ဟောင်ကောင်ဥပဒေအတွက် ဒဏ်ခတ်မည်ဆိုပါက အမေရိကန်ကို တန်ပြန်လုပ်ရပ်များဖြင့် တုံ့ပြန်မည်ဟု တရုတ် ခြိမ်းခြောက်

ဟောင်ကောင်ဥပဒေအတွက် ဒဏ်ခတ်မည်ဆိုပါက အမေရိကန်ကို တန်ပြန်လုပ်ရပ်များဖြင့် တုံ့ပြန်မည်ဟု တရုတ် ခြိမ်းခြောက်

မေ ၂၆

ဟောင်ကောင်၏ လုံခြုံရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းမည့် အစီအစဉ်များအတွက် အမေရိကန်ဘက်က ဒဏ်ခတ်မည် ဆိုပါက ယင်းနိုင်ငံကို တန်ပြန်လုပ်ရပ်များဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်က မေလ ၂၅ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

အဆိုပြုထားသည့် ဟောင်ကောင် လုံခြုံရေးဥပဒေသည် “အကြမ်းဖက်မှု” အပေါ် အနိုင်ယူနိုင်မည့် လက်နက်သစ်တစ်ခု ဖြစ်သည်ဟုလည်း ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်၏ လုံခြုံရေးအရာရှိချုပ်ကလည်း ပြောဆိုထားခဲ့သည်။

ဟောင်ကောင်တွင် ယမန်နှစ်က ကြီးမားသည့် ဆန္ဒပြပွဲများ လများစွာ ပေါ်ပေါက်ခဲ့ပြီးနောက် နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော်ပြိုကွဲစေအောင် ဖြိုဖျက်မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်အောင် ပြုလုပ်မှုတို့ကို တားမြစ်ပိတ်ပင်မည့် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်တစ်ခုကို ပြဋ္ဌာန်းရန် ပေကျင်းအာဏာပိုင်တို့ စီစဉ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းအဆိုပြုချက်သည် ဟောင်ကောင်၏ အမြတ်တနိုး ထားရှိသော လွတ်လပ်ခွင့်များအတွက် ပျက်စီးခြင်း နိမိတ်တစ်ခု ဖြစ်လာနိုင်သည့် အပေါ် ဟောင်ကောင် ပြည်သူအများအပြား၊ စီးပွားရေးလုပ်ငန်းများနှင့် အနောက်အုပ်စုနိုင်ငံများက စိုးရ်ိမ်ပူပန်လျက် ရှိသည်။

ယင်းအတွက်ကြောင့်လည်း ဟောင်ကောင်၌ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရန် လူစုဝေးခြင်းများအပေါ် ပိတ်ပင်ချက် ထုတ်ထားသည့်ကြားကပင် ပြီးခဲ့သည့် မေလ ၂၄ ရက်တွင် လူထောင်ပေါင်းများစွာတို့ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ဆန္ဒပြသူများကို လူစုခွဲရန် ရဲများက မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်များ အသုံးပြုခဲ့သည်။

ယင်းဥပဒေသစ်ကြောင့် ဟောင်ကောင်ကို အထူးဦးစားပေး အမေရိကန် ကုန်သွယ်မှု အဆင့်အတန်း သတ်မှတ်ချက်ကနေ ဆုံးရှုံးသွားစေနိုင်ကြောင်း ၀ါရှင်တန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ် အိုး ဘရိုင်ယန်က သတိပေးသွားခဲ့သည်။

သို့သော် ၀ါရှင်တန်ဘက်က ချမှတ်လာမည့် အရေးယူဒဏ်ခတ်မှုများအပေါ် ပေကျင်းဘက်က ပြန်လည် တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့သည်။

“တရုတ်ရဲ့အကျိုးတရားတွေကို ထိခိုက်အောင်လုပ်ဖို့ အမေရိကန်ဘက်က မလျှော့တမ်း ပြောနေမယ်ဆိုရင်တော့ တရုတ်ဘက်ကလည်း ဒီအပေါ်မှာ ပြန်တုံ့ပြန်ပြီး လိုအပ်တဲ့ လုပ်ရပ်မှန်သမျှကို လုပ်သွားရပါလိမ့်မယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက မေလ ၂၅ ရက်က သတင်းထောက်များကို ပြောသွားခဲ့သည်။

ကမ္ဘာ့ စူပါ ပါဝါ နိုင်ငံကြီး နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လျက်ရှိချိန် ဟောင်ကောင်သည် တင်းမာမှုများကို ဆိုးရွားစေနိုင်သည့် နောက်ထပ် အခြေအနေအကြောင်းအရင်းတစ်ခု ဖြစ်လာနေပြီး လက်ရှိအခြေအနေကို “စစ်အေးခေတ်သစ်တစ်ခုသို့ ကျရောက်မည့်ဆဲဆဲ” ဟုပင် တရုတ်က ခိုင်းနှိုင်း ပြောဆိုထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly