ဆီဗီလာဒါဘီနဲ့အတူ ဇွန် ၁၁ ရက်မှာ ရာသီပြန်စလိုတဲ့ လာလီဂါဥက္ကဋ္ဌ

ဆီဗီလာဒါဘီနဲ့အတူ ဇွန် ၁၁ ရက်မှာ ရာသီပြန်စလိုတဲ့ လာလီဂါဥက္ကဋ္ဌ
Photos: EPA

လာလီဂါအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဟာဗီယေးတီဘက်စ်က ရာသီပြန်လည်စတင်မှုဟာ ဆီဗီလားဒါဘီပွဲစဉ်နဲ့အတူ ဇွန်လ ၁၁ ရက်နေ့မှာ စတင်နိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း တနင်္ဂနွေနေ့က ပြောပါတယ်။

တီဘက်စ်က "ပထမဆုံးလာလီဂါပွဲကတော့ ဇွန် ၁၁ ရက်နေ့မှာ ကစားဖြစ်ဖို့များနိုင်ပါတယ်။ ဆီဗီလာဒါဘီ (ရီးယဲလ်ဘက်တစ်နဲ့ ဆီဗီလာ)ဖြစ်ပါလိမ့်မယ်။"လို့ စပိန်ရုပ်သံ Movistar ကို ပြောကြားခဲ့ပါတယ်။

တီဘက်စ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လက ရပ်ဆိုင်းခဲ့ရတဲ့ လာလီဂါပြိုင်ပွဲရဲ့ ပြန်လည်စတင်မယ့်ရက်ကို လာမယ့် ရက်အနည်းငယ်အတွင်းမှာ တရားဝင်ကြေညာလိမ့်မယ်လို့လည်း အတည်ပြုပြောကြားခဲ့ပါတယ်။

စပိန်ရဲ့ ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်က လာလီဂါပြိုင်ပွဲဟာ Lockdown ပိတ်ချလိုက်ရာကနေ ဇွန်လ ၈ ရက် ရက်သတ္တပတ်အစမှာ ပြန်လည်စတင်နိုင်တယ်လို့ စနေနေ့က ကြေညာခဲ့တာပါ။

ပွဲစဉ်အားလုံးကိုတော့ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားသွားမှာဖြစ်ပါတယ်။

လာလီဂါပြိုင်ပွဲဟာ စပိန်မှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ၂ လကြာ ရပ်နားခဲ့ရပြီးနောက် ကစားသမားတွေဟာ အုပ်စုငယ်လေးတွေနဲ့ လေ့ကျင့်မှုစတင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာက ရီးယဲလ်မက်ဒရစ်ထက် ၂ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။

ကလပ်အသင်းတွေဟာ လက်ကျန် ၁၁ ပွဲကစားဖို့ရှိပြီး ပွဲစဉ်အားလုံးကို ဇွန်လအကုန်မှာ အပြီးသတ်ကစားကာ ရာသီပိတ်သိမ်းဖို့ စီစဉ်ထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly