ကာကွယ်ဆေးမတွေ့မချင်း ကျောင်းပြန်မဖွင့်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြောဆို

ကာကွယ်ဆေးမတွေ့မချင်း ကျောင်းပြန်မဖွင့်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြောဆို

မေ ၂၆၊ ၂၀၂၀

တစ်ချို့သော နိုင်ငံများတွင် ကျောင်းများပြန်ဖွင့်နေပြီဖြစ်သော်လည်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကတော့ ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးမရမချင်း ကျောင်းသားများကို ကျောင်းပြန်တက်ခွင့်မပြုဟု ပြောဆိုလိုက်သည်။

ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်သောအားဖြင့် ဖိလိစ်ပိုင်တွင် မတ်လမှစတင်၍ မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပိတ်ထားရာ၂၅ သန်းကျော်သော ကျောင်းသားများမှာ သြဂုတ်လကုန်မှသာလျှင် ကျောင်းပြန်တက်ရန် စီစဉ်ထားခဲ့သည်။

 သို့သော်လည်း တနင်္လာနေ့က ပြောကြားသော မိန့်ခွန်းတွင် ဒူတာတေးက ကျောင်းသားများ၏ ပညာရေးထိခိုက်နိုင်သည်ဖြစ်သော်လည်း ကျောင်းပြန်တက်ခိုင်းရမှာ
အန္တရာယ်သိပ်များသည်ဟု ဆိုလိုက်သည်။
 
" သူတို့တွေအတွက် တကယ့်ကိုပဲ စိတ်ချလုံခြုံမှုရှိတာ မသေချာသေးသရွေ့ ကျောင်းပြန်ဖွင့်ဖို့ပြောတာ အလကားပဲ" ဟု သမ္မတက ပြောသည်။
 
" ကျွန်တော့်အလိုအရတော့ ကာကွယ်ဆေး အရင်ရပါလေ့စေ။ တကယ်လို့ ကာကွယ်ဆေးရလာပြီဟေ့ဆိုရင် အဲဒါ အိုကေပြီ" ဟု သူက ထပ်လောင်းပြောသည်။ " တကယ်လို့ တစ်ယောက်မှ ဘွဲ့မရဘူးဆိုရင်လည်း ထားလိုက်ဗျာ"  

ကမ္ဘာတစ်ဝှမ်း သုတေသနသများက ကာကွယ်ဆေးဖော်နိုင်ရန် အသည်းအသန်ကြိုးစားနေကြသော်လည်း မည်သည့်အချိန်တွင် ဆေးပေါ်နိုင်သည်ဆိုတာနှင့် ပမာဏအမြောက်အများ ဖြန့်ဖြူးနိုင်မှာလားဆိုခြင်းကတော့ ရေရေရာရာမရှိသေးပေ။

ဖိလစ်ပိုင်တွင် အစိုးရကျောင်းများသည် ဇွန်လမှ ဧပြီလအထိဖွင့်သည်။ သို့သော် ပိုးတွေ့ရှိသူမြင့်တက်လာပြီးနောက် နိုင်ငံအကို လော့ဂ်ဒေါင်းချလိုက်ပြီး ကျောင်းဖွင့်ရက်ကိုလည်း နောက်ဆုတ်ခိုင်းထားခဲ့သည်။
 
ပညာရေးဝန်ကြီးဌာနကလည်း စာသင်ကျောင်းများတွင် လူမများရလေအောင် လာမည့်နှစ်တွင် အဝေးသင်သင်ကြားမှု၊ အွန်လိုင်းသင်တန်းများ ရောနှောကျင်းပမည်ဟု ကြေညာထားပြီးဖြစ်သည်။
 
ဖိလစ်ပိုင်တွင် သန်းနှင့်ချီသော ဆင်းရဲမျဉ်းမှတ်အောက် လူများရှိနေရာ အွန်လိုင်းသင်ခန်းစာအတွက် အခရာဖြစ်သော  အိမ်တွင် ကွန်ပြူတာမသုံးနိုင်ဘဲရှိကြသည်။
 
ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါက ကလေးများကို အိမ်တွင် လပေါင်းများစွာရှိနေစေခဲ့သည်။ သို့သော် တောင်ကိုရီးယားနှင့် ပြင်သစ်တို့အပါအဝင် နိုင်ငံများတွင်တော့ လူကိုယ်တိုင်တက်ရောက်ရသည့် ကျောင်းများပြန်ဖွင့်လှစ်နေကြပြီဖြစ်သည်။

တနင်္လာနေ့နောက်ဆုံးရသတင်းများအရ ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၁၄၃၀၀ ရှိပြီး သေဆုံးသူ ၈၇၃ ဦးရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly