အိန္ဒိယ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် တရုတ်ဘက်က တပ်ဖွဲ့ဝင်များ တိုးမြှုင့်ချထားခြင်းနှင့်အတူ တင်းမာမှုများ မြင့်တက်လာနေ

အိန္ဒိယ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် တရုတ်ဘက်က တပ်ဖွဲ့ဝင်များ တိုးမြှုင့်ချထားခြင်းနှင့်အတူ တင်းမာမှုများ မြင့်တက်လာနေ

မေ ၂၄

အိန္ဒိယဘက်က အုပ်ချုပ်နေသည့် Ladakh ဒေသရှိ အမှန်တကယ်နယ်စပ် ထိန်းချုပ်မျဉ်း LAC တစ်လျှောက်ရှိ Pangong Tso ကန်နှင့် Galwan တောင်ကြားဝန်းကျင်ရှိ ဧရိယာများတွင် တရုတ်စစ်တပ်က တပ်ဖွဲ့ဝင်များကို အလျင်အမြန် တိုးမြှင့်ချထားခြင်းနှင့်အတူ တရုတ်တို့အနေဖြင့် အိန္ဒိယစစ်တပ်နှင့်အကြား ထိပ်တိုက်တွေ့မှုကို အဆုံးသတ်ရန် အဆင်သင့်မဖြစ်သေးသည်ကို ရှင်းရှင်းလင်းလင်း ပြသလျက် ရှိကြောင်း အငြင်းပွားဒေသရှိ အခြေအနေနှင့်ပတ်သက်၍ သိရှိသူများက ပြောသည်။

တရုတ်တို့ဘက်က အထူးသဖြင့် Galwan တောင်ကြားတွင် ၎င်းတို့၏ တည်ရှိမှုကို အားဖြည့်ထားခဲ့ပြီး ပြီးခဲ့သည့် နှစ်ပတ်အတွင်း ရွက်ဖျင်တဲစခန်းပေါင်း ၁၀၀ ဝန်းကျင်အထိ ဆောက်လုပ်ထားခဲ့သည်။ ယင်းသည် အိန္ဒိယတပ်ဖွဲ့ဝင်များဘက်က အပြင်းအထန် ကန့်ကွက်နေသည့်ကြားက ကတုတ်ကျင်းများ တည်ဆောက်လာနိုင်သည့် အနေအထားတစ်ခုကို ဖြစ်ပေါ်စေလျက် ရှိသည်ဟု ၎င်းတို့က ပြောသည်။

နှစ်နိုင်ငံအကြား တင်းမာမှု မြင့်တက်နေစဉ်ကာလအတွင်း အိန္ဒိယ စစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane သည် ပြီးခဲ့သည့် မေလ ၂၂ ရက်က Leh မြို့ရှိ တပ်မကြီး ၁၄ ခု ၏ဌာနချုပ်များသို့ တိတ်တဆိတ် သွားရောက်ခဲ့ပြီး အိန္ဒိယ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ရှိ ထိန်းချုပ်မျဉ်းတစ်လျှောက် အငြင်းပွား ဧရိယာများအပါအဝင် ဒေသတွင်း အလုံးစုံ လုံခြုံရေး အခြေအနေနှင့်စပ်လျင်း၍ အဆင့်မြင့် တပ်မှူးကြီးများနှင့်အတူ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်တပ် သတင်းရင်းမြစ်များ၏ အဆိုအရ အိန္ဒိယ စစ်တပ်သည် Pangong Tso ကန်နှင့် Galwan တောင်ကြားရှိ တရုတ်တို့၏ စစ်သည်အင်အားဖြည့်တင်းမှုနှင့် ကိုက်ညီစေရန် ချိန်ညှိလုပ်ဆောင်နေသည်ဟု သိရသည်။ ယင်းသည် ဒေသတွင်း အခြားသော အထိအခိုက်မခံသည့် ဧရိယာတစ်ချို့တွင် များစွာ အသာရနိုင်သည့် အနေအထားတစ်ခု ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၅ ရက် ညနေခင်းက တရုတ်နှင့် အိန္ဒိယ စစ်သား ၂၅၀ ခန့် ပါဝင်ခဲ့ကြသည့် ပြင်းထန်သော ရန်ပွဲတစ်ခု ဖြစ်ပေါ်ပြီနောက်ပိုင်း Ladakh ဒေသ အရှေ့ပိုင်းတွင် အခြေအနေများ ပိုမို ဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နှစ်ဘက် တပ်ဖွဲ့ဝင်များအကြားက ရန်ပွဲသည် နောက်တစ်နေ့အထိပင် ဆက်ကူးခဲ့သည်ဟု သိရပြီး နှစ်ဘက် အဆင့်မြင့် တပ်မှူးများအကြား အစည်းအဝေး ပြုလုပ်ပြီး စေ့စပ်ညှိနှိုင်းကာ ပြေလည်မှု ရရှိစေရေး သဘောတူညီချက် ရယူခဲ့ရသည်။

အဆိုပါ ပြင်းထန်သည့် ရန်ပွဲတွင် နှစ်ဘက် စစ်သည် ၁၀၀ ခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

Pangong Tso တွင် ဖြစ်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း မေလ ၉ ရက်၌လည်း Sikkim ပြည်နယ်မြောက်ပိုင်းတွင် အလားတူ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သေးသည်။

ပြီးခဲ့သည့် သီတင်းပတ် တစ်ပတ်တွင်လည်း Ladakh ဒေသ အရှေ့ခြမ်းတွင် တရုတ် တပ်ဖွဲ့ဝင်များဘက်က အကြိမ်ပေါင်းများစွာ ကျူးကျော်မှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရားဝင် အတည်ပြုချက် သို့မဟုတ် တုန့်ပြန်ချက် မရှိခဲ့ပေ။

ပြီးခဲ့သည့် သီတင်းပတ်တစ်ပတ်ကလည်း နှစ်ဘက်စလုံးရှိ တပ်မှူးများ ပါဝင်လျက် အစည်းအဝေး ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးများ၌ အိန္ဒိယက ၎င်းတို့ဘက်ခြမ်းတွင် ရှိနေသည်ဟု ခံယူထားသည့် Galwan တောင်ကြား ဧရိယာများတွင် တရုတ်စစ်တပ်၏ ရွက်ဖျင်တဲ များစွာ ဆောက်နေမှုအပေါ် ကန့်ကွက်သည့် သဘောထားတစ်ရပ် အိန္ဒိယဘက်က ထုတ်ဖော်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အိန္ဒိယ တပ်ဖွဲ့ဝင်များ၏ ပုံမှန် ကင်းလှည့်မှုအပေါ် တရုတ်စစ်တပ်က နှောင့်ယှက်နေကြောင်း အိန္ဒိယတို့က မေလ ၂၁ ရက်တွင် ပြောခဲ့သည်။ ထို့ပြင် အိန္ဒိယအနေဖြင့် နယ်စပ် စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အလွန်တရာ တာဝန်ယူမှုရှိသော ချဉ်းကပ်မှုပုံစံအတိုင်း အမြဲတမ်းလုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယက အခိုင်အမာ ပြောသည်။

တရုတ်ဘက်ခြမ်းတွင် အိန္ဒိယ တပ်ဖွဲ့ဝင်များကျူးကျော်ဝင်ရောက်ခြင်းကြောင့် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း တရုတ်၏ သဘောထားမှတ်ချက်ပေးခဲ့မှုအပေါ်တွင်လည်း အပြင်းအထန် ကန့်ကွက်ကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Anurag Srivastava က မီဒီယာသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

အိန္ဒိယနှင့် တရုတ် တပ်ဖွဲ့ဝင်များသည် ၂၀၁၇ ခုနှစ်ကလည်း ဒိုကလမ်ဒေသ နယ်စပ်ပြဿနာနှင့်ပတ်သက်၍ ၇၃ ရက်ကြာ တင်းမာမှု တစ်ခု ဖြစ်ပေါ်ခဲ့ပြီး ယင်းအချိန်က နျူကလီးယားလက်နက်တပ် အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်ပွဲတစ်ခု ပေါ်ပေါက်မည်ကိုပင် စိုးရိမ်ခဲ့ရသည်။

အိန္ဒိယ-တရုတ် နယ်စပ် အငြင်းပွားမှုသည် ၃,၄၈၈ ကီလိုမီတာ ရှည်လျားသည့် LAC နယ်စပ်ထိန်းချုပ်ရေးမျဉ်းတစ်လျှောက် လွှမ်းခြုံပတ်သက်နေသည်။ အရူနာချယ် ပရာဒက်ရှ် ကို တိဘက် တောင်ပိုင်းဒေသဟု တရုတ်က ပြောဆိုထားချိန် ယင်းနှင့်ပတ်သက်၍ အိန္ဒိယက မဟုတ်မမှန်ကြောင်း ပြောဆိုထားသည်။

ဂျမူးနှင့် ကက်ရှ်မီးယားကို ပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အိန္ဒိယကို တရုတ်က ဝေဖန်ထားသည်။ အထူးသဖြင့် Ladakh ကို ပြည်ထောင်စု နယ်မြေတစ်ခု အဖြစ် လုပ်ဆောင်နေသည် ဆိုပြီး တရုတ်က နယူးဒေလီကို ဝေဖန်ထားသည်။ ထို့ပြင် Ladakh ရှိ အစိတ်အပိုင်းတချို့ကိုလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း တရုတ်က ပြောထားသည်။

တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ တို့သည် ဒိုကလမ် တင်းမာမှု ဖြစ်ပြီးနောက် လများအကြာ ၂၀၁၈ ဧပြီလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နှစ်ဘက်အကြား ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်နိုင်ရန် အလို့ငှာ စစ်တပ်များကို ဆက်သွယ်ချိတ်ဆက်မှု အားကောင်းစေရေး “မဟာဗျူဟာကျ လမ်းညွန်ချက်” များ ထုတ်ပြန်ရန် နှစ်ဘက်ခေါင်းဆောင်များ အဆိုပါ ညီလာခံတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly