အိပ်နေစဉ် သွားကြိတ်ခြင်း

အိပ်နေစဉ် သွားကြိတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Htet Htet Zaw Win

တချို့လူတွေက နိုးနေတုန်းပဲ ဖြစ်ဖြစ်၊ အိပ်နေတုန်းပဲ ဖြစ်ဖြစ် သွားကြိတ် တတ်တဲ့ အကျင့်ရှိပါတယ်။ ဆေးပညာအရ Bruxism လို့ ခေါ်ပါတယ်။ အခြေအနေသိပ်မဆိုးရင် သွားကြိတ်တာက ကုစရာမလိုပါဘူး။ ဒါပေမယ့် အကျင့်တစ်ခုလို ဖြစ်လာမယ်။ သွားနဲ့ မေးရိုးတွေ ထိခိုက်လာမယ်။ ခေါင်းတွေကိုက်လာတဲ့အထိ ဆိုးလာရင်တော့ ကုသမှု ခံယူရပါမယ်။ သွားကြိတ်တာနဲ့ ပတ်သတ်ပြီး အသေးစိတ်လေ့လာကြည့်ရအောင်။

ဘာလို့ သွားကြိတ် တာလဲ။

ဘာကြောင့် သွားကြိတ်တာလဲဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ မျိုးဗီဇကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ သွားကြိတ်တာကို ၂မျိုး ခွဲလို့ရပါတယ်။

  • နိုးနေစဉ် သွားကြိတ်ခြင်း (Awake bruxism) – ဒါက စိတ်ခံစားချက်တွေ ဖြစ်တဲ့ စိတ်လှုပ်ရှားတာ၊ ဒေါသထွက်တာ၊ စိတ်ရှုပ်တာ၊ စိတ်တင်းကြပ်လာရင် ဖြစ်တတ်ပါတယ်။ တချို့တွေကလည်း တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားနေချိန်ဆို အကျင့်တစ်ခုအနေနဲ့ သွားကြိတ်တတ်ပါတယ်။
  • အိပ်နေစဉ် သွားကြိတ်ခြင်း (Sleep bruxism) – အိပ်နေတုန်း တစ်ခုခုကို ဝါးချင်တဲ့ စိတ်ဖြစ်ပြီး နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေမှာ တွေ့ရတတ်ပါတယ်။

ဘယ်သူတွေ သွားကြိတ် တတ်သလဲ။

  • စိတ်ဖိစီးမှု – စိတ်ဖိစီးမှု အပါအဝင် ဒေါသထွက်တာ၊ စိတ်ရှုပ်တာတွေကလည်း သွားကြိတ်တဲ့ အကျင့်ကို ဖြစ်စေပါတယ်။
  • အသက် – ကလေးတွေမှာ သွားကြိတ်တာ အဖြစ်များပါတယ်။ ကြီးလာရင် သူ့ဟာသူ သက်သာသွားပါတယ်။
  • စိတ်နေစိတ်ထား – စိတ်ဓာတ်ပြင်းထန် တက်ကြွတဲ့သူတွေမှာ သွားကြိတ်တဲ့အကျင့် အတွေ့ရများပါတယ်။
  • ဆေးဝါးများ – တချို့သော စိတ်ကျရောဂါကုသဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ တွေ့ရသလို ဆေးလိပ်၊ အရက် ကဖင်းနဲ့ မူးယစ်ဆေးတွေကလည်း သွားကြိတ်နိုင်ခြေကို များစေပါတယ်။
  • မျိုးရိုး – အိပ်နေတုန်း သွားကြိတ်တာက မျိုးရိုးလိုက်တတ်ပါတယ်။
  • တခြားရောဂါများ – သွားကြိတ်တာက တခြားရောဂါတွေ ဖြစ်တဲ့ ပါကင်ဆန်ရောဂါ၊ သတိမေ့တတ်တာ၊ GERD၊ အတက်ရောဂါ၊ အိပ်စက်ခြင်း ရောဂါတွေ ဖြစ်တဲ့ အိပ်ဟောက်ရှူရပ်ရောဂါ၊ ADHDတို့နဲ့ တွဲပြီးတွေ့ရနိုင်ပါတယ်။

သွားကြိတ်တာအပြင် ဘာလက္ခဏာတွေ တွေ့ရနိုင်လဲ။

  • သွားကြိတ်တာ ကျယ်လွန်းရင် ဟောက်တာလိုပဲ ဘေးက အတူအိပ်တဲ့သူကို အနှောင့်အယှက်ဖြစ်စေပါတယ်။
  • သွားတွေ ပါးတာ၊ ပဲ့တာ၊ နဲ့တာတွေ ဖြစ်နိုင်ပါတယ်။
  • သွားနာတာ၊ သွားကျဉ်တာ ဖြစ်တတ်ပါတယ်။
  • ကြာလာရင် မေးရိုးတွေ နာတာ၊ မဖွင့်နိုင်တာတွေ ဖြစ်နိုင်ပါတယ်။
  • မျက်နှာနဲ့ မေးရိုးတွေ နာလာနိုင်ပါတယ်။
  • နားမှာ ဘာရောဂါမှ မရှိဘဲ နားကိုက်နိုင်ပါတယ်။
  • နားထင်တွေ ကိုက်လာနိုင်ပါတယ်။
  • အတွင်းပါးစောင်တွေ ထိခိုက်နိုင်ပါတယ်။
  • အိပ်ရေးပျက်တာတွေ အထိ ဖြစ်လာနိုင်ပါတယ်။

နောက်ဆက်တွဲ ပြဿနာများ

များသောအားဖြင့်တော့ သိပ်ပြဿနာ မရှိပါဘူး။ ဒါပေမယ့် သွားကြိတ်တာ အကျင့်တစ်ခုလို စွဲလာရင်

  • သွားနဲ့ မေးရိုးတွေ ပျက်စီးတာ
  • ခေါင်းကိုက်နာစွဲတာ
  • မျက်နှာနဲ့ မေးရိုးတွေ နာတာ
  • မေးရိုးချောင်တာတွေ ဖြစ်တတ်ပါတယ်။

အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းများ

  • စိတ်ဖိစီးမှု လျှော့ချပါ – သီချင်းနားထောင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ မအိပ်ခင် ရေနွေးလေးစပ်ချိုးတာက စိတ်ဖိစီးမှု လျော့ကျပြီး သွားကြိတ်တာ သက်သာပါလိမ့်မယ်။
  • ညနေဘက်မှာ စိတ်ကို တက်ကြွစေတဲ့ အစားအစာတွေကို ရှောင်ပါ – အိပ်ခါနီး အချိန်နဲ့ ကပ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အရက်သောက်တာက သွားကြိတ်တာကို ပိုဆိုးစေပါတယ်။
  • ကောင်းမွန်တဲ့ အိပ်စက်ခြင်း ရှိပါစေ – သင့်မှာ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးမျိုးရှိနေရင် ကုသထားပါ။ ဒါက သွားကြိတ်တာကိုပါ သက်သာစေပါတယ်။
  • အတူအိပ်တဲ့သူကို အကူအညီတောင်းပါ – သင်က အိပ်နေလို့ သိမှာ မဟုတ်ပေမယ့် သင့်နားမှာ အိပ်တဲ့သူက သတိထားမိနိုင်ပါတယ်။ သွားကြိတ်တာကို စောစောသိတော့ စောစောကုနိုင်တာပေါ့။
  • သွားဆေးခန်း ပုံမှန်ပြပါ – သွားဆေးခန်းပြမှ သွားကြိတ်လို့ ပျက်စီးနေတဲ့ သွားတွေ၊ မေးရိုးတွေကို စစ်ဆေး တွေ့ရှိမှာပါ။
  • နေ့ဘက်တွေမှာ သွားကြိတ်တတ်တဲ့ အကျင့်ရှိရင် လျှာကို သွားကြားထဲ ထည့်ထားပါ။ ဒါက သွားကို မကြိတ်မိတဲ့အပြင် မေးရိုးကြွက်သားတွေကို ပြေလျှော့စေပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly