COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thiha Phyo Myint

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည်နှင့်အမျှ ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော ကပ်ရောဂါဆိုးကြီးများကို တင်ပြအပ်ပါသည်။

ကမ္ဘာ့ကပ်ရောဂါ Pandemic ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံလုံးအတွင်း (သို့) တိုက်ကြီးတစ်တိုက်လုံးအတွင်း (သို့) ကမ္ဘာတဝှမ်းတွင် အချိန်ကာလတစ်ခုအတွင်း၌ ရောဂါတစ်ခု ကူးစက်ပျံ့နှံ့နေခြင်းကို ဆိုလိုပါသည်။

ကပ်ရောဂါအမည် ကြာချိန် လူသေနှုန်း
အန်တိုနီပလိပ် ၁၆၅ ခုနှစ် – ၁၈၀ ခုနှစ် ၅ သန်း
ဂျပ်စတီနီယန်ပလိပ် ၅၄၁ ခုနှစ် – ၅၄၂ ခုနှစ် ၃၀ သန်း မှ ၅၀ သန်း
ဂျပန်ကျောက်ကြီး ၇၃၅ ခုနှစ် – ၇၃၇ ခုနှစ် ၁ သန်း
Black Death ပလိပ် ၁၃၄၇ ခုနှစ် – ၁၃၅၁ ခုနှစ် ၂၀၀ သန်း
ကျောက်ကြီး ၁၅၂၀ ခုနှစ် ၅၆ သန်း
၁၇ ရာစု ပလိပ် (ဥရောပ) ၁၆ ရာစု ၃ သန်း
၁၈ ရာစု ပလိပ် (ဥရောပ) ၁၇ ရာစု ၆ သိန်း
ကာလဝမ်း ၁၈၁၇ ခုနှစ် – ၁၉၂၃ ခုနှစ် ၁ သန်း
တတိယပလိပ် ၁၈၅၅ ခုနှစ် ၁၂ သန်း
Yellow Fever ၁၈ ရာစု နှောင်းပိုင်း ၁ သိန်း မှ ၅ သိန်း
စပိန်တုပ်ကွေး ၁၉၁၈ ခုနှစ် – ၁၉၁၉ ခုနှစ် ၄၀ သန်း မှ ၅၀ သန်း
ရုရှားတုပ်ကွေး ၁၈၈၉ ခုနှစ် – ၁၈၉၀ ခုနှစ် ၁ သန်း
အေအိုင်ဒီအက်စ် ၁၉၈၁ ခုနှစ် – ယနေ့ထိ ၂၅ သန်း မှ ၃၅ သန်း
အာရှတုပ်ကွေး ၁၉၅၇ ခုနှစ် – ၁၉၅၈ ခုနှစ် ၁ သန်း
ဟောင်ကောင်တုပ်ကွေး ၁၉၆၈ ခုနှစ် – ၁၉၇၀ ခုနှစ် ၁ သန်း
ဆားစ် (SARS) ၂၀၀၂ ခုနှစ် – ၂၀၀၃ ခုနှစ် ၇၇၀ ဦး
ဝက်တုပ်ကွေး ၂၀၀၉ ခုနှစ် – ၂၀၁၀ ခုနှစ် ၂ သိန်း
မားစ် (MERS) ၂၀၁၂ ခုနှစ် – ယနေ့ထိ ၈၅၀ ဦး
အီဘိုလာ (Ebola) ၂၀၁၄ ခုနှစ် – ၂၀၁၆ ခုနှစ် ၁၁,၀၀၀ ကျော်
ကိုဗစ်-၁၉ (COVID-19) ၂၀၁၉ ခုနှစ် – ယနေ့ထိ ၂၃၄,၀၀၀ ကျော်

1 ကမ္ဘာ့ကပ်ရောဂါဆိုးများနှင့် လူသေနှုန်းများ

2 ကမ္ဘာ့ကပ်ရောဂါများနှင့် သေနှုန်းပြဇယား

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဟွာနန်ဈေးသို့ သွားရောက်သူများမှ အများအပြားသည် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများဖြင့် ဆေးရုံတက်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တရုတ်နိုင်ငံအခြေစိုက်ရုံးမှ အမျိုးအမည်မသိသေးသော နမိုးနီးယားရောဂါ တစ်မျိုးတွေ့ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံပြည်ပသို့ ပထမဆုံးကူးစက်မှုအနေဖြင့် ထိုင်းနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးတွေ့သူရှိကြောင်း ထိုင်းအာဏာပိုင်များမှ ကြေညာခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ရောဂါများစတင်ဖြစ်ပွားရာဒေသ ဝူဟန်မြို့မှ ဂျောင်နန်ဆေးရုံသို့ သွားရောက်ကြည့်ရှု ခဲ့ကြသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ဤရောဂါဖြစ်ပွားနေမှုကို ကမ္ဘာတစ်ခုလုံး နှင့် သက်ဆိုင်သော လူထုကျန်းမာရေးအရေးပေါ်အခြေအနေတစ်ရပ်ဟု ကြေညာချက်ထုတ်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ဤရောဂါကို COVID-19 (CO-corona VI-virus D-disease 19-2019) ဟု အမည်ပေးကြေညာခဲ့သည်။

ထိုမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) သည် ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ပျံ့နှံ့သွားခဲ့သည်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ COVID-19 ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကြေညာချက်ထုတ်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အခြားသောဒေသများနှင့်ယှဉ်လျှင် ကူးစက်မှုနှင့် သေနှုန်းအမြင့်ဆုံးဖြစ်နေသော ဥရောပတိုက်သည် COVID-19 ကပ်ရောဂါ၏ ဗဟိုချက်မဖြစ်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးသော COVID-19 ရောဂါကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ၂ ဦးစတင်တွေ့ရှိခဲ့သည်။ ယခုအချိန် ၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီ မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံနေရသူပေါင်း ၁၅၅ ယောက်ရှိပြီး ထိုအနက်မှ ၄၃ ဦးသည် ပြန်လည်သက်သာခဲ့ပြီး သေဆုံးသူ ၆ ယောက်ရှိခဲ့ပြီ ဖြစ်သည်။

COVID-19 ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက်-

  • တတ်နိုင်သမျှအပြင်မထွက်ပဲ အိမ်မှာနေကြပါ။ လူစုလူဝေးရှိရာနေရာများသို့ မသွားပါနှင့်။
  • မလွဲမရှောင်သာ၍ အပြင်ထွက်ရမည်ဆိုပါက နှာခေါင်းစည်းတပ်၍ ထွက်ပါ။
  • မိသားစုအတွက် စျေးဝယ်ထွက်ရမည်ဆိုပါက မိမိအိမ်မှ အိမ်သားအားလုံးထွက်၍ ဝယ်ခြင်းမပြုလုပ်ဘဲ တစ်ဦးသာထွက်၍ ဝယ်ပါ။
  • လက်ကို ရေနှင့်ဆပ်ပြာအသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျမကြာခဏဆေးကြောပါ။
  • အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှသာ ပြောဆိုဆက်ဆံပါ။
  • နှာချေချောင်းဆိုးသည့်အချိန်တိုင်း နှာခေါင်းစည်း၊ တစ်ရှူး (အခြားအရာများမရှိပါက မိမိ၏ တံတောင်ဆစ်ကွေး) နှင့် စနစ်တကျလုံခြုံစွာ ဖုံးအုပ်ပါ။ ပြီးနောက် လက်ဆေးပါ။
  • မပြင်းထန်သော ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အာဟာရပြည့်ဝစွာစားသုံးပါ။
  • ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့်လက္ခဏာများပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ခြင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူပါ။
  • ကောလာဟလသတင်းမှားများကို လုံးဝမယုံပါနှင့်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံပိုင်မီဒီယာများမှ သတင်းများကိုသာ ယုံကြည်လိုက်နာပါ။
  • အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly