အိုးခြမ်းကွဲတစ်ခုရဲ့ ဒိုင်ယာရီ

By ကျော်မျိုးဝင်း
26 May 2020
အိုးခြမ်းကွဲတစ်ခုရဲ့ ဒိုင်ယာရီ

ရှေးဟောင်းသုတေသနလုပ်ငန်းမှာအရေးအ ပါဆုံးသဲလွန်စကဘာလဲလို့မေးလာရင်အရင်ဆုံးဖြေမိမှာကတော့အိုးခြမ်းကွဲပါပဲ။

များသောအားဖြင့် ဒီလိုအိုးခြမ်းကွဲတွေဟာ ရှေးခေတ်လူတွေ အခြေချ နေထိုင်ခဲ့ကြတဲ့ နေရာတွေမှာ အတော်များများ ပျံ့နှံ့ပြီး ကျန်ရစ်ကြပါတယ်၊ဒါဟာ သူတို့ရဲ့နေ့စဥ်ဘဝမှာ အမြဲလက်တွဲအဖော်ပြုလို့ မနက်မိုးလင်းရာကနေ ညမိုးချုပ် အိပ်ယာဝင်သည်အထိ သူတို့နဲ့အတူယှဉ်တွဲတည်ရှိ နေကြတဲ့အဖော်မွန်တွေပဲဖြစ်ပါတယ်။

သူတို့ခေတ်က သူတို့ဘဝအတွက် အသုံးအကျဆုံး သောအရာဟာ မြေမီးဖုတ်အိုးတွေပဲဖြစ်ပါတယ်၊ ဒီအိုးတွေကို သူတို့ရဲ့စားဝတ်နေရေးတွင်မကဘဲ ဘာသာရေးနဲ့ ဓလေ့ထုံးတမ်းတွေအထိ ပုံစံအမျိုးမျိုးဖန်တီးပြီးအသုံးပြုခဲ့ကြပါတယ် ။

ဒီအိုးတွေအပေါ်မှာပဲ အခြေခံလူတန်းစား၊ လူလတ်တန်းစား၊ အုပ်ချုပ်သူနဲ့သူဌေးသူကြွယ်စတဲ့ ပိုင်းခြားသတ်မှတ်မှု သင်္ကေတများစွာကို ဒီလူတွေ သဲလွန်စများစွာ ချန်ရစ်ခဲ့ကြပါတယ်၊ ဒီသဲလွန်စများကို ရှေးဟောင်း သုတေသီများအဖို့ လွန်စွာမှပင် အသုံးတည့်လှပါတယ်။

အိုးခြမ်းကွဲဟာ သမိုင်းမတင်မီခေတ်ကာလများဆီ ကနေ သမိုင်းတင်ခေတ်ကာလများစွာထိ လူမှုအဖွဲ့အစည်းကြား တစ်ခေတ်ပြီးတစ်ခေတ် ကျော်ဖြတ်ခဲ့ကြရပါတယ်၊ သမိုင်းတင်ခေတ်တွေ အတွက် အိုးခြမ်းကွဲအပြင် ရှေးဟောင်းသုတေသီများအဖို့ အခြားသော မြို့ပြ တည် ဆောက်မှုနဲ့ အခြားဆက်စပ်လျှက်ရှိနေတဲ့ ယဥ်ကျေးမှု အနုသုခုမ လက်ရာများစွာကို သတင်းအချက်အလက်များ လွယ်ကူစွာ ရယူ နိုင်ကြပေမယ့်လည်း သမိုင်းမတင် မီခေတ်နဲ့သမိုင်းဦးကာလ မြို့ပြမပေါ်ထွန်းမီအချိန်ကာ လများက လူမှုအဖွဲ့အစည်းများအတွက် တော့ ခက်ခဲပါတယ်၊ ဒါကြောင့်သူတို့ရဲ့ ယဥ်ကျေးမှုအဆင့်အတန်းနဲ့ သူတို့ရဲ့အခြေချ ခဲ့မှုများကို ကောင်းကောင်း ပြောပြ ပေးနိုင်တာအိုးခြမ်းကွဲပဲဖြစ်ပါတယ်။

များသောအားဖြင့် လူတွေဟာ တန်ဖိုးရှိတဲ့ ရွှေ၊ငွေ၊ကြေး၊ သံ စတာတွေကို ခင်တွယ်မက်မော နေကြမြဲ သဘာဝ ရှိတဲ့အတွက် လူမှုအဖွဲ့အစည်း တစ်ခုရဲ့ ရွေ့လျားပြောင်းလဲမှုမှာ ၎င်း လူမှုအဖွဲ့အစည်းနဲ့ ဆင့်ကဲပြောင်းလဲ မှုအတိုင်း လိုက်ပါသယ်ဆောင်ရင်း ဆက်ခံကြပါတယ် ၊ယဥ်ကျေးမှု တစ်ခုရဲ့ phase တစ်ခုမှာ ရပ်တန့် ကျန်ရစ်မနေခဲ့ပါဘူး၊ ဒါကြောင့် သုတေသီတို့ဟာ ရှေးဟောင်းပစ္စည်းများအထူးသဖြင့် တန်ဖိုးရှိတဲ့ ပစ္စည်းများကို ဘာသာပြန်ဆိုတဲ့ အခါ phase တစ်ခုနဲ့တစ်ခု ရောထွေးစေပါတယ် သို့ပေမယ့် အိုးခြမ်းကွဲ များမှာတော့ ဒီကွက်လပ်များကို သုတေသီတွေအတွက် ဖြည့်ဆည်းပေးနေကြပါတယ်။

လူမှုအဖွဲ့အစည်းများဟာ သူတို့ပြောင်းရွေ့နေထိုင်သွားကြတဲ့ လမ်းကြောင်းရာ ကောက်ကြောင်းအနေနဲ့ သူတို့နေ့စဉ်သုံးစွဲခဲ့ကြတဲ့ အိုးကွဲ ပုဂံကွဲတွေ ထားရစ်ခဲ့ကြပါတယ်၊ ဒီအိုးကွဲတွေရဲ့အပေါ်က အရေးအစင်း၊ အချယ်အလှယ်၊ နည်းစနစ်၊ အမွမ်းအမံ၊ အမျိုးအစား ပုံစံတွေက လူမှုရေး ဘာသာရေး ကာကွယ်ရေး စီးပွားရေး တို့ကို ဖော်ပြနေကြပါတယ်။

ဗိဿနိုးမြို့ဟောင်းမြေပုံဆွဲကြတဲ့အခါ မြေပုံထဲမှာ အုတ်ကုန်းတွေအပြင် အိုးခြမ်းကွဲကုန်းတွေ ထည့်ဆွဲခဲ့ကြတာကိုတွေ့ရပါတယ် ဒါဟာသိပ်ကို အရေးပါတဲ့အချက်ပါပဲ ။

မြို့ပြပေါ်ပေါက်လာတဲ့အထိ လူတွေဟာ ဘာသာရေးနဲ့ပတ်သက်လို့ပဲ အုတ်အဆောက်အုံတွေ သုံးစွဲခဲ့ကြပါတယ်၊သူတို့တကယ်အခြေချနေထိုင်ခဲ့ကြတာကတော့သစ်တွေဝါးအိမ်တွေနဲ့ပါပဲ၊ဒါကြောင့်နှစ်ပေါင်းများစွာကြာတဲ့အခါ သစ်တွေဝါးတွေကိုမမြင်တွေ့နိုင်တော့ပဲ သူတို့နေထိုင်ခဲ့တဲ့နေရာတွေကို အိုးခြမ်းကွဲများကသာ ညွှန်ပြနေကြပါတယ်၊ အခြားမြို့ဟောင်းတွေမှာလည်း ဒီလိုပါပဲ အိုးခြမ်းကွဲတွေကို သုံးသပ်ခြင်းအားဖြင့် ဒီနေရာက မတူးဖော်ရဘဲသင်္ချိုင်းကုန်းလား၊ နန်းတော်ရာကုန်းလား ၊ဘာသာရေးကုန်းလား၊ လူတွေ အသုံးပြုခဲ့ရာ မီးဖိုချောင်သုံးအိုးကွဲလား ၊အိမ်လား စသဖြင့် သုတေသီများအတွက် များစွာ အကျိုးကျေးဇူးကြီးပါတယ်။

ဒါကြောင့် အိုးခြမ်းကွဲများဟာ စာရေးမထား စာမထိုးထားပေမယ့် ရှေးခေတ်လူမှုအဖွဲ့အစည်းတွေအကြောင်းကို မပြည့်စုံတာတောင် သုတေသီအတွက် ဆက်လက်တွေးခေါ်ရမယ့် အတွေးစတွေကို စတင်ဖော်ထုတ်ပေးတဲ့ ရတနာ တစ်ခုပဲ ဖြစ်ပါတယ်။ ။

 (စာရေးသူ ကျော်မျိုးဝင်းသည် သရေခေတ္တရာ  ကမ္ဘာ့အမွေအနှစ်၊ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သည်။ ဆောင်းပါးသည် သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြပြီးဖြစ်သည်။ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly