ဗုံးခွဲခံရသည့် လေယာဉ်ဖြစ်နိုင်သော အပိုင်းအစများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် မြန်မာနှင့် တောင်ကိုရီးယား အစိုးရတို့ ဆွေးနွေးနေ

By Korea Times
24 May 2020
ဗုံးခွဲခံရသည့် လေယာဉ်ဖြစ်နိုင်သော အပိုင်းအစများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် မြန်မာနှင့် တောင်ကိုရီးယား အစိုးရတို့ ဆွေးနွေးနေ

မေ ၂၄

၁၉၈၇ ခုနှစ်က Korea Air မှ ပျောက်ဆုံးခဲ့သော လေယာဉ်ဖြစ်နိုင်သည့် မြန်မာ့ကမ်းလွန်တွင် တွေ့ရှိသော လေယာဉ်အပိုင်းအစများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကိုရီးယားနှင့် မြန်မာအစိုးရတို့ ဆွေးနွေးလျက် ရှိကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။

အဆိုပါ ပျောက်ဆုံးသည်ဟု ယူဆရသော လေယာဉ်၏ ကိုယ်ထည်အား စုံစမ်းစစ်ဆေးရန် သံတမန်လမ်းကြောင်းမှတစ်ဆင့် တောင်ကိုရီးယား အစိုးရက ဆက်သွယ်လျက်ရှိကြောင်း ယင်း ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောပြီး နောက်ထပ် အသေးစိတ်အား ယခုအထိ ထုတ်ပြန်ခြင်း မရှိပေ။

KAL858 လေယာဉ်သည် ၁၉၈၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ဘဂ္ဂဒက်မှ ဆိုးလ်မြို့သို့ ခရီးသည် ၁၁၅ ဦးအား တင်ဆောင်ပျံသန်းလာချိန်တွင် ပေါက်ကွဲမှုဖြစ်ကာ မြန်မာနိုင်ငံအနီး ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်အား ရှာဖွေရေး၊ ရုပ်အလောင်းများအား ဆယ်ထုတ်ရေးအတွက် တောင်ကိုရီးယား ချန်ဒူးဝန်အစိုးရက ပျက်ကွက်ခဲ့သည်။

၁၉၈၇ ခုနှစ်အတွင်း တောင်ကိုရီးယား အစိုးရက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ၂၀၀၃ မှ ၂၀၀၈ ခုနှစ် ရိုမိုဟွန်းအစိုးရလက်ထက်တွင် စုံစမ်းစစ်ဆေးမှုများအရ ယင်းလေယာဉ်အား မြောက်ကိုရီးယားအေးဂျင့်နှစ်ဦးက ဗုံးခွဲခဲ့ခြင်း ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။

သို့သော် လေယာဉ်ပေါ် လိုက်ပါလာသူများ၏ ကျန်ရစ်သူ ဆွေမျိုးများက ဗုံးခွဲသူများမှ တစ်ဦးဖြစ်သည့် ကင်ဟောင်ဟူး၏ ဝန်ခံချက်မှ လွဲ၍ အခြားသက်သေအချက်အလက်များ မရှိခြင်းကြောင့် အပြည့်အဝ စုံစမ်းစစ်ဆေးမှု လုပ်ရန် ဆက်လက်တောင်းဆိုနေခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီ အစောပိုင်း၌ တောင်ကိုရီးယား MBC ရုပ်သံက ကပ္ပလီပင်လယ်၌ KAL 858 လေယာဉ်ကိုယ်ထည်ဖြစ်နိုင်သည့် အပိုင်းအစကို တွေ့ရှိကြောင်း သတင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့အတွက် ကျန်ရစ်သူ ဆွေမျိုးများက လေယာဉ်အား ဆယ်ယူရေးနှင့် စုံစမ်းစစ်ဆေးမှုများ ပြန်လည် လုပ်ဆောင်ရန် တောင်းဆိုလာခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly