ပါတီလုပ်ငန်းလုပ်သည့် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းပုံကို ချိုးဖေါက်နေဟု NLD ပြော

ပါတီလုပ်ငန်းလုပ်သည့် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းပုံကို ချိုးဖေါက်နေဟု NLD ပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတ ဦးသိန်းစိန်သည် အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီ၏ မဲဆွယ် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်နေကြောင်း အတိုက်အခံပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာသည်။

ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြောင်း သက်သေအဖြစ် အချို့ မြို့နယ်များတွင် “ပြည်ခိုင်ဖြိုး ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် ဗီနိုင်း ဆိုင်းဘုတ်များတွင် သမ္မတ၏ ဓာတ်ပုံကို ဖေါ်ပြထားခြင်း” ဟု NLD က ဆိုသည်။

အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း (၂၀၁၅) တွင်လည်း သမ္မတ ဦးသိန်းစိန်၏ ဓာတ်ပုံကို ဖေါ်ပြထားခြင်းကြောင့် “သမ္မတ ဦးသိန်းစိန် အနေဖြင့် နိုင်ငံရေး ပါတီ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြောင်း ထင်ရှားပါသည်” ဟု NLD ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောက်တိုဘာ ၆ ရက်ထုတ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာဖြစ်သော ပြည်ထောင်စု နေ့စဉ်သတင်းစာ မျက်နှာဖုံးတွင်လည်း သမ္မတ ဦးသိန်းစိန်ပုံကို အသုံးပြုလျက် “ပြုပြင်ပြောင်းလဲမှု ဆက်လက် ဆောင်ရွက်မည် အနာဂတ်ဘဝ ပြောင်းလဲ တိုးတက်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့” ဟူသည့် စာသားကို ဖေါ်ပြထားသည်ကို မဇ္ဈိမက တွေ့ရသည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၄ ပါ ပြဋ္ဌာန်းချက်နှင့် ပုဒ်မ ၆၅ ပါ ကတိ သစ္စာကိုလည်း ဖေါက်ဖျက်ရာ ရောက်သည်ဟု NLD က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ တွင် “နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ များသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်ခြင်း ခံရသည့် နေ့မှ စတင်၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ” ဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၆၅ ကတိသစ္စာပြုသည့် ပြဋ္ဌာန်းချက်တွင်မူ “ကျွန်ုပ်သည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်သိလိုက်နာ ရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာ ကျင့်သုံး ဆောင်ရွက်ပါမည်။ မိမိ တာဝန် ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်” ဟုပြဋ္ဌာန်းထားသည်။

ယင်း ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို သမ္မတ ဦးသိန်းစိန် ချိုးဖေါက်နေသည်ဟု NLD ကဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လိုအပ်သလို ဆောင်ရွက်ပေးပါဟုလည်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ နိုဝင်ဘာ ၅ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags