ဘောချထားခြင်းအား အမျှော်အမြင်ရှိသော ရွေးချယ်မှုတစ်ခုအဖြစ် ပြောကြားခဲ့ပြီး ယင်းသို့ချထားခြင်းက မဟာမိတ်များနှင့် ညိနှိုင်းဆောင်ရွက်ရာတွင် ပိုမိုစွမ်းဆောင်ရည်ရှိမည်ဟုလည်း ၎င်းကဆိုသည်။

ယခုနှစ်အစောပိုင်းက အစ္စလာမ္မစ်သေနတ်သမားများက ပါရီတွင် တိုက်ခိုက်မှုနှစ်ခုပြုလုပ်ခဲ့မှုကြောင့် လူ၁၇ ဦးသေဆုံးပြီးနောက် အိုင်အက်စ်တို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်းသာ ဖြစ်သည်ဟု ပြင်သစ်အရာရှိများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly